ခွင့်

Thursday, November 6, 2008

ကွန်နက်ရှင်ကခုတလောပိုဆိုးလာသလိုပဲ...ကျော်မရပြုမရနဲ့...လူကလည်းအခြေနေက
တော်တော်လေးဆိုးနေတယ်.စိတ်ကောလူကောကိုအခြေအနေမကောင်းတာ...
လုပ်စရာတွေကအများကြီး..ဘာမှလည်းမလုပ်ချင်ဘူး...မလုပ်လို့လည်းမရဘူး
စိတ်တွေအခြေအနေမကောင်းရင်လုပ်နေကျ အတိုင်းကဗျာတွေဖတ်တယ်..
စိတ်ခွန်အားကိုဖြစ်စေတဲ့ကဗျာမျိုး....လင်းဒီပ ရဲ့ကဗျာ(ပြီးခဲ့တဲ့တနင်္ဂနွေ)လို
လူကိုပျော့ခွေသွားစေမယ့်ကဗျာမျိုးကျတော့
အန္တရာယ်များတယ်...အဲဒီကဗျာဖတ်ပြီးလူက အိပ်မက်ထဲတောင်မှ..ခြောက်သွေ့တိတ်ဆိတ်နေတဲ့လမ်းတွေပေါ်လျှောက်သွားနေမိတာ..
ခြောက်ခြောက်ခြားခြားကြီးကို အထီးကျန်ဆန်လို့...အိပ်မက်ထဲမှာခေါ်တဲ့ဖုန်းတွေကလည်း
ကွန်နက်ရှင်တွေပြတ်လို့ ....ကိုယ့်ဆီမှာက
သူငယ်ချင်းခေါ်စရာ ပန်းခြောက်အိုးလေးတောင်မရှိဘူးဆိုရင် သူသနားရှာမှာပဲ...း)....
ကိုလှသန်းကဗျာတွေကိုအလောတကြီး(ဖတ်စေချင်တဲ့စေတနာနဲ့)
ရိုက်အပြီးမှာလူကခြေကုန်လက်ပမ်းတွေပဲကျလာသလိုနဲ့
ကယောင်ခြောက်ခြားတွေဖြစ်နေလို့....
ပို့စ်လေးတွေမတင်နိုင်သေးရင်ခွင့်လွှတ်ပါလို့....


လက်မရွံ့ကဗျာ

Wednesday, November 5, 2008

ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ

ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့

ခုလိုအခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကိုသတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာသစ္စာတရား

ကျွန်တော့်ရဲ့မိုက်မဲမှုများ
လောကကြီးကအလိုက်သိပါ့မလား

ရေပြင်ရဲ့မာယာကိုမုန်းတယ်
ပိုက်ကွန်ထဲကငါးတွေကိုသနားတယ်
ထောင်ချောက်ကိုလိုက်ရှာနေတဲ့သားကောင်ဆိုတာရှိပါ့မလား
ပျော်ရွှင်မှုဆိုတာလှောင်အိမ်ထဲမှာမမွေးဖွားဘူး

ပြိုင်ကားတစ်စီးလိုဓါတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလိုအသုံးဝင်ချင်တယ်

ရော့ခ်အင်ရိုးတစ်ခေတ်လုံးကိုနားထောင်ခဲ့တယ်
ပွင့်လင်းတဲ့လူ့ဘောင်ကိုမျှော်လင့်မိတယ်
ကဗျာနဲ့ဘ၀ကိုချည်နှောင်ထားခဲတယ်

သူငယ်ချင်းရယ်ဒီဇာတ်လမ်းမှာ
လူဆိုးတွေတစ်ယောက်မှမသေသေးဘူးလား
လူကောင်းတွေဒုက္ခများလှပါပြီကွယ်

အသက်တစ်ချောင်းလုံးဆုံးရှုံ့းမယ်ဆိုရင်
နာမည်တစ်လုံးတော့အဖတ်တင်ချင်တယ်

ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားတွေမပေးကြပါနဲ့
ပြေးစရာမြေမရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ။ ။
လှသန်း



ပိတ်ထားတဲ့နေ့

လမိုက်ည
ကောင်းကင်ကြီးကအမှောင်ထဲလွင့်မျောလို့ရယ်
ကြယ်တွေကမပွင့်တပွင့်
နံရံကမီးခလုတ်ကိုဖွင့်လိုက်တယ်
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

အိမ်တံခါးတွေကိုဖွင့်လိုက်တယ်
နေရောင်ကမပွင့်တပွင့်
ပန်းတွေကပွင့်တချို့ကြွေတချို့
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

သတင်းစာကိုဖွင့်ကြည့်တယ်
ရေဒီယိုကိုဖွင့်ကြည့်တယ်
ရုပ်မြင်သံကြားကိုဖွင့်ကြည့်တယ်
ကိုယ့်ရင်ဘတ်ကိုယ်တော့ဖွင့်ကြည့်လို့မရ
နေ့ကတော့ပိတ်ထားဆဲ

ဘယ်လိုလုပ်ကြမလဲ
နေ့တဓူဝ(နိစ္စဓူဝ) ဒေါသတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
နေ့စဉ်နဲ့အမျှဆာလောင်မှုတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
သားကြောဖြတ်ခံလိုက်ရတဲ့အနာဂါတ်အတွက်
ဘယ်လိုလုပ်ကြမလဲ
ဘယ်လိုလုပ်ကြမလဲ
နေ့ကတော့ပိတ်ထားဆဲ
ပိတ်ထားတဲ့နေ့ကိုဖွင့်ဖို့သော့တစ်ချောင်း
ဘယ်သူ့ဦးခေါင်းထဲမှာရှိသလဲ
ကျွန်တော်လိုက်ကြည့်နေမိတယ်။

ပိတ်ထားတဲ့နေ့ကိုဖွင့်မယ့်သော့တစ်ချောင်း
ကျွန်တော့်လက်မောင်းမဖြစ်နိုင်ဘူးလား။ ။
လှသန်း



လူသားဆန်ချင်တာတရားတယ်


မြစ်တစ်စင်းနဲ့အတူပူးချည်
စွန့်စွန့်စားစားစီးဆင်းခဲ့တယ်
တစ်ခါမှမမြင်ဘူးတဲ့နေ့တွေကိုမြင်ချင်လွန်းလို့ပါ။

မြေပုံမှာမပါတဲ့ကျွန်းတွေ
ပင်လယ်ထဲမှာအများကြီးရှိတယ်
ရေထဲကငါးကို
လေထဲမှာပျံနေတဲ့သိမ်းငှက်ကဖမ်းယူစားတယ်
ဒါသဘာဝပဲလား
နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားရင်
ဘာတွေမြင်ရဦးမလဲ

ကမ္ဘာပေါ်မှာ
မနက်ဖြန်ကိုမြင်ရတဲ့နေရာတွေလည်းရှိ
မနက်ဖြန်ကိုမမြင်ရတဲ့နေရာတွေလည်းရှိ
ကိုယ်ရောက်နေတဲ့နေရာကို
ကိုယ့်ဟာကိုယ်သိဖို့အရေးကြီးရဲ့

မိတ်ဆွေတစ်ယောက်ပြောတာသတိရမိတယ်
အခန်းတစ်ခန်းလိုချင်တယ်တဲ့
အေးအေးဆေးဆေးဘုရားရှိခိုးဖို့
အမူးလွန်တဲ့အခါထိုးအန်ဖို့
အမျိုးသမီးတစ်ယောက်ကိုဧည့်ခံဖို့တဲ့
အိုး…လူသားဆန်လှချည်လား

ကျွန်တော်ကရောဘာထူးလို့လဲ
အာဇာနည်တွေကိုလေးစားမယ်
ကိုယ်ဟန်ပြမယ်တွေကိုပြစ်မှားမယ်
ထမင်း၀၀စားချင်တယ်
ဒါလည်းလူသားဆန်ခြင်းတစ်မျိုးဖြစ်နိုင်ရဲ့

ဒါပေမယ့်ရှေ့မှာ
ဂျူးလူမျိုး ခြောက်သန်းကျော်သေခဲ့ပြီးပြီ
ကမ္ဘောဒီယားပြည်သူတစ်သန်းကျော်သေခဲ့ပြီးပါပြီ
ဘ၀ပေါင်းများစွာကိုလျှောဖွပ်ဖို့
လွတ်လပ်မှုရှိမှဖြစ်မယ်

မျှော်လင့်ချက်တွေဟာလုပ်ကြံခံလိုက်ရတယ်
အနာဂါတ်ကတော့အသက်ငင်နေဆဲ
မကြာခင်ရှင်ပြန်ထမြောက်လေမလား

စိတ်ဓါတ်ကျစရာအကြောင်းမရှိ
နောင်တရစရာအကြောင်းမရှိ
ဟောဒီ့ညတစ်ညရဲ့လိုအပ်ချက်ဟာ
“မ” ဓါတ်ဖြစ်နေတာသေချာခဲ့ပြီပဲ..။ ။
လှသန်း



မိမိကိုယ်ကိုအဓွန့်ရှည်ရေး

နာရီလက်တံက
ကျွန်တော့်ကိုရန်စနေတယ်
အချိန်သိပ်မကျန်တော့ဘူးတဲ့

ကျွန်တော်စီးထားတဲ့ဖိနပ်ပ့
ကျွန်တော့်လွတ်လပ်မှုကိုအဆုံးသတ်သွားစေရဲ့
မာရ်နတ်ခမျာ
ကျွန်တော့်ဓါတ်ခံကိုမသိရှာဘူး

တစ်ချိန်ချိန်မှာ
ကျွန်တော့်ရဲ့ဆုံးရှုံးမှုတွေဟာ
အမှတ်တရရုပ်တုတွေဖြစ်ချင်ဖြစ်လာမှာပေါ့

ခုတော့ကောင်းသောနေ့နှင့်တွေ့ခွင့်မရှိ
မိုးလေ၀သမှန်ကန်ဖို့သာ
အသံချဲ့စက်ကိုအသုံးပြုခဲ့ပါတယ်

နေ့စဉ်ဇယားမှာ
ထမင်းစားမကောင်းတဲ့အခါလည်းရှိ
ခေါင်းကိုက်တဲ့အခါလည်းရှိ
တစ်ခုခုကိုရိုက်ခွဲချင်တဲ့အခါမျိုးလည်းရှိတာပေါ့

မလျှော့သောဇွဲနဲ့
အသည်းကွဲလဲကွဲပစေ
ကိုယ့်စိတ်နဲ့ကိုယ်အတူမနေရတာ
ရင်နာဖို့ကောင်းတယ်

ကံကြမ္မာအလှည့်အပြောင်းမှာ
စုဆောင်းထားတဲ့သဲလွန်စတွေအတွက်
တရားခံပြသက်သေဖြစ်ချင်တယ်

ချစ်လှစွာသောဖေဖေနဲ့မေမေ
ကျွန်တော်အဓွန့်ရှည်ဖို့
ကျွန်တော်သေချာခဲ့ပါပြီ။ ။
လှသန်း



လူငယ်ဘ၀ကွယ်လွန်ခြင်း

ကျွန်တော်ရဲ့လူငယ်ဘ၀လေးမှာ
ဘာသာစကားပြောသင်တန်းတွေ
ကွန်ပျူတာသင်တန်းတွေ
အောင်လက်မှတ်တွေမရှိခဲ့ပါ

ကျွန်တော်ရဲ့လူငယ်ဘ၀လေးမှာ
ဗီဒီယိုဂိမ်းတွေ
ကာရာအိုကေတွေ
စိတ်ကြွဆေးပြားတွေလည်းမရှိခဲ့ပါ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်သေတ္တာပဲရှိခဲ့ပါတယ်

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ရုပ်ရှင်ရုံသည်သာအငြိမ်းချမ်းဆုံးနားခိုရာ
တစ်ခါတရံစိတ်ပြေပျောက်စရာ
အပြာရောင်စာအုပ်များနဲ့သာ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
စက်ဘီးလေးတစ်စီးတောင်မရှိခဲ့သလို
ရည်းစားလည်းတစ်ယောက်မှမရှိခဲ့ပါ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ဘီယာဆိုင်တွေနိုက်ကလပ်တွေမရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်သာ
ကျွန်တော့်ရဲ့ကမ္ဘာ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ခပေါင်းစီးကရက်တစ်ဘူးနဲ့
မြို့ပတ်ရထားကိုမူးအောင်စီးခဲ့ဖူးပါတယ်

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
လူငယ့်ရေးရာညကျောင်းတစ်ကျောင်းရှိခဲ့သလို
ရန်ကုန်မြို့လည်ပလက်ဖောင်းဟာလဲ
သင်တန်းကျောင်းကြီးတစ်ကျောင်းပါပဲ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ဒိုင်ယာရီစာအုပ်လွယ်အိတ်ထဲထည့်လို့လျှောက်သွားခဲ့တာ
အသည်းကွဲသီချင်းတွေအော်ဆိုခဲ့တာ
အနာဂါတ်လွမ်းချင်းကဗျာတွေရေးသားခဲတာ

အခုတော့
ကျွန်တော့်ရဲ့လူငယ်ဘ၀လေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တစ်တိုင်းပြည်လုံးကိုဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့လူငယ်ဘ၀လေးဟာ
နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပါပြီ။ ။
လှသန်း



ပြီးပြည့်စုံတဲ့ကမ္ဘာ

မှုန်နေတဲ့မျက်လုံးတွေအတွက်
မျက်မှန်အကောင်းစားတွေရှိခဲ့ပြီ

ပိတ်နေတဲ့နှာခေါင်းတွေအတွက်
ဟင်းခတ်အမွှေးအကြိုင်တွေရှိခဲ့ပြီ

လေးနေတဲ့နားတွေအတွက်
ဥသြဆွဲသံတွေရှိခဲ့ပြီ

အဆီပြန်မျက်နှာတွေအတွက်
ရေခဲစိမ်မျက်နှာသုတ်ပုဝါတွေရှိခဲ့ပြီ

နံစော်နေတဲ့ခန္ဓာကိုယ်တွေအတွက်
ကမ္ဘာကျော်ရေမွှေးတွေရှိခဲ့ပြီ

ညောင်းညာနာကျင်ကိုက်ခဲမှုတွေအတွက်
ပြည်တွင်းဖြစ်ဒါဏ်ကြေလိမ်းဆေးတွေရှိခဲ့ပြီ

မှိုတက်နေတဲ့သီချင်းတွေအတွက်
ဓါတ်ပြားအသစ်တွေရှိခဲ့ပြီ

လိမ်ညာနေတဲ့ကဗျာတွေ၊၀တ္ထုတွေအတွက်
မသမာတဲ့စာမျက်နှာတွေရှိခဲ့ပြီ

ဖုံတက်နေတဲ့သတင်းစာတွေအတွက်
လျှာထွက်နေတဲ့ချိန်ခွင်တွေရှိခဲ့ပြီ

အညောင်းမိနေတဲ့ဦးနှောက်တွေအတွက်
ဘက်လိုက်တတ်တဲ့ကွန်ပျူတာတွေရှိခဲ့ပြီ

စိတ်ကူးတွေထင်ရာစိုင်းးဖို့အတွက်
နောက်ခံသမိုင်းအချက်အလက်တွေရှိခဲ့ပြီ

ပုတ်သိုးတဲ့ခန္ဓာကိုယ်တွေအတွက်
လတ်ဆတ်တဲ့အစားအစာတွေရှိခဲ့ပြီ

မစင်ကြယ်တဲ့အာရုံတွေအတွက်
ဝိပဿနာတရားတွေရှိခဲ့ပြီ

မလွတ်မြောက်နိုင်တဲ့ဘ၀တွေအတွက်
မဂ္ဂင်ရှစ်ပါးရှိခဲ့ပြီ။ ။
လှသန်း
(အံ့သြစရာကောင်းတာက ဒီကဗျာဟာကိုလှသန်းလက်ရာလို့ကျွန်မကမယုံချင်တာပါပဲ…)





ကမ္ဘာကြီးနောက်ကိုလျှောက်မလိုက်နိုင်ဘူးမေမေ

ကမ္ဘာကြီးနောက်ကို
လျှောက်မလိုက်နိုင်ဘူးမေမေ
ကျွန်တော့်နောက်ကိုသာ
ကမ္ဘာကြီးလျှောက်လိုက်စေချင်တာ
အဲဒီအတွက်ဒါဏ်ရိုက်ခံရမယ်ဆိုရင်လည်းခံလိုက်မယ်

အင်တာနက်ခေတ်မှာ
အင်ဗာတာကောင်းကောင်းမသုံးနိုင်လို့
ဖယောင်းတိုင်နဲ့နေခဲ့ရတဲ့ညတွေလည်းများလှပါပြီ

ကမ္ဘာရွာကြီးထဲမှာ
တစ်နေ့တစ်ခြားတံငါတွေများများလာ
မုဆိုးတွေများများလာ
အဲဒီကြားထဲမှာ တံငါနားနီးတံငါ
မုဆိုးနားနီးမုဆိုး မဖြစ်ခဲ့တာကိုပဲဂုဏ်ယူပါရစေ

ဟိုဟာလမ်းညွှန်
ဒီဟာလမ်းညွန်
လမ်းညွှန်စာအုပ်တွေအလယ်မှာ
ကိုယ်သွားရမယ့်လမ်းကို
ကိုယ့်ဟာကိုယ်ပဲရှာဖွေရွေးချယ်ခဲပါတယ်

အိမ်ခန်းထဲပြန်လှည့်ကြည့်လိုက်တော့လည်း
ဇိမ်ခံပစ္စည်းဆိုလို့
နဲ့နေတဲ့ပက်လက်ကုလားထိုင်အိုတစ်လုံးရယ်
ဓါတ်ခဲရေဒီယိုလေးတစ်လုံးရယ်
ဆေးပေါ့လိပ်တိုတွေပဲရှိပါတယ်

ဈေးကွက်စီးပွားရေးခေတ်မှာ
ပဲပြုတ်နဲ့ဝေးခဲ့ရ
ပဲပင်ပေါက်နဲ့ဝေးခဲ့ရ
နောက်ဆုံးဈေးနဲ့တောင်ဝေးခဲ့ရပါပြီ

ဂလိုဘယ်လိုင်ဇေးရှင်းဆိုတာကြီးကို
မေမေ့ကိုကျွန်တော်ဘယ်လိုရှင်းပြရမလဲ

တစ်ခါတစ်လေနောက်ဘ၀ကိုမေ့နေသလို
အနာဂါတ်ကိုမေ့နေမိတယ်
ဒါပေမယ့်တတိယလှိုင်းဆိုတာကြီးက
ကျွန်တော်တို့ထမင်းဝိုင်းထဲဝင်လာခဲ့ပြီလေ

ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးနောက်ကို
လျှောက်မလိုက်နိုင်ဘူးမေမေ
ကျွန်တော့်နောက်ကိုသာ
ကမ္ဘာကြီးကိုလျှောက်လိုက်စေချင်တာ
အဲဒီအတွက်ဒါဏ်ရိုက်ခံရတာတွေလည်းများလှပါပြီမေမေ။ ။
လှသန်း



လင်းနို့များ
ဟောဒီကဗျာ
လင်းနို့တို့ပျံသလိုအမှောင်မှာ
အတားအဆီးများရှောင်နိုင်ပါစေ

ကမ္ဘာကြီးလုံးတယ်ဆိုတာသေချာမှတော့
မျက်လုံးမျက်လုံးချင်း
ဖုန်းဆက်ဖို့လိုသေးလား
နားရွက်နားရွက်ချင်း
ကြိုးညှိဖို့လိုသေးလား
ပါးစပ်ပါးစပ်ချင်း
တံတားထိုးဖို့လိုသေးလား

ဆွေးနေတဲ့အသားစကို
ဘယ်လိုချုပ်ရိုးတွေနဲ့ဆက်စပ်ဦးမှာလဲ
ဆိုးဖော်မိုက်ဖက်သူငယ်ချင်းတို့ရေ
သေသူကသေရှင်သူကရှင်
ဝင်သူက၀င် ထွက်သူကထွက်နဲ့

မြောက်ဖက်အရပ်ကလေတွေတိုက်ရင်
တစ်ခုခုကိုနင်နေတဲ့လည်ချောင်းနဲ့
သီချင်းဟောင်းတွေကို
တစ်ပုဒ်ပြီးတစ်ပုဒ်ချွေချနေမိတယ်

တကယ်တော့ဂျင်းဘောင်းဘီဆိုတာ
ရွှေတူးသမားတွေကစ၀တ်တာပါ
ပုရစ်တွေအသက်စွန့်သွားတဲ့နိုဝင်ဘာမှာ
အောင်ပွဲခံကဗျာ ၂ပုဒ် ၃ပုဒ်နဲ့
ဒုက္ခစရိယာကျင့်နေမိတယ်

ခုတော့ငါ့ကဗျာ
လင်းနို့များလိုညရဲ့ကျောပြင်မှာ
ဘာမှန်းမသိတဲ့တစ်စုံတစ်ရာကိုလိုက်လံရှာဖွေဆဲ။ ။
လှသန်း



မတည်ဆောက်ရသေးတဲ့ကဗျာ

အာပူးရဲ့ကဗျာကိုကြည့်ခဲ့ပြီးပြီ
ခရစ္စတီနာရဲ့ကမ္ဘာကိုကြားခဲ့ပြီ
ဆူဇီဝေါင်းရဲ့ကမ္ဘာကိုမြင်ခဲ့ပြီ
ဆိုဖီရဲ့ကမ္ဘာကိုဖတ်ခဲ့ပြီ

ကျွန်တော်ရဲ့ကမ္ဘာကို
ဘယ်လိုအာကာသမှာတည်ဆောက်ရမှာလဲ

နူဘီယန်ကျွန်တစ်ယောက်လိုနေခဲ့တယ်
ဘိုဟီးမီးယန်းတစ်ယောက်လိုနေခဲ့တယ်
စတာလင်ခေတ်ကဗျာဆရာတစ်ယောက်လိုနေခဲ့တယ်

ကျွန်တော့်ရဲ့ကမ္ဘာကို
ဘယ်လိုအာကာသမှာတည်ဆောက်ရမှာလဲ

ဂျင်းနစ္စဂျိုပလင်ကိုသဘောပေါက်ခဲ့တယ်
ဖရက်ဒီမာကျူရီကိုသဘောပေါက်ခဲ့တယ်
တတိယလိင်ကိုသဘောပေါက်ခဲ့တယ်

ကျွန်တော့်ရဲ့ကမ္ဘာကို
ဘယ်လိုအာကာသမှာတည်ဆောက်ရမှာလဲ

သူတော်စင်တစ်ယောက်လိုအတောင်မပေါက်ခဲ့ဘူး
တစ်ခါမှလူ့လောကကြီးကိုသစ္စာမဖောက်ခဲ့ဘူး
လူပျိုပေါက်ကတည်းက အနုပညာနဲ့မှောက်မှားမိခဲ့တယ်

အို..အယ်လ်ဗင်တော်ဖလာ
ခင်ဗျား..သိပ်နောက်ကျသွားပါပြီ။ ။
လှသန်း


ကိုလှသန်းရဲ့ကဗျာတွေကဒီမှာပြီးပါပြီ။နောက်မှာ “ဂုဏ်ပြုကဗျာ”ဆိုတာ ၂ပုဒ်ပါပါသေးတယ်။


လှသန်းအတွက်သာမန်ကဗျာရိုးရိုးတစ်ပုဒ်

သူလာတယ်
မိုက်ကြွေးတင်အထပ်ထပ်တင်ဖို့
မှန်ဘီလူးလိုလောကကိုဇောက်ထိုးကြည့်ပြီး
ပုံရိပ်အတည့်ပြန်ဖော်ဖို့
နေ့ကိုညလုပ်ပြီး ညကိုနေ့လုပ်ဖို့
ပင်လယ်လောက်ဒုက္ခကြီးတွေကိုထမ်းပိုးဖို့

သူလာတယ်
ခါချဉ်ကောင်လိုမသန်တဲ့ခါးနဲ့
ပီဆာမျှော်စင်ကြီးစောင်းနေတာပြန်တည့်ဖို့
တံထွေးတပျစ်ပျစ်ထွေးလိုက်
နတ်စကားပြောလိုက်လုပ်ဖို့
ကိုယ့်ရုပ်မှကိုယ်အားမနာ
ရေသူမတွေနဲ့ရည်းစားထားဖို့

သူလာတယ်
စုန်းလိုတောက်တဲ့မျက်လုံးနဲ့
အချိုးမတည့်တာတွေစုပ်ယူပြီး
သူ့ကိုယ်ပိုင်မာကျောစတိုင်လ်နဲ့ရောမွှေကာ
လူတာရဲ့မျက်မုန်းကျိုးမှုကိုခံယူဖို့

သူလာတယ်
မြစ်ရဲ့အောက်ခြေမှာ
တီကောင်မပါတဲ့ငါးမျှားချိတ်နဲ့
ရွှေဒင်္ဂါးပြားတွေကိုမျှားဖို့
အသက်မပါခြောက်ကပ်ကပ်ရယ်သံနဲ့
ကလင်တန်ကိုဟားဖို့

သူလာတယ်
“ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်ပေတော့…” လို့
ကဗျာဆရာဆိုတဲ့လူတွေကိုတပ်လှန့်ဖို့
နိုဘယ်ဆုရတယ်လို့
အိပ်မက်လိုလို တကယ်လိုလို
ပါးစပ်အရသာခံဖို့

မအေပေး
ကဗျာတော့ တော်တော်အရေးကောင်းတဲ့ကောင်။ ။
ခင်အောင်အေး
၂၆-၁၁-၉၉


လက်မရွံ့ကဗျာဆရာတစ်ယောက်အကြောင်း

အပြင်မှာမှောင်မည်းနေတဲ့ည
အားနည်းတဲ့မီးရောင်အောက်က
အဖြူရောင်စာရွက်တွေပေါ်မှာ
သံမဏိရောင်ဘောလ်ပင်တစ်ချောင်း
သင်ဘာတွေရေးသားနေပါလိမ့်

ဟောဒီမိုးအုပ်နေတဲ့ကောင်းကင်
မီးခိုးရောင်အခန်းကျဉ်းထဲက
ခုတင်တစ်လုံးပေါ်မှာ
ရေဒီယိုကိုင်ရင်းအလုပ်ရှုပ်နေသူ
သင်ဘာတွေများနားထောင်နေပါလိမ့်

ကိုယ့်နာမည်ကိုယ်ချရေးဖို့
အကြွေးကျန်နေသောစာမျက်နှာများ
လက်မောင်းသွေးကိုဖောက်ခဲ့ပေမယ့်
လျော်ကြေးမရလိုက်တဲ့နစ်နာမှု
အစွန်းအထင်းများတဲ့ကိုယ်ရေးရာဇ၀င်နဲ့
သွားခေါခေါဆံပင်ရှည်ရှည်တစ်ယောက်ဟာ
ဝင်သွားတဲ့နေကိုဆယ်ယူဖို့
ပင်လယ်ကိုထွက်သွားပါပြီ။ ။
မင်းနိုင်သား


လက်မရွံ့ကဗျာ

လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၂)

ညနေစောင်းထိုင်ခုံပေါ်မှာ
သရုပ်ဆောင်ကောင်းတဲ့နားရွက်တစ်စုံနဲ့
ဝါရှင်တန်ကိုနားထောင်တယ်
လန်ဒန်ကိုနားထောင်တယ်
ရန်ကုန်ကိုနားထောင်တယ်

ခုံမင်စရာကောင်းတဲ့ကမ္ဘာကြီးပေါ်မှာ
ပြင်းထန်တဲ့ယုံကြည်ချက်တွေရှိနေရဲ့

ရေစီးကြောင်းတွေကို
ပြောင်းပြန်လှန်ကြည့်ရတာ
အရသာမတွေ့ဘူးလား
နှလုံးသားထဲက ပထ၀ီဝင်အတွက်
ဦးနှောက်ထဲကသမိုင်းအတွက်
လှိုင်းလုံးကြီးတွေတည်ဆောက်ကြည့်တယ်
မဟာတံတိုင်းကြီးးကိုလည်းခေါင်းနဲ့ပြေးဆောင့်မိတယ်

တစ်ခါကအဆောက်အဦသုတေသနဌာနမှာ
ငါဟာအလုပ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်
အဆောက်အဦတွေရဲ့အတွင်းရေးကို
သိသင့်သလောက်တော့သိခဲ့ပါရဲ့

ခုတော့ငါဟာ လက်မရွံ့ကဗျာဆရာ
လူနာတွေမရှိပဲဆရာဝန်တွေရှိပါ့မလား
ဘဏ်တိုက်တွေမရှိပဲဘဏ်ဓါးပြတွေရှိပါ့မလား

ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့အသံကိုထွင်းထုလိုက်မယ်
တစ်ချိန်ချိန်မှာမတန်တဆအနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာရှင်ပြန်ထမြောက်လာမယ်

ငါ့ကိုယ်ငါသရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကိုသစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာထီးတော်သစ်တင်လှူပူစော်ဖို့
မြန်မာကဗျာတွေကိုပထမဆုံး သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။ ။
လှသန်း


လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၃)

ဖြစ်နိုင်ရင်
အံသွားအသစ်လဲချင်တယ်
အဆုတ်အသစ်လဲချင်တယ်
ဦးနှောက်နဲ့အသည်းနှလုံးကိုဒီတိုင်းထားလိုက်ပါတော့
နှစ်နှစ်ခြိုက်ခြိုက်မှားခဲ့ပြီပဲ

အရသာခံတယ်
ကင်တာကီကြက်ကြော်ကိုအရသာခံတယ်
စကော့ခ်ျဝီစကီကိုအရသာခံတယ်
ဟောလီးဝုဒ်ရုပ်ရှင်တွေကိုအရသာခံတယ်
ပုံနှိပ်စာလုံးတွေကိုအရသာခံတယ်
ဆန့်ကျင်ဖက်လိင်ကိုအရသာခံတယ်
ငွေစက္ကူတွေကိုအရသာခံတယ်

အာသာမပြေဘူး
အင်းစတန့်အစားအစာတွေနဲ့အာသာမပြေဘူး
ခပ်ညံ့ညံ့ဘီယာတွေနဲ့အာသာမပြေဘူး
အပေါစားအိပ်ယာတွေနဲ့အာသာမပြေဘူး
သွေးပြန်ကြောထဲတိုက်ရိုက်မရောက်တဲ့အနုပညာနဲ့
အာသာမပြေဘူး
သံဆူးကြိုးပတ်ထားတဲ့ဖယောင်းတိုင်အလင်းနဲ့
အာသာမပြေဘူး
ကာကီရောင်မိုးဥတုနဲ့အာသာမပြေဘူး
အာသာမပြေဘူး
အာသာမပြေဘူး

သဘောင်္မြုပ်မှာကိုကြိုသိနေတဲ့ကြွက်တစ်ကောင်
စာရွက်တစ်ရွက်လိုဆုပ်ဖြဲခံရခြင်းများ
ရွဲ့စောင်းသွားတဲ့အာရုံမြင်လက်ရေး
လည်ချောင်းထဲနင်နေတဲ့အိပ်မက်
ထွေးထုတ်လို့မရတဲ့သက္ကရာဇ်
ရင်ဘတ်ပေါ်ပြုတ်ကျလာတဲ့ကြယ်တစ်ပွင့်
သော့တူတစ်ချောင်းလိုပရိယာယ်
ကွယ်လွန်သွားပြီဖြစ်သောလပြည့်ည
ဒါတွေဟာငါတွေ့ခဲ့တဲ့မီးခိုးလုံးတွေ

မိုးတိမ်တွေအရည်ဖျော် ခေါင်းလျှော်ပြီးပြီ
နားထင်ရောက်နေတဲ့သွေးနဲ့ခြေဆေးဖို့
ကမ္ဘာ့မြို့ကြီးအားလုံးကိုအကြောင်းကြားလိုက်ပါတယ်

မွေးမြူရေးငါးတစ်ကောင်မဟုတ်ခဲ့တာကို
ဂုဏ်ယူပါရစေ။ ။
လှသန်း



ကဗျာတစ်ပုဒ်ရဲ့နာရေး

သံမဏိ၊ကွန်ကရစ်
အီလက်ထရွန်းနစ်
ကွန်ပြူတာချစ်ပ်တွေနဲ့တည်ဆောက်ထားတဲ့
အမှည့်လွန်ကမ္ဘာကြီးထဲမှာ
သင့်ရဲ့အာသာငမ်းငမ်းစားသုံးမှုကဘာလဲ
သင့်ရဲ့အကြီးမားဆုံးတင်ပို့မှုကဘာလဲ

မေးခွန်းတွေကြောင့်ချော်လဲသွားနိုင်ရဲ့

ကျောင်းသား
အလုပ်သမား
နိုင်ငံရေးအကျဉ်းသား
အနုပညာစားသုံးသူ
ဘ၀ဇယားမှာအပြောင်းအလဲတွေအများကြီးရှိခဲ့ပြီ

ယုတ္တိရှိတဲ့အလဲအလှယ်တွေ
ကန့်သတ်အောင်ပွဲတွေ
စိတ်ပျက်လက်ပျက်အတည်ပြုချက်တွေ

အဂ္ဂါအယ်လင်ပိုးကနေပီမိုးနင်းအထိ
မြို့မငြိမ်းကနေကာ့တ်ကိုဘိန်းအထိ
ကိုရာဇန်အကွီနိုကနေ မီဂ၀တီဆူကာနိုအထိ
ဆက်သွယ်ကြည့်မိတဲ့မျဉ်းကြောင်းတွေ
အား… ! ညနေတောင်စောင်းသွားပြီ

ဘာမဆိုဈေးကြီးပေးဝယ်နေရတဲ့ခေတ်
နွံနစ်နေတဲ့လှည်းဘီး
ကြိုးဝိုင်းထဲပီယာနိုတီးသူ
စုံလုံးကန်းနေတဲ့ဒိုင်သူကြီးများ
ညနေစာကငါ့ကိုပြန်စားတဲ့ည
စော်ကားမှုဟာသိမ်မွေ့လွန်းတယ်

လရောင်မှာလိင်ဆွဲဆောင်မှုရှိပါသလား
တက္ကစီလှမ်းတားလိုက်လေ
စီးပွားရေးမဂ္ဂဇင်းတစ်အုပ်ထဲမှာ
“မွေ့ယာဆိုတာလည်းရင်းနှီးမြုပ်နှံမှုတစ်မျိုးပါပဲ” တဲ့

ဒါခပ်ညံ့ညံ့ရုပ်ရှင်တစ်ကားမဟုတ်ဘူး
မျက်နှာမသစ်ခင်ရောက်လာတဲ့မေးခွန်းတွေအတွက်
အပူတပြင်းရေးလိုက်တဲ့ကဗျာ
နာရေးကြော်ငြာတစ်ခုလည်းဖြစ်နိုင်ရဲ့။ ။
လှသန်း


လက်မရွံ့ကဗျာ

နာမကျန်းသောနေ့ရက်များ
ပြန်ဖို့ရာအိမ်အဆင်သင့်
သွားဖို့ရာသံသရာအဆင်သင့်
နာဖို့ရာ ခန္ဓာကိုယ်ဆင်သင့်

နာခြင်းပင်လယ်ကိုရွက်လွှင့်ပြီးမှ
ပြန်လည်ရှင်သန်ခြင်းကမ်းခြေမှာ အပမ်းဖြေရမလား
ဒါမှမဟုတ်
သေခြင်းကျွန်းစုဆိုက်ကပ်မှာလား

လောလောဆယ်မှာ
စိတ်ဓါတ်ကဘယ်လိုရှိပါသလဲ

ရုပ်ကသာဆေးရုံပေါ်မှာ
စိတ်ကဘရော့ဒ်ဝေးဇာတ်ခုံပေါ်ရောက်နေ

ရုပ်ကသာလူနာကုတင်ပေါ်မှာ
စိတ်ကတိန်အန်မင်ရင်ပြင်ရောက်နေ

ရုပ်ကသာအိပ်ယာပေါ်မှာ
စိတ်က ကားလ်းပေါ့ပါး ရဲ့စာအုပ်ထဲမှာ

ရုပ်ကသာပြိုလဲကျနေ
စိတ်ကလွတ်လပ်ရေးကျောက်တိုင်လိုမားမားမတ်မတ်

ငုတ်တိုင်ကကြိုးမပြတ်သေးသ၍
ကျွန်တော့်မှာသတ္တိရှိပါတယ်။ ။
လှသန်း





နာမည်တစ်ခု၏ဈာပန

(၁)
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ်ဖတ်နေမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်နားထောင်နေမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ရုပ်ရှင်တွေတစ်ကားပြီးတစ်ကာကြည့်နေမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
မိန်းမတစ်ယောက်နဲ့မှားယွင်းငြိစွန်းမိတယ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
အနာဂတ်ကိုရိသဲ့သဲ့လုပ်နေမိတယ်။

(၂)
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ပျားရည်နှင့်သွန်းလောင်းပြုလုပ်ထားသောသန္ဓေသား
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
အထိအတွေ့မှာမကြာခဏလူးလွန့်မိတဲ့မိန်းမပျိုလိုမြစ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ဦးခေါင်းတွေထဲတိုးလျှိုပေါက်ဖြတ်စီးသွားမယ့်ခေတ်
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
နွေဦးကြိုတေးသွားကိုညည်းတွားနေတဲ့ကြေးဝါရွက်အိုများ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
သတင်းကွန်ယက်ထဲမှာကိုယ့်ကိုယ်ကိုလက်သပ်မွေးနေသူ

(၃)
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ
ကျွန်တော့်ကိုဘယ်သူမှသေသေချာချာမသိကြပါ။ ။
လှသန်း





နာမည်များနဲ့နေ့တစ်နေ့


မှောင်ရီပျိုးမိုးချုပ်တာနဲ့
ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်မိတယ်
“ ဒီနေ့ကိုမိမိရရ ဆုပ်ကိုင်မိရဲ့လား” လို့

လက်ထဲကအရက်ခွက်ရေ
မင်းငါ့ကိုပြက်ရယ်ပြုနိုင်ပါတယ်
တကယ်တမ်းကျတော့လည်း
ပြောစရာစကားက မယ်မယ်ရရမရှိလှ
“ကူရိုဆာဝါ” တဲ့
“ကက်သရင်းဒင်းနျုဗ် ” တဲ့
“ ထရူးမင်းကပို့တ် ” တဲ့
“ အင်ဒီဝါးဟိုး” တဲ့

လွယ်လွယ်လေးမှားလိုက်ကြ
ပန်းချီဆရာကပြောတယ်
“မဲလ်ဂစ်ဘဆင်နဲ့ငါကအသက်တူတူ…”တဲ့

လွယ်လွယ်လေးမှားလိုက်ကြ
ချာတိတ်မကပြောတယ်
“ကျွန်မဖြစ်နေပြီ”တဲ့

လွယ်လွယ်လေးမှားလိုက်ကြ
မိတ်ဆွေကပြောတယ်
“ ကိုယ့်နံရိုးနဲ့ကိုယ်ပြန်ရိုက်ခံရတာလောက်
နာတာမရှိဘူး” တဲ့

မြစ်တွေဟာမဖြောင့်မတ်သလို
ကံကြမ္မာဆိုတာဒေါင့်ဖြတ်မျဉ်းတစ်မျိုးပ
ဆိုက်ဗေးရီးယားကျောရိုးမဟုတ်ပါဘူး

ဒဏ္ဍာရီဆန်ဆန်မာကျောမှုမျိုးကိုပြသ
ပင်ကိုယ်ဗီဇနဲ့စိတ်အားထက်သန်
သြော်..ဂျင်မော်ရစ်ဆန်လည်းသေခဲ့ပြီ
ခု..ကာ့တ်ကိုဘိန်းလည်းသေသွားပြန်ပြီ

ပျင်းပျင်းရှိတိုင်း
ရှုခင်းတွေပြတင်းပေါက်ထဲထည့်ဖျော်သောက်
ကြောက်ရွံ့နေမိတယ်

ခင်ဗျားအိပ်ယာထဲကို
ဆီလ်ဗီယာပလာ့သ်ရောက်ဖူးလား
မာရီလင်မွနရိုးရောက်ဖူးလား
(အဲဒီမိန်းမသုံးယောက်စလုံး)
ကိုယ့်ကိုယ်ကိုသတ်သေသွားတာ….

ကောင်းပြီ
ဟောဒီအမှောင်ထုထဲမှာ
ဘာမဆိုဖြစ်နိုင်တယ်
ဒါပေမယ့်…ချစ်နိုင်စွမ်းကိုမြှင့်တင်ကြ။ ။
လှသန်း


လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၁)

လက်တစ်ကမ်းမှာ
အောင်မြင်မှု၊သေခြင်းတရားနဲ့
မှုန်ဝါးဝါးရာစုအသစ်တစ်ခုရှိရဲ့

မိန်းမတစ်ယောက်ကကျွန်တော့်ကိုစောင့်နေတာလား
ကျွန်တော်ကမိန်းမတစ်ယောက်ကိုစောင့်နေတာလား
ခြေလှမ်းတွေမှာအပြစ်မရှိ

သိပြီးသားကိစ္စတွေပါ
လိုအပ်နေတာ ခရက်ဒစ်ကတ်လဲမဟုတ်
ဇိမ်ခံကားလည်းမဟုတ်
ကွန်ဒိုမီနီယမ်လည်းမဟုတ်
ဒီနေ့လိုအပ်နေတာက
လွတ်လပ်မှုနဲ့ထိမ်းမြားလက်ထပ်ဖို့သာ
ဒါပေမယ့်စေ့စပ်ကြောင်းလမ်းခြင်းတောင်မအောင်မြင်

ခက်တာက
ဘုရားသခင်ကလည်းကိုယ့်ဘက်မှာမရှိ
ရာသီဥတုကလည်းကိုယ့်ဘက်မှာမရှိ
ဖြစ်နေပုံကမချိမဆန့်
ဒါပေမယ့်လိပ်ပြာသန့်ခဲ့တယ်

ရထားကဘူတာရုံကိုလိုက်ရှာနေတာလား
ဘူတာရုံကရထားကိုလိုက်ရှာနေတာလား
သံလမ်းတွေမှာခံစားချက်မရှိ
ပူပြင်းတဲ့ခေါင်းစဉ်ကိုသယ်ထမ်းရင်း
ဘယ်နှစ်ယောက်လောင်ကျွမ်းခဲ့ပြီလဲ
ကိန်းဂဏန်းအတိအကျ မဖော်ပြနိုင်
“ပြုတ်မကျစေနဲ့…
ပြုတ်မကျစေနဲ့….”တဲ့
ငါ့ကိုဆွဲမထားတဲ့အရာကဘာများပါလိမ့်

ငြီးငွေ့မှုတွေကစခဲ့တာလား
တပ်မက်မှုတွေကစခဲ့တာလား

ဒီဘ၀အတွက်မလေးရှားမှာကားရေဆေးတယ်
နောက်ဘ၀အတွက်ကဗျာရေးတယ်
ဒါဟာကျွန်တော်နဲ့လောကကြီးရဲ့ဆက်ဆံရေးပါပဲ

သွေးကြောထဲကကြေငြာချက်မှာ
လက်ရှိပွဲတော်တွေကိုငြင်းတယ်
လက်ရှိဆိုင်းဘုတ်တွေကိုငြင်းတယ်
လက်ရှိဦးထုပ်တွေကိုငြင်းတယ်

ရှင်းရှင်းလေးပါပဲ
အနာဂါတ်ကိုသင်မစဉ်းစားခဲ့ရင်
သင့်ကိုလည်း အနာဂါတ်ကစဉ်းစားမှာမဟုတ်ဘူး။ ။
လှသန်း


လက်မရွံ့ကဗျာဆရာ

ကိုလှသန်းကဗျာအတွက်မဲပေးကြတာကိုကြည့်ပြီး ကျွန်မကသူ့အစားပျော်လိုက်တာ...
အမှန်က ကျွန်မ စတန့်ထွင်တာမဟုတ်ပါဘူး..ကဗျာတွေတင်ပေးပြီး responseက
သိပ်မရတော့ စိတ်မှဝင်စားရဲ့လားဆိုတာသိချင်လာလို့ခုလိုလုပ်ရတာပါ...
ကဲ...လာပြီနော်
ဒီမှာ...လက်မရွံ့ကဗျာဆရာရဲ့နိဒါန်း....



လက်မရွံ့ကဗျာ
သူများသီချင်းသံစဉ်တွေကိုစာသားသွပ်ရေဲ့ကော်ပီသီချင်းရေးသမားဘ၀ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။
ပေါတောတောရုပ်ရှင်တွေဗီဒီယိုတွေအတွက်ဇာတ်ညွှန်းရေးတဲ့အလုပ်ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။
သတ်ပုံတောင်သေသေချာချာမသိတဲ့အရေခြုံအယ်ဒီတာဘ၀ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။သတင်းလို့ထင်ရတဲ့ အတိုအစတွေရေးပြီးခြောက်စားမြှောက်စားလုပ်တဲ့အောက်တန်းစား
စာနယ်ဇင်းသမားဘ၀ကိုကျွန်တော်မရွေးချယ်ခဲ့ဘူး။
ဘ၀မှာပင်ပန်းမယ်၊ဆင်းရဲမယ်၊ခက်ခဲမယ်၊ဒုက္ခရောက်မယ်ဆိုတာသိသိနဲ့ ကျွန်တော်ကဗျာဆရာဘ၀ကိုပဲကျေကျေနပ်နပ်ရွေး
ချယ်ခဲ့ပါတယ်။ပတ်ဝန်းကျင်မှာကားပွဲစားလောက်မှ၊ချဲထီရောင်းသူလောက်မှလူအထင်မကြီးတဲ့ကဗျာဆရာဘ၀ကိုပဲ သေသေ
ချာချာရွေးချယ်ခဲ့ပါတယ်။
သက္ကရာဇ် ၂၀၀၀ပြည့်နှစ်တ၀ိုက်မှာ လက်ရေးစာမူတွေပုံနှိပ်စာလုံးဖြစ်လာဖို့ခက်ခဲခဲ့ရပါတယ်။မဂ္ဂဇင်းစာမျက်နှာတွေနဲ့လမ်းခွဲ
ခဲ့ရတယ်။ဝမ်းနည်းစရာတော့မရှိပါဘူး။၁၉၈၂ခုနှစ်ဖေဖော်ဝါရီလကစခဲ့တဲ့ကဗျာခရီးဟာ ၂၀၀၂ခုနှစ်ဖေဖော်ဝါရီလမှာအနှစ်
၂၀ရှိခဲ့ပါပြီ..။
ကျွန်တော့်ရဲ့အနှစ်၂၀ကဗျာခရီးမှာ ကျေးဇူးတင်ရမယ့်သူများစွာရှိပါတယ်။ကျွန်တော့်ကိုလူဖြစ်အောင်မွေးခဲ့ပြီး ကျွန်တော့်ရဲ့
ကဗျာရေးသမားဘ၀ကို ကန့်ကွက်ခြင်းထောက်ခံခြင်းမပြုခဲ့တဲ့ အဖေနဲ့အမေကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော့်ကိုကဗျာ
ရေးဖြစ်အောင်လှုံ့ဆော်ခဲ့တဲ့ ကမ္ဘာပေါ်က ကဗျာဆရာများနဲ့ ကဗျာများကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ကဗျာများကို
မဂ္ဂဇင်းစာမျက်နှာများမှာဖော်ပြပေးခဲ့တဲ့ အယ်ဒီတာများကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ကဗျာများကိုဂရုတစိုက်ဖတ်
ပြီးကျွန်တော့်ရဲ့ကဗျာများကိုအသိအမှတ်ပြုသူများကို ကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ကဗျာဆရာဘ၀အခက်အခဲများကို စာနာနားလည်စွာကူညီဖြေရှင်းပေးခဲ့တဲ့ သူငယ်ချင်းအပေါင်းအသင်းများကိုလည်းကျေးဇူးတင်ပါတယ်။ရေးချင်တာတွေပဲရေးပြီး
မရေးချင်တာတွေကိုမရေးတဲ့ကျွန်တော့်ကိုယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်။
လက်ဖက်ရည်ဆိုင်ထိုင်ပြီးသူများအတင်းပြောရင်း မဂ္ဂဇင်းတွေထဲမှာဖော်ပြမခံရတဲ့ ကဗျာတွေကိုရေးနေမိတာ ကျွန်တော့်ဘ၀ရဲ့
လောလောဆယ်အဓိပ္ပါယ်ပါပဲ။
လှသန်း

“အတ္တမှတ်စုများ” မှကောက်နှုတ်ချက်


လက်မရွံ့ကဗျာဆရာ

Tuesday, November 4, 2008

မြန်မာကဗျာဆရာတွေထဲမှာ ကျွန်မ နှစ်သက်တဲ့ ကဗျာဆရာတစ်ယောက်ရှိပါတယ်။ သူ့ကဗျာတွေက မနူးညံ့ဘူး..မကြော ကြမ်းတမ်းတယ်...ဒါပေမယ့် ..ကျွန်မသူ့ကို ငယ်ငယ်လေးတည်းကဖတ်ခဲ့တယ်။
ကျွန်မတကယ်စာပေလောကထဲရောက်တော့ သူ ရေခြားမြေခြားကိုရောက်နေတယ်လို့ကြားပြီး သူ့ကဗျာတွေသိပ်မတွေ့ခဲ့ရဘူး...သူပြန်ရောက်လာတယ်ကြားပေမယ့် သူ့ကဗျာတွေက
အတွေ့နည်းတယ်လို့ထင်ခဲ့တာ နောက်မှသိရတာက သူတခြားနာမည်တစ်ခုနဲ့ရေးတယ်တဲ့ ..(အကြောင်းကြောင်းကြောင့်..)
အဲဒီကဗျာဆရာ က ကိုလှသန်း ပါ...သူ့ကို ကြည်မောင်သန်း လို့လည်းသိကြပါတယ်။
တခြားနာမည်နဲ့လည်းသိရင်သိနေနိုင်ပါသေးတယ်။
တချို့ ကတော့ သူ့ရဲ့ ဒပယင်း ဆိုတဲ့ကဗျာနဲ့သူ့ကိုတွဲသိနိုင်ပါတယ်။ ကျွန်မ သတင်းတစ်ခုမှာတွေ့လိုက်ရတယ်။ အဲဒီကဗျာ (ဒပယင်း)ကို တခြားပြဿနာရှိတဲ့ကဗျာတစ်ပုဒ်နဲ့ယှဉ်ပြီး ကိုလှသန်းကျဘာဖြစ်လို့ ကဗျာရေးခွင့်ပဲပိတ်တာလဲ လို့မေးထားတာပါ..
ကျွန်မတစ်ယောက်တည်းရဲ့အမြင်နဲ့ပြောရရင်..ကိုလှသန်း ဟာ ကဗျာဆရာပါ..သူဟာသူရေးချင်တာပဲရေးပြီး မရေးချင်တာတွေကို
ဟန်လုပ်မရေးတတ်တဲ့ကဗျာဆရာလည်းဖြစ်ပါတယ်...။ကဗျာဆရာဟာ ခေတ်ကိုထင်ဟပ်စေတဲ့ သူ့ရင်ကိုမှန်တဲ့ အရာတွေကိုပဲ
ကဗျာအဖြစ်အသက်သွင်းတာပါ..အဲဒီတွက် သူ့မှာ Poetic license ဆိုတာရှိပါတယ်။အဲဒီအတွက်လို့ ကျွန်မကတော့မြင်တာ
ပါပဲ...။
ကျွန်မဆီမှာ ကိုလှသန်းရဲ့ ကဗျာရေးနှစ် ၂၀ပြည့် အမှတ်တရထုတ်ထားတဲ့ လက်မရွံ့ကဗျာ ဆိုတဲ့စာအုပ်ကလေးရှိပါတယ်။
စိတ်ဝင်စားသူ ၁၀ယောက်အထက်လောက်ရှိရင် ကျွန်မ တင်ပေးချင်ပါတယ်...(မဲတောင်းတာ :) )
အကြောင်းပြန်ပေးကြပါနော်.....


အလွမ်းနှင့်ရေးသောပြဇာတ်

၂၀၀၆ နှစ်ကုန်ကာနီးကရေးထားတဲ့ဝတ္ထုပါ..People Magazine (မြန်မာပြည်ကနော်) လူပန့်ငယ် တောင်းတာနဲ့ပေးလိုက်တယ်။
အဲဒီမှာပဲပါသွားတယ်ထင်တာပဲ ..(မှတ်ဥာဏ်တွေကတအားကိုကောင်းနေတော့တာ..)



အလွမ်းနှင့်ရေးသောပြဇာတ်

ယနေ့သည်ချစ်သူ့မွေးနေ့ဖြစ်သည်။သို့တိုင်လျက်..ကျွန်မက သေဆုံးရန် အသင့်ရှိမနေသေးသည့်အတွက်ခွင့်လွှတ်ပါချစ်သူ..။
တစ်နေကုန်တနေခမ်းစိုက်ပျိုးထားသောဖြူစင်ခြင်းပျိုးပင်များ၊ရိတ်သိမ်းသူမဲ့ဖြစ်နေသည်။ခွင့်လွှတ်ပါ..Christina Rosette..
သင့်“သီချင်း”အားကျွန်မကိုသီဆိုခွင့်ပြုပါ။
ယနေ့သည်ချစ်သူမွေးဖွားခဲ့သောနေ့တစ်နေ့ဖြစ်သည်။ကျွန်မထွက်ခွာသွားသည့်အခါ..နှင်းဆီပင်များ
မစိုက်ပျိုးရန်မှာခဲ့ချင်ပါသည်။ယနေ့သည်ချစ်သူ့မွေးနေ့ဖြစ်သည်။
ပြက္ခဒိန်တွင်အထင်ကရပါဝင်မနေသောနေ့တစ်နေ့လည်းဖြစ်ချင်ဖြစ်လိမ့်မည်။ထို
နေ့သည်မိုးနေ့တစ်နေ့မဟုတ်ပါပဲလျက် စွတ်စိုနေခဲ့သည်ကိုတော့ကျွန်မတစ်ယောက်တည်းသိပါသည်။
နေရောင်ခြည်တချို့ကိုကြိုတင်ခူးဆွတ်သိမ်းဆည်းမထားမိသည့်အတွက်ခွင့်လွှတ်ပါချစ်သူ။
နံနက်ခင်းနေ့သစ်၏အစမှာပင် ကျွန်မထုဆစ်ရေးချယ်ထားခဲ့သောချစ်ခြင်း၏သင်္ကေတများ
လူးလာခေါက်တုံ့ နှင့်ရင်ခုန်လှုပ်ရှားနေခဲ့ကြသည်။
ခုခါမှတော့..သူတို့လည်းခြေကုန်လက်ပမ်းကျကာနားလည်ရခက်နေပေလိမ့်မည်။
ခန့်မှန်းတွက်ဆ၍မရသောအရာများထဲတွင် “ကံကြမ္မာ”ဟုနာမည်လှလှလေးတတ်ထားသောဇာတ်ညွှန်းများပါသည်။
ထိုဇာတ်ညွှန်းတွင်ကျွန်မသည်ဇာတ်ရံအဖြစ်လွမ်းရလိမ့်မည်ဟုဘုရားသခင်က
ချစ်ခြင်းအားဖြင့်ကြိုမပြောထားခဲ့ပေ။ထိုချစ်ခြင်းအားဖြင့်ပင်ကျွန်မအသက်ရှင်လျက်
ရှိနေသေးသည်။ Praise the Lord, Amen.
“မောရူးဆိုး”ရေးသားခဲ့သည့် “မွေးနေ့”ဆိုသည့်ကဗျာလေးတစ်ပုဒ်ကိုလက်ဆောင်အဖြစ်ပေးချင်နေမိသည်။
သို့သော်..နာရီလက်တံများက ကျွန်မကိုသစ္စာဖောက်သွားခဲ့ကြသည်။
ပျော်စရာမကောင်းသောအရောင်များပါဝင်သည့်ပန်းချီကားတစ်ချပ်ကိုစိတ်လို
လက်ရသီဆိုရေးစပ်ခွင့်သည်ကျွန်မနှင့်မှတိတိပပသက်ဆိုင်သည်တဲ့လား။
ချောက်ကမ်းပါးများကိုကပ်မလျှောက်ခဲ့ပါ..။
မတော်တဆလေးနက်သိမ်မွေ့သွားသောကံတရားသည်“ချစ်ခြင်း”ဖြစ်နေခဲ့သည်။
ယနေ့သည်ချစ်သူကိုမွေးဖွားခဲ့သောနေ့တစ်နေ့ဖြစ်သည်ဟုဆိုသည်။
လူတို့၏စိတ်ကူးစိတ်သန်းများနှင့်ယက်လုပ်ထားသောတာရှည်
ခံအိပ်မက်များသည်အဆိပ်သင့်နေကြောင်းကျွန်မကိုယ်ကျွန်မသတိမပေးရသေးပါ။
ခံနိုင်ရည်မရှိသောညများစွာကိုမွေးဖွားပေးသောဖန်ဆင်းရှင်သည် အဘယ်သူနည်း။
ကျွန်မသည်ကျွန်မနန်းတော်၏နောက်ဆုံးဘုရင်မဖြစ်သည်။နောက်ထပ်ပွင့်စရာပန်းမရှိတော့သလို
ဖြစ်ရန်စစ်ပွဲများလည်းမရှိတော့ပါ..။
ချစ်သူကိုမွေးဖွားခဲ့သည့်နေ့က စစ်ပွဲတစ်ပွဲတစ်လေများဖြစ်ပွားခဲ့ဘူးသလား။မသေချာပါ။
ထို့ကြောင့်မသေချာမှုများစွာကိုမှုတ်သိမ်းငြိမ်းသတ်ပစ်လိုက်ကာ..
သေချာသည့်“ချစ်ခြင်း”တစ်ခုတည်းကိုသာချန်ထားခဲ့လိုက်သည်။
ချစ်သူကိုပူစော်ပသရန်ဖြစ်သည်။
ဤမွေးနေ့မှသည်ချစ်သူ၏ရှေ့ဆက်အနာဂါတ်သည်ရှင်သန်လိုသောလမ်းကြောင်းများစွာနှင့်
မွှေးပျံ့နေခဲ့ပါစေ…။ခရမ်းရောင်သစ္စာပန်းတစ်ပွင့်၏အတ္ထုပ္ပတ္တိသည် အလွမ်း…ဖြစ်သည်။
တစ်ချိန်ကတော့ထိုအလွမ်းများကိုကျွန်မက မေ့လျော့နေခဲ့ဖူးသည်။
Haply I may remember, haply I may forget..
ဂန္ဓမာပန်းဝါ၀ါများစွေးစွေးတောက်ဖူးပွင့်ရာနေ့သည် ချစ်သူ့မွေးနေ့ဖြစ်သည်။
အပြာရောင်ဥဿဖယားပွင့်များနှင့်ခပ်ဆင်ဆင်တူသော ခံစားမှုများကိုဖြစ်တည်စေခဲ့သူ အရှင်…သခင်..။
သင့်အားဂန္ဓမာပွင့်များနှင့်ပူစော်ခွင့်ပေးပါ။နိုက်တင်းဂေးလ်ငှက်တစ်ကောင်
၏ငိုကြွေးပူဆွေးမှုကဗျာတစ်စကိုယူဆောင်သွားခဲ့သော CG Rosette သင့်အားကျွန်မကျေးဇူးမတင်ပါ။
ဒါဏ်ရာဒါဏ်ချက်များနှင့်ရုန်းထရန်ကြိုးစားနေသော မြက်ခင်းစိမ်းစိမ်းလေးတစ်ပွင့်..
ကျွန်မဦးခေါင်းထက်တွင်လန်းဆတ်စွာတည်ရှိနေခဲ့သည်။
“ချစ်ခြင်းတွေက..ဆိတ်သုဉ်းသွားခဲ့တာလား..? ”။
နဂိုတည်းကထင်ယောင်ထင်မှားတည်ရှိခဲ့တာလား..။
အသေစောခဲ့သော ဟိုက်ဇင်းဘတ်သာရှိခဲ့လျင်ဖြေရှင်းပေးနိုင်လိမ့်မည်လား…။
မသေချာပါ..။ခုတော့ကမ္ဘာကြီး၏အနာဂါတ်သည်ကျွန်မနှင့်အတူဘီးတပ်ကုလား
ထိုင်တစ်လုံးပေါ်ရောက်နေခဲ့ရသည်။ကျွန်မကရော…ငြင်းဆန်တတ်မှုတွေကိုခဲရာခဲဆစ်မွေးမြူရင်းသေဆုံးနေခဲ့ရသည်ပဲ..။
တဖြည်းဖြည်းနေမြင့်လာခြင်းနှင့်အတူ..ကျွန်မ၏ရူးသွပ်မှုများကလည်းလူမသိသူမသိမြင့်တက်လာခဲ့သည်။
မွေးနေ့လက်ဆောင်အဖြစ် နားရွက်တစ်ဖက်ဖြတ်ပေးလိုက်ရန် စိတ်ကူးမရှိပါပဲလျက်
ယဉ်ယဉ်လေးနှင့်ရူးသွပ်သွားခဲ့ရခြင်းဖြစ်သည်ကိုသိလျင်…..
သင်ရင်ထုမနာဖြစ်နေလိမ့်မည်ဟု…ကျွန်မ မထင်ပါ။အကြောင်းမှာ ကျွန်မသည်
အဘယ်သူနှင့်မှမသက်ဆိုင်သောသက်ရှိဖြစ်ပြီး
ကျွန်မသက်ဆိုင်ခဲ့သောတစ်ခုတည်းသောသက်ရှိသည်“ချစ်သူ”ဖြစ်သည်။
ယနေ့သည်ထိုတစ်ခုတည်းသောသက်ရှိချစ်သူ၏မွေးနေ့ဖြစ်သည်။
ကျိမ်စာသင့်ထားသူတစ်ယောက်အလားဆောင်းကန္တာရကို
တစ်နေကုန် ဖြတ်ကူးလာခဲ့ရသည့်တိုင် ..ပန်းတိုင်ကမရှိ။
ကြုံရာအိုအေစစ်များကိုလည်းကျွန်မက အယုံအကြည်မရှိပြန်..။
ထို့ကြောင့်..လရောင်ဖြင့်ရောစပ်ထားသောဝိုင်တစ်ခွက်ကို မော့သောက်ပစ်လိုက်သည်။
သို့တိုင်လျက်…ကျွန်မက မူးယစ်မသွားပဲယစ်မူးကျန်နေခဲ့သည်ကအံ့သြစရာ..။
နေရောင်တချို့တိမ်းပပျောက်ကွယ်သွားတော့မည့်နေ့သည်ချစ်သူ့မွေးနေ့ဖြစ်သည်။
လာရောက်ရန်မဖိတ်ခေါ်ပါပဲလျက်မျှော်လင့်နေမိခြင်သည်..ရူးသွပ်မှုတစ်ခုမဟုတ်ပါ။
တိတ်ဆိတ်စွာနားလည်ခြင်းဖြစ်သည်။ပန်းနုရောင်ဆန်သောနှင်းဆီပွင့်တချို့၏
ဖျားယောင်းတတ်သောရနံ့သည်ကျွန်မအတွက်တော့သိပ်အသုံးအ၀င်လှပါ။
တဒင်္ဂဆိုသောအချိန်သည်သက္ကရာဇ်မည်မျှကြာညောင်းပါသနည်း။
ကမ္ဘာကြီး၏တစ်ဖက်ခြမ်းကလင်းချင်းနေချိန်တွင်တစ်ဖက်ခြမ်းကမှောင်နေခဲ့လိမ့်မည်။
ယခုကျွန်မ၏ကမ္ဘာခြမ်းအမှောင်လွှမ်းတော့မည်။ချစ်သူ၏နေ့ရက်များလင်းချင်းတောက်ပနေခဲ့ပါစေ။
ကျွန်မ မဟုတ်သောတစ်စုံတစ်ယောက်နှင့်ရွတ်ဆိုသစ္စာပြုခဲ့ကြသည့်
စကားသံများကျွန်မနှင့်ကမ္ဘာခြားနေခဲ့ပါစေ။ဘ၀အဆက်ဆက်သံသရာအဆက်ဆက်ဆိုသော
ကြိုးများအကြောင်း ကျွန်မကြိုးစားမေ့လျော့ထားလိုက်ပါမည်။
ကျွန်မကချည်နှောင်မှုများကိုမလိုလားခဲ့သူပါ။
သို့တိုင်လျက် အချည်ခံချင်သောကြိုးလေးတစ်စတော့
ရှိနေခဲ့သည်။ထိုကြိုးကလေး၏မွေးနေ့သည်ဒီနေ့ဖြစ်သည်။
မပြီးဆုံးသေးပါ။ And if thou wilt remember, and if thou wilt forget…
ငြိမ်းအေးခြင်း၏အစစ်အမှန်တရားသည်ချစ်ခြင်းဖြစ်စေချင်သည်။
ဖြူစင်လွန်းသောတိမ်လွှာလေးတစ်စတွင်လွှတ်တင်ပေးရင်း
စကြ၀ဠာ၏ဟိုမှာဘက်ကမ်းသို့ပစ်လွှတ်လိုက်ချင်သည်။
သို့သော်…နေရောင်တို့ကအိုကျလာခဲ့လေပြီ..။ကုန်ဆုံးတော့မည့်မွေးနေ့ဆုတောင်းတစ်စကို..
တစ်ဖဲ့ချင်းဖဲ့ချွေရင်းစမ်းရေတွင်မျှောပစ်လိုက်သည်။ချစ်သူကလက်မခံချင်၍ချစ်သူထံမရောက်ခဲ့သည့်
တိုင် ထိုဆုတောင်းများသည်စမ်းရေ၏ချစ်ခြင်းအားဖြင့်အေးမြနေခဲ့လိမ့်မည်။
တစ်စစနှင့်လောင်းကျွမ်းကုန်ဆုံးသွားသောချစ်သူ၏မွေးနေ့ကိုကြည့်ရင်း
လွဲချော်မှုတွေအကြောင်းစဉ်းစားနေမိသည်။ကံတရားကိုခေါင်းချင်းဆိုင်တိုက်ရန်
ကျွန်မတွင်လက်ကျန်အင်အားမရှိတော့ပါ။အရာရာသည်ကျွန်မအတွက်တော့
ရှုံးနိမ့်ကျဆုံးမှုများသာဖြစ်သည်။သို့တိုင်လျက်…ချစ်သူ၏မွေးနေ့တွင်ချစ်သူက
အခြားသောတစ်စုံတစ်ယောက်နှင့်ရှိနေနိုင်ခဲ့ပြီးကျွန်မက အခြား
သော တစ်စုံတစ်ယောက်နှင့်အတူရှိမနေခြင်းအတွက် ကျေနပ်ကြေကွဲနေမိပါတော့သည်။
မနော်ဟရီ