့ရာစုသစ်မြစ်ကျဉ်း (၁)

Thursday, October 2, 2008



အမေသို့
“မိတ်ဆွေ” တဲ့
စိတ်စေတနာမပါပဲ
ရေလဲသုံးစကားအဖြစ်
တစ်ဆစ်စာလျှာဖျားကိုအသုံးပြု
ဝေါဟာရတုတွေခပ်များများနဲ့
ငါ့ရဲ့နေ့တွေအတွက်
အမေ့ကိုအားနာလိုက်တာ…။
ခွင့်လွှတ်ပါအမေ…
ကမ္ဘာမြေမှာအသက်ရှင်ရပ်တည်ဖို့
လျှာပေါ်မြက်မပေါက်စေရေး
အပြေးအလွှားနဲ့
ကစဥ့်ကလျားဝါကျတွေဖွဲ့သီ
ဟန်ဆောင်ပြုံးရယ်ပြ..
သဘာဝနဲ့ကင်းကွာပြီး
ခရီးစဉ်လမ်းတစ်လျှောက်မှာ
မျက်စိမမှောက်စေရေးအတွက်
အမေ့မှာကြားချက်တွေကို
မေ့လို့ထားခဲ့ရတာကိုပါ။
အမေရေ..
ခုမှပဲ…ဗန်ဂိုးရဲ့ ပန်းချီကား
“အာလူးစားသူများ”
နေရာအနှံ့အပြားမှာတွေ့နေ
“နေကြာပန်း”တွေဟာ ကျွန်တော်လေပဲလား
“နေ”ရှိရာကိုလား
အမှန်တရားကိုမေ့ထားရင်း
ထမင်းနပ်များစွာတွက် ခရီးဆက်နေ…။
တစ်နေ့နေ့မှာ
ကျွန်တော်ဟာ
ဒီကမ္ဘာကြီးရဲ့
အပိုင်းအစတစ်ခုဖြစ်သွား
ပျောက်ဆုံးသွားမှာ
သေချာရက်နဲ့
ဘာလို့များ…..။ ။
မနော်ဟရီ

အဇ္ဈတ္တခြုံထည်
လိပ်ပြာသန့်တတ်ခြင်းစိတ်ထက်
ချေးညော်အထပ်ထပ်တက်
လင်းလက်မှုမဲ့ဘ၀ထဲ
ထပ်တူကျနေခဲ့တာ
များစွာသော ပယောဂတွေကြောင့်လို့
ထောင့်တစ်ထောင့်ခို လက်ညှိုးထိုး
မယိုးစွပ်ချင်တော့ပါဘူး။
မှားခဲ့ဘူးခြင်းများစွာအတွက်
တွက်ချက်ခဲ့ရတဲ့သင်ခန်းစာတွေ
အစာမကြေဖြစ်လိုဖြစ်
သင်ခန်းစာအသစ်တွေနဲ့လည်း
စိတ်ဝမ်းကွဲနေခဲ့ရ..
လျှော်ဖွပ်မရတော့တဲ့လိပ်ပြာကို
အိတ်မှာအသာထည့်
မျက်လှည့်ဆရာလက်အပ်လိုက်တယ်.။
ကဲကွယ်…
ယုံလွယ်သူတို့အတွက်
ဟန်ဆောင်လင်းလက်ရင်း
ခပ်တင်းတင်းခြုံလွှမ်း
အဆင်ဆန်းခြုံထည်အောက်မှာ….။ ။
မနော်ဟရီ


ရာစုသစ်မြစ်ကျဉ်း (၁)


အဆက်အစပ်မရှိ
မရီချင်လည်းပြုံးမနေပါနဲ့
ခုံရုံးဖွဲ့အပြစ်ယူမှာမှမဟုတ်တာ
နှုတ်ခမ်းကကြွက်သားတွေ
အလကားအလုပ်များနေပါ့မယ်
ကျုပ်ကတော့ကွယ်
အောင်ကြီးဟစ်ကျယ်
ရီတတ်တယ်နော်
ရင်ထဲကတကယ်ပါလို့။
ချောင်းကိုပစ်၍မြစ်ကိုရှာ
ရေသာများ၍ငါးမတွေ့တဲ့
အလကားပါကွယ်
သူများတွေပြောတာအဟုတ်မထင်နဲ့
ချောင်းကိုပစ်ပြီး
မြစ်ထဲကိုဆင်းခဲ့စမ်းပါ
ရေများသလိုငါးလည်းပေါပါတယ်
မင်းတကယ်ပျော်စေရမယ်မန်ဒါလီ။
ဘာနဲ့မှမသက်သာဘူး
မာနဆိုတဲ့ဓါတ်ချိုတဲ့လို့လေ
စိတ်ညစ်ခြင်းကြောင့်ဖြစ်တဲ့လက္ခဏာ
ဆေးပညာအရပေါ့
မာယာများတဲ့ဝက်ခြံတွေ
ရိုင်းစိုင်းကြီးကျယ်စွာနေရာယူကြလေသည်
ရေနစ်သူဝါးကူ၍ထိုးဆိုသကဲ့သို့
အကျည်းတန်သူ
ဘီးမှန်ကူ၍လှနိုင်သလား
မုန်းတီးဆက်စုပ်စရာ
ကျုပ်မှန်မကြည့်ဖြစ်တာကြာပြီ။ ။
မိကောက်


ဒိုင်ယာရီထဲကမှတ်စုများ

လုံလောက်တဲ့အကြောင်းပြချက်
မရှိ
ဘာကြောင့်မှန်းလည်းမသိ
ချစ်ခြင်းရဲ့ ဝေဒနာ အတ္ထုပ္ပတ္တိက
မင်းမချစ်တဲ့ကဗျာတွေကိုမွေးဖွား
မင်းရဲ့မနီးမဝေးအနား
မင်းအရေးမလုပ်တဲ့နှလုံးသားမှာ
ချစ်သူရေ
မကြာခဏဖျားနာနေတယ်။
ငုတ်တုတ်ထိုင်..တိုင်တစ်တိုင်ရဲ့ခြေရင်း
ငိုချင်ခြင်းပြင်းပြ
ဖိတ်ကျတဲ့မျက်ရည် ”သံစဉ်”များ
ရီမောခြင်း”တေးသွား”နဲ့ ထိန်းချုပ်
ခပ်ချာချာသီချင်းတစ်ပုဒ်ကိုညည်းတွား
ရူးသွပ်ခြင်းအမည်ရတဲ့”မင်းသား”နဲ့ 
အချိန်တော်တော်များများမှာနှစ်ပါးသွားနေ့ရတယ်။
ခဲမှန်တဲ့စာဖမ်းယူစားသောက်ဖို့ဝန်မလေးရှာသူ
ရေနစ်သူ
ဝါးကူပြီးထိုးတတ်တဲ့လူ
မိုးကိုတွယ်၍
ကျေနပ်ညှိုးငယ်စွာ ကျကြွေရှာတဲ့
ပန်းများကို
“ အမနာပ” မနားတမ်းပြောသူ
ပြီးတော့
မဲနယ်ဆိုးထားတဲ့နှုတ်ခွန်းဆက်စကားမျိုးနဲ့
ပစောက်ပြောင်းပြန် မူမမှန်အပြုံးတွေကြား
ဘယ်ဘက်ရင်ခွင်ကတအားနာကျင်လာတယ်
ချစ်သူရယ်
သေခြင်းဆိုတဲ့အရာ
ကိုယ့်ကိုဆုချပါကွယ်…။ ။
မိကောက်


ရာစုသစ်မြစ်ကျဉ်း (၁)



ကြေကွဲချိန်
ပန်းတွေကြွေ
လေပြေမတိုက်
မှောင်မိုက်တဲ့ည
ရှတတအချစ်...လွင့်နေ။
ခြောက်သွေ့ မြက်ခင်း
ပူပြင်းတလင်းပြင်
တေးသီခြင်းကင်းလို့
ငြိမ်ဆိတ်ခြင်းနဲ့အနားသတ်
မြတ်သောနှလုံးလည်းမဲ့
ပြာလဲ့တဲ့ကောင်းကင်
ရင်ခွင်ပေါ်ပိသလို
ပီဘိ အကျည်းတန်....။
စိုးရွံ့ ဆဲအသွေးသား
မြားသွားနဲ့ငြိ
ကြမ်းရှတဲ့အတွေ့ အထိမှာ
ငါ...အနာတရနဲ့ ..။ ။
မေငြိမ်း


ရာစုသစ်မြစ်ကျဉ်း (၁)




အရိုင်းသက်သက်နေနဲ့
လေးလံကျပ်ခဲချင်လည်း
ခဲနေမှာပေါ့
ဒါပေမယ့်
သင်မျက်စိနဲ့ကြားပြီး
နားနဲ့မြင်နိုင်တယ်
မှန်တစ်ချပ် ၊လှံတစ်စင်းနဲ့
အခိုးအငွေ့တို့လို…
မျှော်လင့်ခြင်း၊ပြီးဆုံးခြင်း
အလိုပြည့်ခြင်းတို့ပြည့်နှက်
ယဉ်ကျေးတဲ့က္ကုစ္ဆာသရနှလုံးသားတို့ရဲ့ 
ပြတင်းတံခါးများ
အဲဒါ…
ရာစုသစ်မြစ်ကျဉ်း
များလည်းဖြစ်ရဲ့….


အမှတ်တရကျေးဇူးတင်စွာဖြင့်
ဇုံနီ ၊မိုးကျော်သူ၊မျိုးသန်း


ဒါ…ရာစုသစ်မြစ်ကျဉ်း (၁)ရဲ့ အဖွင့်စာမျက်နှာပါ..။


ရာစုသစ်အလွမ်း

ရာစုသစ်အလွမ်း
လူတိုင်းမှာလွမ်းစရာ အတိတ်တွေရှိနေတတ်ကြမြဲပါ..။ အဲဒီထဲကမှ..တူညီတဲ့အလွမ်းတစ်ခုက
တက္ကသိုလ်နယ်မြေကိုလွမ်းတဲ့ အလွမ်းဆိုရင်..မှား နိုင်လိမ့်မယ်မထင်ပါဘူး..။ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာလောက် က ရန်ကုန် တက္ကသိုလ်မှာ..ကဗျာစာအုပ်ကလေးတွေအင်နဲ့အားနဲ့
ထွက်ခဲ့ဖူးတဲ့ အချိန်လေးကို လွမ်းတာပါ…။ ကျွန်မတို့ရှေ့ ကနောင်တော်တွေများစွာဟာလည်း သူ့နည်းသူ့ဟန်နဲ့ ရှိခဲ့ကြမယ့်ကာလတွေကိုလွမ်းနေမှာပါပဲ..။ ကျွန်မကတော့ကျွန်မပျော်ရွှင်စွာ ကဗျာတွေရေးခဲ့ စုထုတ်ခဲ့ကြတဲ့ကာလလေးကိုလွမ်းမိတာပါ..။
အဲဒီတုန်းက သူငယ်ချင်းတွေစုထုတ်ခဲ့ကြတာမျိုးရှိသလို .. တစ်ကိုယ်တော်တွေလည်းထုတ်ခဲ့
ကြတယ်။ ထူးခြားမှုကတော့ တက္ကသိုလ်ပေါင်းစုံ စုထုတ်နိုင်ခဲ့တာပါပဲ..။ ရာစုသစ်မြစ်ကျဉ်း တဲ့။ပင်မတက္ကသိုလ်၊ဗိုလ်တထောင် ..ကြည့်မြင်တိုင်…လှိုင် စတဲ့နယ်မြေခွဲတွေအပြင်..စီးပွား
ရေးတက္ကသိုလ်..စက်မှု နဲ့ ဆေး တက္ကသိုလ်တွေပါ ပါတယ်။
အဲဒီအုပ်စုလေးက ၁၉၉၃ ကနေ စထုတ်လိုက်တာ…ရာစုသစ် ၂ ၊၃၊၄ ထိထွက်ဖြစ်ခဲ့တယ်။
ပထမဆုံးစာအုပ်ကိုစီစဉ်သူ နှစ်ယောက်က သူငယ်ချင်းတွေဖြစ်တဲ့ စက်မှု က မိုးကျော်သူ နဲ့ မျိုးသန်း ပါ..။(ခုဆို မိုးကျော်သူ တစ်ယောက် ကွယ်လွန်သွားခဲ့တာတောင် ၂ နှစ်ကျော်သွားခဲ့
ပါပြီ။) စတုတ္ထမြောက်ကျတော့ မန္တလေးတက္ကသိုလ်ကအုပ်စုတောင် ပါလာပါတယ်။ အဲဒီထိစည်းလုံးခဲ့ကြတာပါ။
အဲဒီ အုပ်စုတွေထဲကမှ ဒီနေ့ အနုပညာလောကထဲမှာကျန်ခဲ့သူကနည်းနည်းရယ်…။မင်းခိုက် ရယ် ကျွန်မရယ် ဧထက် ရယ်..တစ်ခါတစ်ခါတွေ့ရတတ်တဲ့ စမ်းသီတာ၊ နဲ့နေဆူးသစ်ရယ်..
ဒီလောက်ပဲထင်တာပဲ.. တကယ့်တကယ် ကဗျာတွေကောင်းလွန်းလို့ကျွန်မသတိရနေတတ်တဲ့
သူတွေလည်းရှိတယ်…သူတို့ကတော့ တင်မင်းထက်၊မောင်ရှိန်၊မောင်ဟိန်း၊အောင်လွန်း၊ နီမာရှင်း ၊ဇုံနီ…….
သူတို့စာမရေးကြတော့တာလို့တော့ကျွန်မကမထင်ပါဘူး.. ရေးဖို့ခြေဦးမလှည့်နိုင်သေးတာပဲ
ဖြစ်မယ်လို့ ပဲထင်ပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးဟာ တာဝန်ကိုယ်စီဘ၀ကိုယ်စီနဲ့ကိုး။
တစ်ခါတစ်ခါတော့ သူတို့ ရံဖန်ရံခါချရေးဖြစ်မယ့်စာလေးတွေကို ဖတ်ခွင့်ရချင်လိုက်တာလို့ လက်တွေ့သိပ်ကျတဲ့တွေးအခေါ်တွေနဲ့တစ်ခါတစ်ခါကင်းလွတ်သွားတတ်တဲ့ကျွန်မက စိတ်ကူးယဉ်နေမိပြန်ပါသေးတယ်။
အဲဒီတုန်းက တကယ့်ကို အင်နဲ့အားနဲ့ ကဗျာစာအုပ်တွေထွက်ခဲ့တာကို သတိရတော့ကျွန်မ
လက်ထဲခုထိရှိနေသေးတဲ့စာအုပ်လေးတစ်ချို့ ကို ပြန်ကြည့်မိတယ်။
(၁) ရာစုသစ်မြစ်ကျဉ်း ၁
(၂) ရာစုသစ်မြစ်ကျဉ်း ၂
(၃) ရာစုသစ်မြစ်ကျဉ်း ၃
(၄) ရာစုသစ်မြစ်ကျဉ်း ၎
(၅) ခပ်ညံ့ညံ့ကဗျာများ ၁ ရေးသူ …..မိကောက်
(၆) ခပ်ညံ့ညံ့ကဗျာများ ၂ ရေးသူ …..မိကောက်
(၇) ပန်းလှေလမ်းခွဲ ရေးသူ …..မနော်ဟရီ
(၈) တိမ်များရဲ့ စိတ်ကူး ရေးသူ …..စမ်းသီတာ
(၉) ဘို့များတဲ့ကုလားအုတ် ရေးသူ …..စမ်းသီတာ
(၁၀) မျှော်လင့်အိပ်မက်
(၁၁) လမ်းနဲ့မဆန့်တဲ့ခရီး
(၁၂)တစ်မိုးတည်းအောက်မှာ
(၁၃)ကျန်းမာခြင်းအသစ်
(၁၄)သင်းကွဲပင်လယ်
(၁၅)မီးခတ်မှော်
(၁၆)တိတ်ဆိတ်ခြင်းရဲ့ နာမတော် ဆေး (၂) အုပ်စု
(၁၇)မီးဘုရင်မရဲ့ ကျိန်စာ ဆေး (၂)
(၁၈) ဂန္တ၀င်သစ်မြင်းရိုင်းများ ဆေး (၂)
(၁၉) ကောင်းကင်ရိပ် တက္ကသိုလ်ပေါင်းစုံ
(၂၀) မိုးလင်းစလိုလို ဆေး (၂)
(၂၁) လှိုင်းရဲ့ ပြူတင်း

တခြားကျွန်မ မရလိုက်တဲ့စာအုပ်တချို့ လည်းရှိသလို ပျောက်သွားတာတွေလည်းရှိပါတယ်…။
အဲဒီထဲကမှ..ကျွန်မ တဖြည်းဖြည်းချင်းတတ်နိုင်သလောက် တင်ပေးသွားချင်ပါတယ်…။စိတ်
ဝင်စားကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်…။
ချစ်ခင်စွာ
မနော်ဟရီ


ငယ်ငယ်တုန်းက မကြည့်ခဲ့တဲ့ရုပ်ရှင်

Wednesday, October 1, 2008


ငယ်ငယ်တုန်းက မကြည့်ခဲ့တဲ့ရုပ်ရှင်

ကလေးဆို ရင်လည်း မျက်စိကို စုံမှိတ်
မေမေ့နောက်မှာတိတ်တိတ်ကလေးပုန်းနေမှာပေါ့
ခုတော့…
သားချော့တေးတွေကိုလွမ်း၊ ပုံပြင်တွေကိုလွမ်းနဲ့ 
မျက်ရည်တွေလည်းခမ်းခဲ့ပေါ့ ။

မေမေရေ …
အော်စကာဆုတွေတပွေ့ တပိုက်နဲ့ မင်းသား
ကျွန်မခြေဖျားလက်ဖျားတွေအေးစက်လို့ ပေါ့
ဒါဟာ ပိုင်နိုင်တဲ့အနုပညာတဲ့လား
အဲဒီကံကြမ္မာကမှားနေတယ်။

တကယ်ဆိုရင်
ဇာတ်သိမ်းတိုင်းမှာလွတ်မြောက်မှုပါတာမှမဟုတ်တာ
ဇာတ်အလည်ခေါင်တည့်တည့်မှာ ဗီလိန် ဟာအစွမ်းပြ
ဘယ်သူကမှလည်းတရားမပြကြဘူး..။

မှိန်ပြပြမီးရောင်အောက်ကမျက်ရည်
မေမေမြင်ရလား…
ကျွန်မစိတ်မခိုင်တာသိသားနဲ့ 
အဲဒီနံပါတ် ၁၃ ထိုင်ခုံလက်မှတ်
ဘယ်သူဖြတ်ပေးလိုက်မှန်းမသိဘူး။ ။


နောဧသဘောင်္ပေါ်ကည



နောဧသဘောင်္ပေါ်ကည

”ကံကြမ္မာ” တဲ့လား
ဓါးစာခံသက်သက်အကောင်ပါ
ပစ်ပေါက်ခံထားရတဲ့ဓါးချက်များ
အမြဲလိုအသင့်ဖြစ်နေတဲ့လက်ညှိုးများ
ခင်ဗျား…ကျန်းမာရေးကောင်းပါစေ။

လောကရဲ့ တရားဓမ္မ
နှလုံးသားအထူအပါးမတူကြတဲ့အခါ
ငါကြားနာချင်တဲ့ . . .့ နရီ…ဂီတ
ငါ့ဆီဖြတ်ပိုင်းပြန်မလာကြတော့။

တစ်ခုခုပြောစမ်းပါ
အရာရာဟာအမြဲတမ်းလွဲချော်နေတတ်သလား
ဘုရားသိကြားမလို့ 
ငါတို့ ဆုံးရှုံးမှုများနဲ့ ငါ..
ဘ၀ခြားနေခဲ့ပါစေ။

ညီမလေးရေ…
မမြင်နိုင်သောအနာဂါတ်နေ့ ရက်များကို
ရှုရှိုက်ဖို့ မျှော်လင့်ရင်း
ပုံသေနည်းများနဲ့  နက္ခတ္တပညာရှင်များ
ရာသီမှားခဲ့ကြတဲ့ပွဲမှာ
ဘာလို့ အနီကဒ်တွေလမ်းမှားပါလာရတာလဲ။

လက်ရည်တူခွင့်မရသောပြိုင်ပွဲများနှင့်
ဟာမူရာဘီ၏ ကိုဓ ဥပဒေ
သက္ကရာဇ်တွေပြိုခဲ့တာသေချာရဲ့လား။

အရော်အစားကြီးမားလွန်းသော
သံသရာ
ဝဋ်ကြွေး
ကိုယ်ပိုင်ဆန္ဒနှင့်နှုတ်ထွက်ခွင့်မပေးသော ကမ္ဘာ
စကြ၀ဠာရဲ့ အမှန်တရား
….တစ်ခုခုမှားနေခဲ့တာတော့သေချာတယ်။

အမှတ်တမဲ့နှင့်လစ်လျူရှုခဲ့ကြသော
ကိုယ်ကျင့်တရားအမှားများ
ကျနစွာစုပုံအေးခဲသွားသောအခါ
ကံကြမ္မာ
သံသရာ
ကမ္ဘာ
ဂီတ… ငါ…..မင်း…
ဘီလူးသီချင်းတွေကတောင်ပျင်းစရာကောင်းလာတယ်။

အတိတ် ပစ္စုပ္ပန် အနာဂါတ်
ကာလ သုံးပါးကိုမဖတ်ရှုတတ်တဲ့
မစ္ဆိများရဲ့ခြုံခိုတိုက်ခိုက်ခြင်းကကင်းဝေးတဲ့
ကောသလမင်းကြီးအိပ်မက်မမက်ခင်ည
ငါတို့ ပိုင်ဆိုင်ခွင့်ရခဲ့ရင်…..။ ။