Sunday, October 20, 2024
ကိုလွမ်းဝေနိုင် (ကိုတင်ကို) ဆုံးတာ16th Jan 2024 မှာ ၅နှစ်ပြည့်ခဲ့တယ်။  စတင်ဖွံ့ဖြိုးလာတဲ့ စာနယ်ဇင်းအလုပ်တွေကို ပြန်လှည့်ကြည့်လိုက်ရင် သူက တက်ကြွစွာ လုပ်ဆောင်ခဲ့တဲ့သူတွေထဲက တစ်ယောက်ပဲ။ တချိန်တုန်းက ပေါ်ပြူလာ ဂျာနယ်တိုက် ဆိုတာ သူ့ကြောင့်သာမဟုတ်ရင် မကြာခဏရောက်ဖြစ်တဲ့နေရာတစ်ခုမဟုတ်နိုင်ခဲ့ဘူး။ သူ့ကြောင့်သာ ပေါ်ပြူလာဂျာနယ်ရဲ့ ဖောင်ပိတ်ရက်တွေမှာ ကိုယ်တွေပါ တရုန်းရုန်းးရှိနေခဲ့တာ။ လူတွေစုံပြီး အသံတွေဝေစီ ဆူညံနေတဲ့ ညနေခင်းတွေဟာ ပေါ်ပြူလာဂျာနယ် ဖောင်ပိတ်ရက်တွေပဲ။ အဲဒီတုန်းက ဆရာဟိန်းလတ်က အယ်ဒီတာချုပ်၊ ကိုလွမ်းဝေနိုင်က တာဝန်ခံအယ်ဒီတာ၊ ကိုမျိုး (မြန်မာစာ)က အယ်ဒီတာ၊ နောက် အဲဒီမှာ အမျိုးသမီး အယ်ဒီတာလေး ၂ယောက်ရှိသေးတယ်။ ၂၀၂၁ က စလို့ အခန်းတစ်ချို့ ပျောက်ဆုံးသွားတဲ့ မှတ်ဥာဏ်က မျက်နှာလေးတွေမြင်ယောင်နေပေမယ့် သူတို့ နှစ်ယောက်နာမည်ကိုတော့ ပြန်ထုတ်မပေးတော့ဘူး။ 
ညနေစောင်းက စလို့ လူတွေတဖွဲဖွဲ ရောက်လာပြီ။ စာမူတွေလာပေးကြတယ်။ ပုံတွေလာပေးကြတယ်။ တစ်ယောက်တပေါက် ဆူညံအော်ဟစ် ငြင်းခုံ ပြောဆိုနေတဲ့ အချိန်နာရီတွေထဲမှာပဲ အယ်ဒီတာတွေဟာ သူတို့အလုပ်သူတို့ ပြီးအောင်လုပ်သွားတယ်။ အရေးပေါ်လိုတဲ့စာမူတွေကို ရောက်နေတဲ့သူတွေထဲကလည်း တထိုင်တည်း ချရေးပေးနိုင်ကြတယ်။ လိုတဲ့ပုံကို တစ်ထိုင်တည်း ကောက်ရေးပေးနိုင်ကြတယ်။ ပျော်စရာကောင်းပြီး အလုပ်တွေလည်း ပြီးခဲ့တဲ့ ညနေခင်းတွေပဲ။ သူတို့တွေညဘက်ထိ ကျန်ခဲ့ပေမယ့် ကိုယ်ကတော့ ညနေစောင်းရင်ပြန်တာပါပဲ။ ညနက်တဲ့ထိ နေခဲ့ကြသူတွေဆီကနေတော့ လွမ်းစရာညပုံပြင်တချို့ကို ပြန်တောင်း ထုတ်ကြည့်လို့ရနိုင်မယ်ထင်ပါရဲ့။ 
တကယ်တော့ ကိုလွမ်းဝေနိုင်ကို ကိုတင်ကိုလို့ စခေါ်ပြီးသိခဲ့တာပါ။ သူလွမ်းဝေနိုင် ကိုယ်မနော်ဟရီဖြစ်မှသိကြတာမျိုးမဟုတ်ပဲ တောင်ငူဆောင် ကင်တင်းမှာ စသိခဲ့ကြတယ်လို့ ထင်တာပဲ။ တကယ်က ဒဿနိကဗေဒအတန်းတွေနဲ့ နီးတဲ့ ဝိဇ္ဇာကင်တင်းလည်း ဖြစ်နိုင်တာပဲ။ သူက ဒဿနိကဗေဒဌာနကကိုး။ အဲဒီမှာလည်း ဆရာလုပ်ခဲ့သေးတယ်။ စသိချင်းမှာတော့ သူက ကျောင်းတက်တုန်း။ သူက ကိုယ့်ထက် အသက်ကြီးပေမယ့် အတန်းကျငယ်တယ်။ ဒါပေမယ့် အဲ့ချိန်တည်းက ကျူရှင်ဆရာပေါက်စ။ လောကမှာ စကားပြောကောင်းသူတွေအများကြီးတွေ့ ခဲ့ဖူးတယ်။ သူကျတော့ စကားပြောကောင်းတယ်ရယ်လို့ ဆိုနိုင်တဲ့ထဲမပါပေမယ့် အတော်တော့ ပေါက်ကရတွေ ရယ်စရာတွေပြောတတ်တဲ့ထဲပါတယ်။ စကားပြောတဲ့အခါ ကိန်းကြီးခန်းကြီးမပါပဲ ပွင့်လင်းရိုးသားမှုကိုခံစားရတယ်။ တခါတလေ ကိုယ်တွေစိတ်ရှုပ်လာရင် အတန်းလစ်ပြီး ဒဿနိကအတန်းတွေနားက ကင်တင်းဆီသွားတာပဲ။ အဲမှာ ဆရာဦးအေးကျော်တို့ ဆရာနန္ဒသိန်းဇံတို့ကိုလည်း တွေ့ရနိုင်တယ်လေ။ အဓိကကတော့ ဆရာကြီးတွေစကားဝိုင်းကို ဘေးဝိုင်းက ခိုးနားထောင်တာထက် ကိုလွမ်းဝေနိုင်တို့ နဲ့ ဝိုင်းပြီး တဟားဟား ပေါက်ကရတွေပြော ရယ်ကြတာပါပဲ။ ပြီးရင် စိတ်လက်ပေါ့ပါးစွာ ပြန်လာကြတယ်။ ခုနေပြန်စဉ်းစားကြည့်တော့ အဲဒီအရွယ်က စိတ်ရှုပ်တယ်ဆိုတာ ဘာမှမှမဟုတ်ပဲ။ ဒါပေမယ့် အဲဒီလို ဘာမှမဟုတ်တာလေးတွေကိုပြေစေမယ့်သူတွေက အနီးအပါးမှာရှိနေခဲ့ကြတယ်။
ကျောင်းတော်ထဲကနေရွေ့လာပြီး ပေါ်ပြူလာမှာပြန်ဆုံကြတယ်။ စာမူကို ဒိုင်ခံပို့ရသူက ကိုယ်ဆိုတော့ အပတ်စဉ်လိုဆုံဖြစ်တယ်။ လမ်းဘေးလက်ဘက်ရည်ဆိုင်လေးတွေကခုံပုလေးတွေပေါ်ထိုင်ရင်း ကမ္ဘာကြီးနဲ့ ကိုယ်တွေကမ္ဘာလေးရဲ့  update တွေ တနင့်တပိုးပြောခဲ့ကြဖူးတဲ့ နေ့ရက်တွေပေါ့။ တခါသား သူနဲ့ ကိုရွှေဘုန်းနဲ့ ကဗျာတစ်ပုဒ်နဲ့ ပတ်သက်ပြီး အကြီးအကျယ် ပြဿနာတက်ကြတယ်။ စကားတွေများတယ်။ တယောက်နဲ့တယောက် စကားမပြောကြတော့ဘူး။ ဒါပေမယ့် စာမူကကျ ပေါ်ပြူလာအခန်းဆက်ဆိုတော့ ဆက်ပေးနေတော့ ကိုယ်က အပတ်စဉ်စာမူသွားပို့ရတယ်။ တိုက်ရောက်ရင် ကိုလွမ်းဝေနိုင်က ဟိုဟာကြီးရော လို့ မေးတတ်သလို ဟိုကလည်း အိမ်ပြန်ရောက်တာနဲ့ ဟိုအကောင်ဘာပြောသေးလဲနဲ့ စတယ်။ တစ်ရက်သား ချောင်းတွေအရမ်းဆိုပြီး တိုက်ကိုရောက်သွားတော့ ( ကိုကို့ကို လွယ်ထားတဲ့ ကိုယ်ဝန်ကလည်း အရင့်အမာနဲ့ ) ဟိုဟာကြီး ကဘာလုပ်နေလို့ နင်က လာရတာလဲဆိုပြီး ဆူရင်းဆဲရင်း ကွမ်းရွက်ပုံတွေဖျော်တိုက်တာ။ သူတိုက်မှပဲ ကွမ်းရွက်ပုံဆိုတာ သောက်ရကောင်းမှန်းသိခဲ့တာကို သတိရတယ်။ ခင်ဗျားလင်ကလေ ၊ ဟိုဟာကြီးကလေ နဲ့   နောက်နှစ်တွေကျော်သွားတော့ သူတို့ပဲ ဟီးဟီးဟားဟားနဲ့ ပြန်ဖြစ်သွားတာပါပဲ။ 
သူ ပေါ်ပြူလာကနေ ထွက်သွားတော့ ကိုယ်တွေလည်း ပေါ်ပြူလာဘက်ကို အရောက်နည်းသွားတော့တာပဲ။ ကိုသျှီသူအောင်တို့ ကိုမျိုး တို့ ညိုသစ်ငယ်တို့ ရှိနေတဲ့ကာလတွေမှာ ရောက်ဖြစ်ပေမယ့် အရင် ခေတ်ဦး ပေါ်ပြူလာလို ပျော်စရာမကောင်းတော့ဘူး။ ပုံမှန်နေသားကျနေတဲ့နေ့ရက်တွေကနေ ရုတ်တရက် သူလည်းရွေ့ ကိုယ်လည်းရွေ့ နဲ့ ရွေ့သွားလိုက်ကြတာ ။ အရင်လို တပတ်တခါ ၊ နှစ်ပတ် တစ်ခါတွေ ဖောင်ပိတ်ရက်တိုင်း စာမူပို့စရာမလိုတော့ မတွေ့ဖြစ်ကြတော့ဘူး။ ဟိုနိုင်ငံ ဒီနိုင်ငံ စ ကူးနေပြီဖြစ်တဲ့ ကိုယ်က ပိုဆိုးတာပေါ့။ မြန်မာပြည်ပြန်ရောက်ပြီဆိုတာနဲ့ ၆လစာလောက်အလုပ်တွေ တခါတည်းလုပ်ထားခဲ့ရတတ်တော့ ခေါင်းတောင်မဖော်နိုင်။ သူနဲ့ ဟိုထွက် ဒီတိုက် လောက်ပဲ ဆုံဖြစ်တော့တယ်။ မှတ်မှတ်ရရ အရင်လို စကားဝိုင်းမျိုးနဲ့ ပြန်ဆုံဖြစ်တဲ့ အချိန်တစ်ချိန်တော့ရှိတယ်။ အဲဒါက ကိုယ်မြန်မာပြည်ပြန်ရောက်စ ရက် တစ်ရက်ပဲ။ သူဖုန်းလှမ်းဆက်တယ်။ ဟဲ့ အဖွားကြီး ငါတို့ ကန်တော်ကြီးမှာရှိမယ် လာခဲ့ တဲ့။ ( တခါတခါ သူက ကိုယ့်ကို အဲ့လိုခေါ်တယ်။ ပွစိဗျစ်တောက်အပူများလို့ခေါ်တယ် ထင်တာပဲ ) ဟင် ငါတို့ ဆိုတော့ ဘယ်သူတွေပါလို့လဲ ဆိုတော့ ကိုကိုကြီး တဲ့။ အကြည်တော်ကိုပြောတာပါ။ အကြည်တော်ကို ကိုယ်တွေက ကိုကိုကြီးလို့ပဲ ခေါ်ပါတယ်။ အဲဒါက သူ့ရဲ့အရင်ကလောင်နာမည်တစ်ခုလည်းဖြစ်တယ်။  ဘာလုပ်ကြမလို့လဲ လို့ မျက်လုံးပြူးပြီး မေးမိတယ်။ သူတို့က သောက်ကြမှာကို ကိုယ်က အတတ်သိပြီးသားလေ။ သူက ဟဲ့ ဘာလုပ်ရမှာလဲ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြောမယ်လေတဲ့။ ဖုန်းပေါ်မှာတင် အော်ရယ်မိကြပြီး အဲဒီရယ်သံတွေကို ပြန်အမှတ်ရသွားမိတဲ့ အဖွားကြီးလေးဟာ ကန်တော်ကြီးထဲက ဆိုင်တန်းတွေဆီကိုရောက်သွားပါတော့တယ်။ 
မှတ်မှတ်ရရ အဲဒီညနေမှာ အဲဒီကန်တော်ကြီးထဲက ဆိုင်လေးမှာ လူသိပ်မများဘူး။ သုံးယောက်တည်းနဲ့ ရေပက်မဝင် စကားတွေလုပြောကြ၊ ကိုယ့်အကြောင်း သူ့အကြောင်း သူများအကြောင်း၊ လောကကြီးအကြောင်း၊ လောကဓံအကြောင်း ။ အစုံ။ တချိန်က ကိုယ်တို့ထိုင်နေရာနေရာကနေ လှမ်းမြင်နေရတဲ့ ကန်စပ်စားပွဲလေးမှာ စာထိုင်ရေးနေကျ ကိုအောင်မင်းသိမ်းကို သတိရတဲ့အကြောင်းလည်းပါသလို ခုလောက် ဟိုမှာလူစုံနေပြီဆိုတာမျိုးလည်းပါရဲ့။  (ခုဆို ပိုစုံပြီပေါ့။ ဒီဘက်ကမ်းမှာသာ ချစ်ခင်သူတွေကျဲပါးကျန်ခဲ့တာ။) 
မှောင်ရီသမ်းတာနဲ့ အိမ်ပြန်ဖို့ ဖင်ကြွနေတတ်တဲ့ ကိုယ့်ကို သူတို့နှစ်ယောက်က ပြန်ပို့ပါ့မယ်ဆိုတဲ့ ကတိနဲ့ ည ၈နာရီကျော်တဲ့ထိ ဆွဲထားခဲ့တယ်။ သူတို့ နှစ်ယောက်သောက်တာလည်း အတော်များနေပြီ။ ဘီယာပဲ သောက်တာဆိုပေမယ့် သူတို့ က မမူးဘူး ဘယ်လိုပြောပြော ကိုယ်ကတော့ သူတို့အနေအထားကို စိတ်မချ။ အတင်းအဓမ္မပြောတော့မှ ၈နာရီခွဲလောက်မှာ ထကြတယ်။ ကားငှားဖို့လွယ်ပါ့မလားမသိဘူးလို့ ရေရွတ်တော့ ကိုကိုကြီးက ကားပါတယ်တဲ့။ Best seller ဆရာကြီးတယောက်ကားပါတာမဆန်းပါဘူး။ သူပို့မယ်ဆိုတော့ ပို့ပေါ့။ ခါတိုင်းလည်း ဒီလိုပဲ သူ့ကားနဲ့ သွားဖူးတာပဲ။ ကားနားရောက်တော့မှ ခါတိုင်းလို ဒရိုင်ဘာမတွေ့ရဘူး။ ဒရိုင်ဘာ ဘယ်သွားနေလဲမသိဘူး ခေါ်လိုက်လေ ဆိုတော့ ကိုကိုကြီးက သူမောင်းလာတာတဲ့။ 
မြတ်စွာဘုရား။ ကားစမောင်းတာ မကြာသေးတာ သေချာတဲ့ ကိုကိုကြီး တယောက်ကတော့ ကားသော့လေး ထုတ်ပြီး ကားတံခါးဖွင့်တယ်။ တက်တဲ့။ ငှယ် … ငါ ကားငှား ပြန်လိုက်ပါ့မယ် ဆိုတော့ မှောင်နေပြီတဲ့။ မကြောက်ဘူးလားဆိုပဲ။ ငါ နင်မောင်းတဲ့ကားစီးရမှာ ပိုကြောက်တယ်လို့တော့ မပြောရဲလို့ မပြောလိုက်မိဘူး။ ဒါပေမယ့် ကိုလွမ်းဝေနိုင်က သဘောပေါက်တယ်။ ငါသူနဲ့ အလာတည်းက စီးလာတာ။ ဒီကောင်ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်ပါတယ်လို့ အာမခံရှာတယ်။ ဟုတ်ဘူးလေ။ ခုက သောက်ထားတာလေ ဆိုတော့  ကိုကိုကြီးက သူမောင်းနေကျပါတဲ့။ ကိုလွမ်းဝေနိုင်ကို လှည့်ကြည့်တော့ ဘာမှမကြောက်နဲ့ သေလည်း ငါတို့ တူတူသေကြတာပေါ့။ ဂျာနယ်တွေ မဂ္ဂဇင်းမှာ သောက်သောက်လဲ ပါလာပြီးနာမည်ကြီးမှာ သုံးလောင်းပြိုင်ဆိုပြီး ... ပြောလည်းပြော လာပါဟ ဆိုပြီးကားပေါ် တွန်းထည့်လိုက်လို့ ကားပေါ်ရောက်သွားရတယ်။ ကန်တော်ကြီးနဲ့ ကိုယ်နေတဲ့နေရာက သိပ်မဝေးဘူး။ နောက်ကနေ ကိုယ်က မီးပွိုင့်နီနေပြီတို့  ဟိုမှာ လူ . ကား ဘာညာ ပြောပေးသတိပေးသွားရင်ရောက်တယ်။ စိတ်ပူရမှာက သူက ကိုလွမ်းဝေနိုင်ကို တောင်ဥက္ကလာပြန်ပို့ရမှာ။ ပြီးရင် သူနေတဲ့ တောင်ဒဂုံကိုပြန်ဦးမှာ။ အတွေးတွေနဲ့ အသံတိတ်နေတဲ့ကိုယ့်ကို နောက်လှည့်ကြည့်ပြီး ဘုရားစာရွတ်နေလား လည်းမေးကြသေးတာ။ လူက ဘုရားစာမရွတ်အားဘူး။ လမ်းကို ပြူးနေအောင် လိုက်ကြည့်နေရတာ။ ကိုလွမ်းဝေနိုင်ကတော့ ပေါက်ကရတွေဆက်ပြောတုန်း။ ငါတို့ သုံးယောက် တပြိုင်တည်းသေရင်က အဓိက အကြောင်းအရာပေါ့။ ရယ်ကလည်ရယ်ချင် ကြောက်ကလည်းကြောက် .. ဘယ်လိုအိမ်ရောက်သွားမှန်းတောင်မသိဘူး။ 
အိမ်အောက်မှာ ခဏလောက်ရပ်ပြီးစကားပြောလိုက်ကြသေးတယ်။ ပြီးတော့မှ ပြန်ခါနီးပြောသွားပုံက ငါတို့နှစ်ယောက်သေလည်း သုံးယောက်ထက်နာမည်ကြီးဦးမှာပါ တဲ့။ အဲ့လိုလူတွေ။ ကိုယ့်မှာသာ စိတ်တွေပူပြီး နောက်တနေ့မှာ သူတို့သက်ရှိထင်ရှားရှိနေသေးလား confirm လုပ်ခဲ့ရသေးတာ။ ခုကျတော့လည်း နှစ်ယောက်လုံး မရှိကြတော့ဘူး။ ငါတို့ အတူတူသေကြတာပေါ့ လို့ ပြောတုန်းကပြောပြီး တစ်ယောက်စီ တစ်ယောက်စီ လမ်းခွဲထွက်သွားလိုက်ကြတာ ကိုလွမ်းဝေနိုင်က ဒီနေ့ဆို ၅နှစ်ရှိပြီဖြစ်ပြီး ကိုကိုကြီးကတော့ တစ်နှစ်နဲ့ ၂လ ရှိခဲ့ပြီ။ 
သူတို့တွေ ဘယ်ရောက်နေလဲလို့ မေးစရာမလိုပါဘူး။ ငြိမ်းအေးရာမှာအတူရှိနေကြမှာ သေချာပါတယ်။ မေးချင်တာက ဘာလို့ ကိုယ်က ကျန်နေခဲ့တာရတာလဲ ဆိုတာပါပဲ။ 
#manorhary 
#16thJanuary2024 
တကယ်တမ်းကျတော့ တယောက်ယောက်အကြောင်း သတိတရနဲ့ရေးရတယ်ဆိုတာက ခုလို စိတ်တွေရှုပ်ထွေးလေးလံနေကြတဲ့ကာလကြီးမှာ တကယ့်ကို မလွယ်ကူပါဘူး။ အထူးသဖြင့်သတိရစရာပိုတဲ့သူတွေဟာ ပိုချရေးရခက်တတ်တယ်။ စကားလုံးတွေ ဖြစ်ရပ်တွေ ပလုံစီပြီး အဲဒီပလုံစီတွေ ဒီအတိုင်းလေးကျန်ခဲ့တာ။ ဘာမှဆောက်တည်လို့မှမရပဲ။ ကိုလွမ်းဝေနိုင်အကြောင်းကို ရေးခဲ့တာ ၂၀၂၄ နှစ်စက။ ခု ပြန်ဖတ်ရင်းမှ တချို့သောအကြောင်းအရာတွေပြန်ပေါ်လာတယ်။ ခု ဆြာဖိုးနိုင်လင်းက သူနဲ့ကိုလွမ်းဝေနိုင် တခြား ၆ယောက်နဲ့ ရန်ဖြစ်ခဲ့တဲ့အကြောင်းဆိုမှ သွားသတိရတာ။
တနေ့သားထုံးစံအတိုင်း ၃၆လမ်းထိပ် တက်စီကိုရပ်ခိုင်းပြီး လမ်းလျှောက်ဝင်မယ်လုပ်တုန်း လမ်းထိပ်တင် စာနယ်ဇင်းတွေတအုပ်ကြီးနဲ့တွေ့လိုက်ရတယ်။ ထိပ်ဆုံးက ကိုတင်ကို (ကိုလွမ်းဝေနိုင်)။ ကိုယ့်မြင်တာနဲ့ ” အတော်ပဲ မနော် ၊ လာ လိုက်ခဲ့တဲ့ ” ။ အူကြောင်ကြောင်နဲ့ ဘယ်လဲလို့ပြန်မေးတော့ ၃၃လမ်းတဲ့။ အင်း ဒီလောက်လူအုပ်နဲ့ဆိုတော့ လေထန်ကုန်းသွားထိုင်ကြမလို့လား တွေးလိုက်သေးတာ။ အဲဒီနေ့က အဲဒီဘက်သိပ်ခြေဦးမလှည့်တော့တဲ့ ဆရာဦးမြတ်သစ်လည်းပါတယ်။ မြင်နေကျ သိပ်မဟုတ်တဲ့ ဦးမြတ်ခိုင်လည်းပါတယ်။ ကျန်တာကတော့ ဒီတိုက်နားမြင်တွေ့နေကျလူတွေပေါ့။ မှတ်မိသလောက်က ကိုမျိုးလေး၊ ကိုကျော်သီဟ၊ ကိုဝင်းကျော်၊ စသဖြင့်။ ဘာဆန်းလဲ။ ဒီလူတွေနဲ့က လက်ဘက်ရည်ဆိုင်ထိုင်နေကျပဲဟာ။ မအူမလည်လေးနဲ့လိုက်သွားလိုက်တယ်။ ကားလမ်းကူးပြီးမှ ကိုတင်ကိုက ငါတို့ ဝေမှူးသွင်နဲ့ချိန်းရိုက်ကြမလို့တဲ့။ ငှယ် လိုက်မိလား။ တိန်လိုက်မိလားမသိဘူး။ ဆက်ပြောသေးတယ်။ နင်ပါတော့ အင်အားပိုတောင့်တာပေါ့တဲ့။ အင်းလေ။ ဟုတ်မှာပါ။ သူတို့ထဲလည်း ကိုယ်တစ်ယောက်ပဲ အားကောင်းမောင်းသန် ပါရှာတာကိုး ။ ဘာဖြစ်ကြတာလဲ ပြောဦးဆိုတော့ အဖြေမရဘူး။ အဲဒါအရေးမကြီးပါဘူး ။ နောက်မှပြောမယ်ဆိုပဲ။ ကျန်တဲ့လူကြီးတွေကြည့်လိုက်တော့လည်း တက်တက်ကြွကြွ တက်ညီ လက်ညီပဲ။ တကယ်ဆိုရင် ကိုယ်အပါအဝင် အားလုံးဟာ ကိုတင်ကိုနဲ့ရော ဝေမှူးသွင်နဲ့ရော တရင်းတနှီးသိနေပြီးသားလူတွေချည်းပဲ။ ဘာတွေဖြစ်ကုန်တာလဲမသိဘူးလို့တွေးရင်းက တွေးမရတဲ့အဆုံး ဝေမှူးသွင် တစ်ကောင် ဘာတွေလုပ်ပြန်ပြီလဲမသိလို့သာတွေးလိုက်မိတာပဲ။ လူကြီးတွေကလည်း ဟိုကျ ကြည့်ကျက်ပြီး ဆွဲတန်ဆွဲ ညှိတန်ညှိ လုပ်ကြမလို့ ပါလာတာထင်တယ်လို့လည်းတွေးလိုက်သေးတာ။ 
တကယ့်တကယ်ကျ ၃၃ လမ်းထဲလည်းရောက်ရော တကယ်ကြီး လေထန်ကုန်းက ခုံပုလေးတွေဆွဲပြီး ရိုက်မယ်လုပ်ကြတာ။ ဝေမှူးသွင်ဘက်မှာလည်း တခြားလူတွေပါတယ်ထင်တာပဲ။ သိပ်တော့ မမှတ်မိတော့ဘူး။ အားကောင်းမောင်းသန် သတ္တိခဲလေး ဒေါ်မနော်ဟာ ကိုတင်ကို့ပဲ ဝင်ဆွဲရမလို ဝေမှူးသွင်ကိုပဲ ဟန့်ရမလိုနဲ့ (ဟန့်ရအောင် တခါမှလည်း ကိုယ့်စကားနားထောင်သူတွေမဟုတ်) ။ ပါလာတဲ့လူကြီးတွေကိုပဲ ကူကြဦးလေလို့ပြောရမလို၊ အဲလို ဟိုလိုလို ဒီလိုလိုတွေနဲ့ စိုးရိမ်တကြီး ကြည့်နေတုန်းမှာပဲ ရန်ပွဲက ရပ်သွားတယ်။ ကိုတင်ကိုလည်း ပါလာသူတွေပြန်ဆွဲခေါ်လာသလို ဝေမှူးသွင်လည်း ဟိုဘက်မှာဆွဲလွဲသူတွေနဲ့ ကျန်ခဲ့တယ်။ သူ့ထုံးစံအတိုင်း ရန်ဖြစ်ခဲ့တယ်တောင်မထင်ရအောင် အပြန်လမ်းမှာလည်း ဟီးဟီးဟားဟားပဲ။ တခုပဲ အဲ့ကိစ္စရဲ့ မူလရင်းမြစ်ကို သူရော ကျန်တဲ့လူကြီးတွေကပါ ကိုယ့်ကို ဂဃနဏမပြောပြကြတာပဲ။ 
ဒီလူတွေနဲ့တွေ့ရင် တစ်ခု သတိထားရတတ်တာက .. သူတို့ရဲ့ဇာတ်ညွှန်းတွေကိုပဲ။ မနော်ရဲ့ ဘယ်သို့ဘယ်ညာဆိုပြီး ဇာတ်စုံလေးခင်းသလို အကြောင်းအရာတစ်ခုကို တည်ပြောနေပြီဆိုရင် မဟုတ်တော့ဘူးဆိုတာ သိလိုက်တော့။ ဇာတ်လမ်းတွေက ဇာတ်ညွှန်းသမားတွေလို့ မပြောရဘူး။ တကယ့်ကို ပိပိရိရိ ။ ကွက်တိတွေ။ ပြီးမှ မနော် နင်ကလေ ယုံတာပဲဆိုပြီး တဟားဟားရယ်ကြတာမျိုး။ တခါကနေ နှစ်ခါ ဆို ကိုယ်လည်းသတိနဲ့ဖြစ်သွားတာပါပဲ။ ဟုတ်လား။ ဟုတ်တာပေါ့နော် ဆိုပြီး ရိတိတိမျက်နှာနဲ့ နားထောင်ရင် သူတို့လည်း တိုက်စစ်တစ်မျိုးပြောင်းတယ်။ မယုံဘူးလား။ မယုံရင် ဆရာဦးဟိန်းလတ်မေးကြည့်ဆိုတာမျိုး။ ဆရာဦးဟိန်းလတ်ကျတော့ လူကြီးဆိုပြီး ပထမတော့ ဆရာပြောရင်တော့ဟုတ်မယ်ဖြစ်လိုက်သေးတာ။ ပြီးမှ ဆရာက သူတို့ရဲ့ ဆရာကြီးဖြစ်နေတာ သိလိုက်ရတယ်။ ရုပ်တည်နဲ့ ကြပ်ရမယ်ဆို ထိပ်ဆုံးက လာထား ဆိုတဲ့ထဲကပဲ။ ကြာလာတော့လည်း သူတို့နဲ့ ရေလိုက် ငါးလိုက်တင်မကဘူး။ တခုခု ဇာတ်ညွှန်းရေးနေပြီဆို ကိုယ်ပါဝင်ရေးဖို့ ဝန်မလေးဘူးဖြစ်ကုန်တော့တာ။
ဒါပေမယ့် ကိုယ့်အတွက် ကိုတင်ကိုရဲ့ သတိပေးမှု မှာကြားမှုတွေကတော ဒီနေ့ထိ မှတ်မိနေစေပြီး မှန်လည်း မှန်နေခဲ့တယ်။ လမ်းထိပ်က ဘရာကြော်သုပ်သည်ဆီမှာ မစားနဲ့ ဆိုတာမျိုးလေးက အစ … ဟိုလူနဲ့ မပေါင်းနဲ့။ ဒီလူက ဘယ်လို ဆိုတာတွေအဆုံးပေါ့။ ဟဲ့ မနော် ဒီလူက နင်လေးစားရမယ့်လူမဟုတ်ဘူး။ ဆရာတွေဘာတွေသွားလုပ်မနေနဲ့ ဆိုရင် သေချာတယ် အဲဒီလူဟာ တခုခုနဲ့ ကိုယ့်စည်းထဲက လွင့်သွားတတ်တာမျိုးချည်းပဲ။ မနော် ဒီလူကဖြင့် ဘယ်လိုကောင်းကွက်ရှိတယ်လို့ သူပြောထားတဲ့သူတွေကိုကြည့်လိုက်ရင်လည်း ဒီနေ့ထိ ပြစ်ချက်မရှိဆိုတာမျိုး။  သူချစ်တဲ့သူတွေအတွက်ဆို သူဟာ အဆုံးစွန်ကောင်းတတ်ပြီး သူမနှစ်သက်သူဆိုလည်း ကိုယ့်လို ဟန်သိပ်မဆောင်သူမျိုး။ အဲ့လိုပြောလို့ ဒီလူက လူကောင်းမို့လို့လားရမေးရင် ကျမအတွက်တော့ ကောင်းပါတယ်။ လူတိုင်းလူတိုင်းမှာ အခြေအနေအကြောင်းတရယပေါ်မူတည်ကြီး တုံ့ပြန်မှုကွဲတတ်တာမို့ လက်ဖမိုးဘက်ကကြည့်ရင် လက်ဖမိုး အဖြစ်မြင်ရနိုင်ကြီး လက်ဖဝါးဘက်ကကြည့်ရင်တော့ လက်ဖဝါးပဲမြင်ရမှာပါပဲ။ 
ကျမတို့ နှစ်ပေါင်းများစွာ အလုပ်တွေအတူလုပ်ခဲ့ကြတယ်။ လက်ဘက်ရည်ဆိုင်တွေအတူထိုင်ခဲ့ကြတယ်။ အုပ်စုလိုက် အော်ဟစ်ရယ်မောခဲ့ကြတယ်။ အော်ဟစ်ငြင်းခုံခဲ့ကြတယ်။ ရန်တွေဖြစ်ကြတယ်။ ဒါပေမယ့် ရန်သူတွေမဟုတ်ခဲ့ကြဘူး။  တွေ့ကြုံ ဆုံကွဲ ဆိုတဲ့ လောကကြီးထဲမှာ တချို့လူတွေဟာ ကွဲကွာသွားပေမယ့် ဘယ်ချိန်ပြန်တွေ့တွေ့ ဒီတိုင်းပဲရှိနေတတ်ကြတယ်။ ခု မရှိတော့ဘူးဆိုပေမယ့်လည်း တခါတခါ သူတို့မရှီတော့ဘူးဆိုတာ မေ့နေတတ်တယ်။ အရင်ကလိုပဲ အမှတ်တမဲ့ မထင်မှတ်ထားတဲ့နေ့တနေ့မှာ ဖုန်းခေါ်သံလေးဝင်လာပြီး ဟဲ့ ငါတို့ဘယ်မှာ နင်လာခဲ့ဆိုတာမျိုး၊ ငါ ဘယ်သူနဲ့ချိန်းရိုက်မလို့ လိုက်ခဲ့ဦး ဆိုတာမျိုးလည်း ဖြစ်လာနိုင်သေးတာပဲလို့ တခါတခါထင်မိနေတုန်း။ 
Tuesday, October 8, 2024
တခါတုန်းဆီက ချစ်သော မမဝိုင်းက ပြောဖူးတယ်။ ထုံးစံအတိုင်း ကျမတို့ ဝိုင်းဖွဲ့စားသောက်နေကြချိန်မှာပေါ့။ “ဘာစားနေတယ်ဆိုတာက အရေးမကြီးပါဘူး။ ဘယ်သူနဲ့စားတယ်ဆိုတာကသာအရေးကြီးတာ” တဲ့။ မဖြူနုကလည်းတခါကရေးဖူးတယ်။ အစားအစာတွေဟာ အတိတ်က ခံစားချက်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာမျိုး။ သေချာအတိအကျကြီးတော့ စာသားတွေမမှတ်မိတော့ဘူး။ တစ်စုံတရာကို မစားဖြစ်တော့တာဟာ၊ စားမိတိုင်းမျက်ရည်ဝိုင်းရတာဟာ၊ တခုပ်တရ ချက်စားဖြစ်တာဟာ၊ စားမိတိုင်း ပျော်ရွှင်မှုတွေပြန်ရောက်လာသလိုခံစားရတာဟာ၊ အတိတ်က ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေသလို စိတ်ခံစားမှုတွေနဲ့လည်း ဆက်စပ်နေလို့ပါပဲ။ ခု .. ကျမတို့လို အဝေးတနေရာကို အလိုမတူပဲရောက်နေကြတဲ့သူတွေဆိုပိုပြီး သိမှာပါ။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ယဉ်ကျေးမှု၊ ရိုးရာ အစားအစာ စတာတွေနဲ့ ကြီးပြင်းလာတဲ့သူတွေမို့လို့ ဘယ်လိုပဲပြောပြော အချိန်တန်ရင်တော့ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အစားအစာတွေကို သတိရလွမ်းဆွတ်လာတတ်တာပဲ။ 
တနေ့က အိမ်ကို အထူးဧည့်သည်လေးတွေလာမယ်ဆိုလို့ သူတို့လည်း မစားရတာကြာနေပြီဖြစ်တဲ့ ဝက်သားတုတ်ထိုးလေး လုပ်ကျွေးဖြစ်တယ်။ အဲဒီမှာ ကျမက ကြာဇံကြော်၊ အချဉ်ရည်က အစ ရန်ကုန်တုတ်ထိုးလေးတွေနဲ့တူအောင် လုပ်ဖြစ်တယ်။ တချို့ဆိုင်တွေမှာ ဂေါ်ဖီကို ခပ်ကြမ်းကြမ်းကြီးကြီး လှီးပြီး ကြာဇံထဲထည့်ကြော်တာမျိုး။ အိမ်ကလူတွေကျ မကြိုက်ဘူး။ ကျမကို ဘာတွက် ဆိုင်တွေအတိုင်း တသွေမသိမ်းလိုက်လုပ်စရာရှိလဲလို့ ဆိုတယ်။ ကျမလည်း ကြိုက်လို့မှမဟုတ်တာ။  ကျမက ကိုယ့်စိတ်ခံစားချက်နဲ့ကိုယ်။ ကိုယ်စားခဲ့တဲ့ ဆိုင်လေးတွေရဲ့အငွေ့အသက်လေးတွေပြန်ဖမ်းခေါ်ယူချင်မိတာမျိုး။ (အတိအကျပြောရရင် ဝက်သားတုတ်ထိုးဆိုတာလည်း ဘယ်အချိန် ဘယ်နေရာမှာလုပ်လုပ် ကျမက သူများကို ကျွေးချင်လို့ကို ချက်ပေးလုပ်ပေးတာမျိုးဖြစ်ပြီး ကိုယ်တိုင်ကျ ဝက်သားကို အဲ့လို တခုပ်တရ သိပ်စားလေ့မရှိသူ)  အဲဒီခံစားချက်မျိုးကို ကိုယ်တွေလိုလူချင်းမှ နားလည်လိမ့်ထင်မယ်။ အစားအသောက်ကို ခံစားချက်နဲ့ ဆက်စပ်စားသုံးသူတွေပေါ့။ အဲ့လိုမှမဟုတ်ရင်တော့ နားလည်နိုင်လိမ့်မယ်မထင်ဘူး။ ရန်ကုန်ကို သတိရစိတ်နဲ့ မုန့်လင်မယား လုပ်စားတယ်။ ဘူးသီးကြော် ကြော်စားတယ်။ လက်ဘက်ထမင်းလေးလုပ်စားတယ်ဆိုတာကလည်း စားချင်စိတ် သက်သက်ထက် သတိရခြင်းတွေက ပိုတယ်လို့ဆိုရင်လည်း စိတ်တူသူချင်းမှ နားလည်ပါလိမ့်မယ်။ 
ကျမတို့အုပ်စုဟာ ရန်ကုန်မှာဆိုရင် မကြာခဏ ချိန်းပြီး တနေရာမဟုတ်တနေရာမှာ တခုခုသွားစားဖြစ်ကြသလို၊ ကျမအိမ်မှာလည်း ချက်စားဖြစ်၊ ဖိုးစိန်တို့ ဝေလင်းတို့ ပြာပြာတို့ ဆိုင်ဖွင့်တုန်းကဆိုလည်း သူတို့ဆိုင်မှာ ဆုံကြ စားချင်တာချက်ခိုင်းပြီးစားခဲ့ကြတာလေ။ သန်လျင်ထိသွား ကြက်ကြော်နဲ့ ကြက်သားဘူးသီးကာလသားချက်ကို တခုတ်တရသွားစားရင်စားကြသလို၊ ပုံပုံတို့ဆိုင်မှာလည်း စကောထမင်းသွားစုစားရင်စားတတ်ကြတာ။ အဲလိုမှမလုပ်ရရင် အိမ်မှာတင် တစ်ယောက်တမျိုးစီချက်လာကြပြီးလည်း စုစားကြတယ်။ ကိုယ့်ဘာသာချက်စားလည်း ဒီထမင်း ဒီဟင်း ၊ ဒီမုန့်ဟင်းခါး၊ ဒီမုန့်ပဲ။ ဒါပေမယ့် အတူတူ စားကြတဲ့အခါ အဲဒီအတူရှိနေခြင်းရဲ့ အရသာတစ်ခု ပိုလာတာပေါ့။ 
လက်ဘက်သုပ်ကို ဒေါ်ရိတ်ကြီး စတိုင်လ်လေး သုပ်ဖြစ်တာ၊ ရခိုင်မုန့်တီကို ကျောက်ဖြူနဲ့ တူအောင် ချက်စားချင်တာ၊ ရှမ်းခေါက်ဆွဲကို အမှတ်တရ လို၊ တိုဟူးနွေးကို ကလောက မပုံ့တိုဟူးနွေးလို လုပ်စားချင်တာ၊ နန်းကြီးသုပ်နဲ့ လက်ဘက်ရည်ကို lucky seven ကလိုအရသာမျိုး ရချင်တာ၊ ဘူးသီးကြော်ကို စိန်ပေါလ်ကျောင်းနားက အချဉ်လိုမျိုးနဲ့ရအောင်လုပ်ဖြစ်တာ၊ ကြာဇံချက်ကို လှည်းတန်းဈေးနောက်က ဆိုင်ကလေးလို ချက်ဖြစ်တာ၊ အုန်းနို့ခေါက်ဆွဲကို ခပ်ကျဲကျဲနဲ့ ခြေထောက်ရိုး၊ ခေါင်းရိုး လည်ချောင်းရိုးတွေနဲ့ချက်ချင်တာ၊ မုန့်ဟင်းခါးကို လယ်ငါးခူလေးနဲ့မှ ချက်ပြီး ဒီနိုင်ငံမှာ အင်မတန်ဈေးကြီးတဲ့ shallot ကိုမှ ဥလိုက်ထည့်စားချင်တာ၊ မြန်မာကြက်ကို အနှစ်ကျကျချက်ပြီး ချဉ်ပေါင်ကြော် ငရုတ်သီးကြော်လေးနဲ့ Country Home က ဖက်ထမင်းလို ဖက်မပါပဲ ဖက်နံ့ကို စိတ်နဲ့ဖမ်းယူပြီးချက်စားဖြစ်တာတွေဟာ သတိရခြင်း သက်သက်တွေသာပါပဲ။ ကျမတို့ရဲ့ သတိရခြင်းနဲ့ ချစ်ခြင်းတွေဟာ ဘယ်လောက်များ ရိုးရှင်းလိုက်သလဲ။ ဒါနဲ့တောင် မရိုးရှင်းသူတွေရဲ့ ဇာတ်ကွက်မှာ သွက်သွက်ကြီး စီးထွက်မျောပါ ဝေးရာရောက်ခဲ့ကြရတာ။ 
တခါတခါတော့လည်း အတ္တကြီးလွန်းသူ လူတယောက်နဲ့ အပေါင်းအပါတွေကြောင့် အတ္တဆိုလို့ သတိရခြင်းနဲ့ နှောင်ကြိုးသက်သက်လောက်သာရှိကြတဲ့သူတွေမှာ ဒုက္ခရောက်ကြရတယ်။ သန်းပေါင်းများစွာသောလူတွေဟာ နက္ခတ်တစ်ခုတည်းမှာမွေးဖွားခဲ့ကြလို့ ဒီလိုဒုက္ခတွေစုခံနေရတယ်လို့ဖြင့် ကျမတော့ လက်မခံချင်ပေါင်။ တနေ့တော့ ပြန်ဆုံမယ်လို့ ဆိုကြရင် ပြန်ဆုံဖို့ကို စိတ်ရောလူပါ အားထုတ်ဖို့တော့လိုတာပေါ့နော်။ နှုတ်ဖျားလက်ဖျားကထွက်ကျလာတဲ့ စကားလုံးလောက်နဲ့တော့ ပြန်ဆုံခြင်းတရားဟာ ရောက်ရှိလာမှာမဟုတ်ပါဘူး။ ခုထက်ပိုပြီး ချစ်ခြင်းတွေစိုက်ထည့်ပေးစေချင်မိတာပါပဲ။
#မနော်ဟရီ #manorhary
#goodfoodisthefoundationofgenuinehappiness 
#၇အောက်တိုဘာ၂၀၂၄
Wednesday, October 2, 2024
 နိုင်ငံတော်ရဲ့ နိစ္စဓူဝတရားဟာ အသည်းကွဲခြင်းပါပဲ
မနေ့ကအသည်းကွဲမှုနဲ့ ဒီနေ့အသည်းကွဲမှုက 
အကြောင်းအရာသာကွဲမယ် အတိမ်အနက်ကထပ်တူ
စိတ်တွေ အက်ကွဲပူပြင်းလာလိုက် 
ဘဝရဲ့ဒီရေတွေက မြင့်တက်လာလိုက်နဲ့ 
သောကနဲ့ မျက်ရည်က တလှည့်စီ .. 
လွဲခဲ့သော လမ်းမများ၊ လွှဲခံလိုက်ရသော အနာဂတ်များ
ခြေကျင်ခရီးသည်ဟာ "နိုင်ငံတော်" ပါ ... 
တလှမ်းချင်းလှမ်းနေရတဲ့လမ်းမှာမှ 
ကျည်ဆံတွေက နားထင်ဆီ ဖြတ်ဝင်လာလိုက် 
ရေတွေက နှလုံးသားထဲထိ စိမ့်လျှံတက်လာလိုက် နဲ့ ... 
ဘဝတွေက စုန်းစုန်းမြုပ်လို့ ... 
ဘယ်သူပြုပြု နိုင်ငံတော်ကိုသာလာမှုနေတော့တဲ့အခါ 
အသည်းကွဲခြင်းအမှုသာ နိစ္စဓူဝတရား ဖြစ်လာခဲ့ ..
တိတ်တဆိတ် ကမ်းလာတဲ့ လက်တွေ...ပြီးတော့ 
အကြိမ်တထောင်အသည်းကွဲလည်း
အကြိမ်တထောင်ထပ်ချစ်ဦးမယ့် စိတ်တွေ
မျက်ရည်တွေနဲ့ ပြုံးနေကြတဲ့ နာကျင်မှုတွေ
အဝေးကပျံသန်းလာတဲ့ ချစ်ခြင်းမေတ္တာတွေ ...
ခြေထောက်လေး တချောင်းတည်းနဲ့ 
ထောက်မတ်ထားရတဲ့ 
သံမဏိကချေသည်လေးပါ ... 
ရောင်ခြည်အသစ်တွေဆီ ပျံသန်းဖို့ အားယူရုန်းထနေဆဲ..
ချောက်ကမ်းပါးအတုတွေက တစ်ခုပြီးတစ်ခု 
ကယ်တင်ခြင်းအတုတွေက တစ်စုပြီးတစ်စု 
အစွယ်တဖွေးဖွေးနဲ့ လူ့ဘီလူးတွေကြား ....
နိုင်ငံတော်ရဲ့ ရွှေအတောင်ပံဟာ ဒါဏ်ရာတွေနဲ့ ...
ချစ်သောကချေသည်လေးရေ
အတူတူဆက်ရုန်းကြပါဦးမယ်.. 
အရှေ့ဆီက မမြင်ဖူးခဲ့ကြတဲ့ရောင်ခြည်သစ်တခုဆီ
ဦးတည်ပျံသန်း 
#ရွှေအတောင်ပံမှာဒါဏ်ရာတွေပြန်ကောင်းလာတဲ့တနေ့  
#မနော်ဟရီ #manorhary 
#၁၃ရက်သောကြာ၁၄ရက်စနေ
#စက်တင်ဘာ၂၀၂၄ 
#ရွှေအတောင်ပံမှာဒါဏ်ရာတွေပြန်ကောင်းလာတဲ့တနေ့ ဟာ ကိုတာရာမင်းဝေရဲ့ ဝတ္ထုတိုစု တစ်ခုနာမည်ပါ။ ဒီနေရာမှ ဒီစကားလုံးမှ တပါးအခြားမရှိလို့ ယူသုံးထားပါတယ်။
Monday, September 30, 2024
 တကယ်ကြီးကို Blog ပြန်ရေးဖို့ ကြိုစားအားထုတ်ပါတော့မည်။ 
Believe it or not 
manorhary
Tuesday, August 9, 2022
 blog ပြန်ရေးရင်ကောင်းမလားလို့ စဉ်းစားနေမိတာပဲ
ခေါင်းကတော့ ဘာမှထွက်မလာပါဘူး ..
အရာရာဟာ တဝေဝေတဝါးဝါးနဲ့ ...
စိတ္တဇ ကဗျာများ
Thursday, October 12, 2017
စိတ္တဇ ၁
---------------------------------------
လှမ်းဝက်လောက်ဖြစ်ဖြစ်တော့ 
နောက်ဆုတ်ခွင့်ရချင်တယ် ..
စွယ်စုံဆင်တစ်ကောင်ရဲ့ 
ခြေလှမ်းမျိုးတော့ မဟုတ်ပါဘူး ..
စူးစိုက်နစ်ဝင်နေတဲ့မြားချက် 
သက်သာလို သက်သာငြားရယ်ပါ ..
လောကမှာ 
ကိုယ့်ကိုယ်ကို ဆုံးမရတာ အခက်ခဲဆုံးပါပဲ
စိတ်ဟာ တိမ်မယောင်နဲ့ နက် ခဲ့တယ်
လိပ်ပြာဟာ ငြိမ်မယောင်နဲ့ လှိုင်းထလွယ် ...
၁၊ဇူလိုင်၊၂၀၁၆
စိတ္တဇ ၂
----------------------------------------------------------
တစ်ယောက်တည်းဆိုတဲ့စိတ်က
ငါ့ကိုယ်ငါ ဖြိုခွဲပစ်လိုက်စေမိ
အစိပ်စိပ် အမြွာမြွာ
မကြာခင် ငါ.... အားလုံး
ပြန်လည်ပျောက်ဆုံးသွား
စကားလုံးများသာ ကျန်ခဲ့ တနင့်တနဲ ..
သီခြားစီဖြစ်တည်စေဆိုတဲ့ 
ကျိန်စာဟာ ဘယ်သောခါမှခွာချမရ
တစ်ဘဝစာ....
၃၊ဇူလိုင် ၂၀၁၆
စိတ္တဇ ၃
-------------------------------------------
အသံတွေ တိတ်ဆိတ်လွန်းတယ်
ငါ့ကမ္ဘာဟာ အသံမဲ့
ခဏပြီးခဏ သေဆုံးနေတဲ့စိတ်ဟာ
အရိပ်တစ်ခုလို ငါ့အပေါ်မှာထိုးကျ
မရနိုင်မှန်းသိနေတဲ့ အလင်းတွေကို ရှာဖွေရင်း
ကိုယ့်ကိုယ်ကို ခါးသက်နေမိ
၃ဇူလိုင် ၂၀၁၆
စိတ္တဇ ၎
----------------------------------------
မတွေးဖြစ်တော့တဲ့ အကြောင်းအရာဟာ
မရှိခဲ့ဖူးတဲ့ ပျော်ရွှင်ခြင်း
အဲဒီသီချင်းက သွေးနည်းနည်းအေးတယ်
မတီးဖြစ်တော့တဲ့ ဂီတကတော့
အိပ်မက်ရဲ့ အဆောင်အယောင်
ဒီအမှောင်ကို ကျော်ရတာ နာနာကျင်ကျင်
အသံတချွင်ချွင်နဲ့
ဘဝထဲ လာစိုက်နေတဲ့ ကံတရား 
ဒီသံသရာ တံတားကိုကျော်ရင် .....
၃ဇူလိုင် ၂၀၁၆
စိတ္တဇ ၅
---------------------------
ရပ်နေမိတဲ့ စိတ်ကမ်းပါးက ..
မတ်စောက်လွန်းလှချည့်
မသိစိတ်နဲ့ အကြိမ်ကြိမ်ခုန်ဆင်း
အသိစိတ်နဲ့ အကြိမ်ကြိမ် ဆင်ခြင်
ကမ်းမမြင် လမ်းမမြင် မေတ္တာတရားကျကာမှ
တစ်ဘဝလုံး လာမှားနေခဲ့ ...ငါ့ဆီ ..
၃ဇူလိုင် ၂၀၁၆
စိတ္တဇ ၆
----------------------------------
သိမှတ်မဲ့ ခြယ်သ လိုက်မိသော ရနံ့များ
အပြစ်ကင်းချင်မိသော ချစ်ခြင်းများ ..
စိတ်တစ်ခုဆီရောက်ဖို့ ၅ မိနစ်အလို
ဘဝကို နောက်ပြန်လှည့်ဖို့ရာ မဖြစ်နိုင်တော့
မှားပြီးရင်း မှားနေခဲ့တဲ့ကမ္ဘာ
ဒီတစ်ခါလည်း ငါမှန်ပါတယ် ...
၎ဇူလိုင် ၂၀၁၆
စိတ္တဇ ၇
---------------------------------
ဘဝအဆက်ဆက်က အမှားတွေ
ခုမှ လာမှန်နေပုံမျိုးနဲ့ အကြေကြေအကွဲကွဲ ...
ဒါဏ်ရာအနာတရတွေက တလက်လက်နဲ့တောက်ပ
သိပ် .. ... လှ ..... တာ ......ပဲ ...... တဲ့လား ...
ရွာချခဲ့တဲ့ မိုးရေစက်တွေအောက်မှာ
“ဝဋ်ကြွေး” ဆိုတာကို ပြုံးပြီး ကြည့်နေမိ ...
ဘယ်တော့မှမတိတ်တော့လည်း ရှိစေတော့
လောကဓံကိုက ချော့လိုက် ချောက်လိုက်နဲ့ ..
မသေချာမှုတွေသာ သေချာတဲ့လောကထဲ
ဖမ်းမိလိုက်တဲ့အပြုံးကတင် .. ခုအရှုံးနဲ့ ကြေတယ် ..
၎ ဇူလိုင် ၂၀၁၆
စိတ္တဇ ၈
---------------------------------------------
ကိုယ့်ကိုယ်ကို ခွဲဖြိုပစ်လိုက်တဲ့ညမှာပဲ
ငါဟာ အကျအန ဖြစ်တည်သွားခဲ့တာ ..
သံသရာဟာ လွမ်းဖွယ်အတိ
အကြည့်တစ်ချက်မှာ အရာရာဟာ ပျောက်ဆုံး
ကံတရားက အဲဒီလို ကျိန်စာမျိုးနဲ့
အဖန်ဖန် အခါခါလာတယ် မပြောင်းလဲ
ပြောင်းလဲပစ်လိုက်ရတဲ့ စိတ်မှာသာ
ဒါဏ်ရာတွေနဲ့ ...
၅ဇူလိုင် ၂၀၁၆
စိတ္တဇ ၉ 
----------------------------------
မသိစိတ်နဲ့ ရနေတဲ့ အန္တရာယ် အငွေ့အသက်
အသိစိတ်နဲ့ ကွေ့ရှောင်လိုက်ရတဲ့ စကားလုံးများ
ဘာလို့များ တစ်ဘဝလုံးက လာလာခါးနေတာတဲ့လဲ
အင်ဂျင်ထဲမှာဆီလက်ကျန်မရှိသလောက် 
လက်ထဲက မီးတောက်ပြာလဲ့လဲ့လေး ပစ်ထည့်ပွဲသိမ်းလိုက်ရ ကောင်းမလား
ခါးလက်စနဲ့ ခါးနေပါစေတော့ ..
၁၀ဇူလိုင် ၂၀၁၆
စိတ္တဇ ၁၀
-----------------------
သံသရာအဆက်ဆက် ပြတင်းမှာ 
စိတ်ကူးသက်သက်နဲ့ လင်းညိုနေမိ
တွင်းဆုံးထိကျ သက်ပြင်းတွေ ..
တီးလက်စ လက်ကွက်ပြင်းပြင်းတွေကို ခဏရပ်
အနာဂတ်ဆီ ပျံသန်းကြည့်တဲ့အခါ 
ဘာဆို ဘာမှပြန်ပါမလာခဲ့ဘူး ..
ငါမရူးပါဘူးဆိုတဲ့ အရူးတစ်ယောက်ရဲ့အတွေးနဲ့
ကိုယ့်ကိုယ်ကို ငေးကြည့်နေမိ
အရှိတရားက တစိမ့်စိမ့် ခါးတယ် ...
၁၁ - ၁၃ ဇူလိုင် ၂၀၁၆
စိတ္တဇ ၁၁
----------------------------------------
လမ်းကလေးအတိုင်း တငွေ့ငွေ့ လျှောက်ခဲ့မိတာပါပဲ
ပြန်ကောက်ယူလာစရာ အရိပ်တွေမရှိခဲ့ဘူး ....လို့ ပျော်မိ
အနာဂါတ်ကို ကြည့်မိတော့ ဆက်မက်စရာ အိပ်မက်တွေလည်း မရှိတော့... 
ပကတိ ဟင်းလင်းပြင် ...
၁၄ဇူလိုင် ၂၀၁၆
စိတ္တဇ ၁၂ 
----------------------
တကယ်လို့များ... တဲ့
မမြင်နိုင်တဲ့လမ်းတွေပေါ်
စမ်းတဝါးဝါး လျှောက်မိကြရင်း
အဲဒီ သီချင်းဟာ ဝေဝါးလာ
ရသေ့စိတ်ဖြေကြိုးကွင်းများ
စိတ်အဆာပြေ အနမ်းများ
ဟန်ဆောင်မေ့လျော့ထားတဲ့ မေးခွန်းများ
အရာအားလုံးက သပ်ရပ်သေချာစွာ..
စမ်းချောင်းနံဘေးက အိမ်ကလေး
ဒါဏ်ရာအနာတရတွေနဲ့ လောကဓံ
မပန်ဖြစ်ခဲ့သောပန်းများ
တရားသဘောအားလုံး လက်တွေ့ကျကျ
ဒီနေ့ကျကာမှ
စိတ်တွေက တွင်းဆုံးကျနေခဲ့
၁၆ ဇူလိုင် ၂၀၁၆
စိတ္တဇ ၁၃
------------------------------------
လက်တွေ့ငရဲခန်းကချိုသယောင်နဲ့
စိတ်ကူးအိပ်မက်အရောင်က ပိုမှောင်တယ်
ကြေကွဲလွယ်တတ်သူတွေချည်းပါပဲ
အားနည်းလာချိန်တိုင်းမှာ 
မျက်ရည်ကျတတ်ဖို့
အချိန်တိုင်း တောင့်တင်းထားခဲ့ရ
ဒီ ဘဝက စကားသိပ်ဝဲတယ်
အလယ်လူတစ်ယောက်အတွက်ကျိန်စာ
ဘယ်သူလာရေးမှတ်ထားခဲ့တာပါလိမ့်
သံသရာဟာ တငြိမ့်ငြိမ့်နဲ့ သွေးအေးရက်စက်
ကပ်လျှောက်မိတဲ့ ချောက်ကမ်ပါးက နက်တယ်
ယုံလွယ်သူတွေမဟုတ်ပဲ ယုံခဲ့မိကြ
သတိလက်မလွတ်ပါပဲ အသိတွေ လွှတ်ချခဲ့မိကြ
အမှားတွေနဲ့ မှန်နေခဲ့မိ
ခုထိတော့ ဗလာအရောင်နဲ့
ကံကြမ္မာက ငါတို့အပေါ်
ဟန်ဆောင်ကောင်းနေတုန်း ...
၁၇ဇူလိုင် ၂၀၁၆
စိတ္တဇ ၁၄
---------------------------------
သံသရာကရှည်လွန်းတော့
စိတ်ကိုရှည်ရှည်ထားနေရ
နေရတော့ ခဏ ဆိုပေမယ့်
သေမယ်ဆိုပြန်တော့ ကြာလွန်း
ငြိနေတဲ့ မစွန်းရင်းတွေနဲ့ 
သိနေတဲ့ နစ်မွန်းခြင်းတွေ ....
အဖန်ဖန် အထပ်ထပ် 
ဖြတ်သန်းခွင့်မရှိတဲ့ အရောင်တွေ
တငွေ့ငွေ့ လောင်ကျွမ်းကျန်ရစ်
ချစ်ခြင်းမေတ္တာဆိုတာကလည်း
သွေးသိပ်နည်းတာပဲ .. တဲ့
အစိမ်းသေ နေ့ရက်တွေ
ပြန်နှုတ်သိမ်းလိုက်မိတဲ့ စိတ်မှာ
ဘာမှပြန်ပါမလာတော့ဘူး
အရူးတစ်ယောက်ရဲ့ ဗလာနယ်
နေကွယ်တိုင်းကျကျလာတဲ့ မျက်ရည်
ဒီပန်းချီကားချပ်က 
လက်စသပ်လို့ မရတော့ ...
၁၈ဇူလိုင် ၂၀၁၆
------------------------------------------------
အရေးပေါ်ခေါ်ကြည့်လိုက်မိတဲ့စိတ်က
အသိပြန်မလည် လာတော့ဘူး
သိခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာဟာ 
သံသရာတလျှောက် ပါမလာတော့သလိုမျိုး
စိုးရိမ်ဒီရေက အရေးပေါ်အခြေအနေကို ဖုံးလွှမ်းသွား
စက္ကန့်တံတွေက .. အပြေးအလွှားနဲ့ ..
ဖုန်းချလိုက်ပြီးတဲ့နောက် အသက်မဲ့စွာ ခေါင်းခါပြခံရသလိုမျိုး
ရိုးရိုးစင်းစင်းလေး ပျောက်ဆုံးသွားခဲ့တာပါ ..
နှလုံးသားနဲ့ ရင်းခဲ့ရတဲ့အရာတိုင်းက 
ထိလွယ်ခိုက်လွယ် ပျောက်လွယ် ရှလွယ် ..
မလွယ်ကူခဲ့တဲ့ အရာတိုင်းဟာ ဒါဏ်ရာပါပဲ
နာကျင်ဒီရေဟာ တရိပ်ရိပ်နဲ့ အဲဒီစိတ်ကိုနှစ်မြုပ်ပစ်လိုက်
မျက်စိတစ်မှိတ်လေးပါပဲ ...
လျှပ်ပြက်သလို လင်းလက်တောက်ပသွားခဲ့
မင်သက်ကျန်နေခဲ့တဲ့ တဒင်္ဂ
လူအ တစ်ယောက်ရဲ့ဂီတလို ...
ဆွံ့ အ တိတ် ဆိတ်
အဲဒီစိတ်က ပြန်မလည်လာတော့ဘူး ...
၁၉ဇူလိုင်၂၀၁၆ - ၅သြဂုတ်၂၀၁၆
အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က
Saturday, June 4, 2016
ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့်
ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ
ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ..မြူတွေကလည်းဆိုင်း
ထင်တိုင်းကျဲ ပစ်တိုက်နေတဲ့ စိတ်ရိုင်းကလည်း ..
ခံတပ်တံတိုင်းကို အပိုင်းပိုင်းဖြတ်ချပစ်လိုက်
ဖြစ်ချင်တိုင်းဖြစ်နေလိုက်တာ .. အားနည်းနေတဲ့အခါမှာလေ …
စိတ်ရဲ့ ရာသီဥတုတွေကလည်း  သိပ်များလွန်းတယ်
ငါတစ်ယောက်တည်း လျှောက်သွားရင်း ဖျားနေပြန်ပြီ .. ၁၀၈
အဲဒီပြတင်းတံခါးကို မဖွင့်ပါနဲ့ .. အပြင်မှာ ကျီးတွေပြိုနေတယ်
ငါ ငယ်ငယ်က အော်ဟစ်ခဲ့တဲ့ တေးသွားမျိုး ခုလည်း သူတို့နဲ့ငါ သံပြိုင်
အရှုံးအနိုင်မရှိတဲ့ ကစားပွဲတွေကိုချည်း ကစားလာလိုက်တာ
သံသရာတလျှောက်လုံးလည်း ဒိုင်ပွဲရပ်တွေချည်းပဲ …
ကိုယ့်ကိုယ်ကို ခိုက်ခိုက်တုန်အောင် လွမ်းလာတဲ့နေ့က
အနက်ရောင်မိုးတွေ သည်းသည်းမည်းမည်းရွာတယ် …
ခုတလော .. ရာသီဥတုတွေက မမှန်ဘူး မုန်တိုင်းတွေကလည်း ရူးလို့
နေရောင်ခြည်ကို ပေးပါ … နေရောင်ခြည်ကို ပေးပါ … အလင်းတစ်စပဲဖြစ်ဖြစ်
အဲလို ငါ ဟစ်အော် လိုက်မိတာ ..
အဝါရောင်ကျီးကန်းတွေ ပြိုကျလာခဲ့တယ် ….။
 မနော်ဟရီ
၁၂၊၈၊၂၀၁၀ (ကြာသာပတေး)
နက္ခတ်မှားတဲ့မြို့
Saturday, May 21, 2016
နက္ခတ်မှားတဲ့မြို့
အစ
နွေရာသီဆိုတော့ နေဝင်တာ နည်းနည်းနောက်ကျတယ်။ ဒါတောင် အတော်မှောင်ရိပ်သမ်းလာပြီ။ လက်က နာရီကို ကြည့်လိုက်တော့ ခုနှစ်နာရီ ဆယ့်ငါးသာသာ။ ဒါဟာ ရုံးဆင်းချိန်လား။ ၇နာရီခွဲမှာ ချိန်းထားတဲ့ သူတစ်ယောက်က ရုံးကနေ ၇နာရီမထိုးခင်လောက်တော့ ထွက်သင့်တာပေါ့။ ခုရန်ကုန် traffic ကလည်း ဆိုးကဆိုးနဲ့ ။ အဲဒီလို တွေးလိုက်မိပြီးမှ မထီတရီ ကိုယ့်ကိုယ်ကို ပြုံးလိုက်မိတယ်။ ကျွန်မနဲ့ ဘာဆိုင်လို့လဲ။ မောင့်ကို မျှော်တလင့်လင့်နဲ့  စောင့်မနေရစေချင်တဲ့ ဆန္ဒလား လို့ ကိုယ့်ကိုယ်ကို မေးတော့လည်း သိပ်မသေချာဘူး။ မသေချာတာလား မဖြေရဲတာလား လို့ ဝေခွဲမရဖြစ်နေတုန်း ကိုယ့်ကားရှေ့မှာ ရပ်ထားတဲ့ ကားဆီ ဦးတည်လျှောက်လာတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတယ်။
ဟော …
အာမေဋိတ်သံလေးတောင် ခပ်ဖွဖွယောင်ရမ်း ထွက်ကျသွားလား မဆိုနိုင်။ business suit ရဲ့ အပေါ်ကုတ်အကျီ င်္ကို လက်မှာ သိုင်းချိတ်ထားပြီး   လက်တစ်ဘက်က လက်ကိုင်အိတ်ကြီးကြီး တစ်ခုကို ကိုင်လာတယ်။ ကားနားမရောက်ခင် လေးငါးလှမ်းအလိုလောက်မှာ သိုင်းတင်ထားတဲ့ ကုတ်အကျီ င်္ကို ပုခုံးပေါ် ပြောင်းချိတ်ပြီး ကားသော့လှမ်း ဖွင့်တယ်။ ကားပေါ် ပစ္စည်းတွေ လှမ်းတင်နေတာကို ကြည့်ရင်း ကျွန်မသာဆိုရင် business suit ကို ဘောင်းဘီနဲ့ပဲ ဝတ်မိမယ် ထင်တယ်လို့ တွေးမိတယ်။ သူမကတော့ ဒူးထိရှည်တဲ့ စကဒ်နဲ့။   သွယ်လျ  ဖြူဝင်းနေတဲ့ေ ခြတံတွေကို        ခပ်မြင့်မြင့် လေးထောင့်ဒေါက်နဲ့ လေဒီရှူး အနက်ရောင်တစ်ရံက ထောက်ပင့်ထားတယ်။ ဒါကတော့ ကျွန်မ နှစ်သက်တဲ့ ဖိနပ်အမျိုးအစားပဲ။  ကျွန်မက ဖိနပ်ကို လေးထောင့်ဆန်ဆန်ဒေါက်တွေနဲ့ နှစ်သက်တတ်တယ်။
သူမ ကားထဲမဝင်ခင် သိပ်သေသေသပ်သပ်ကြီးမဟုတ်ပဲ ကပိုကရိုလေး တမင်ထုံးတင်ထားတဲ့ ဆံပင်တွေကို ဖြေချလိုက်တာ   တွေ့ရတယ်။  ကျောလည်လောက်မှာ အညိုရင့်ရောင် လှိုင်းတွေ ထသွားသလို ဆံပင်တွေ ဖြာကျလာတယ်။ သူမ ဆံပင်တွေက အလင်းအားနည်းနေတဲ့ အချိန်မှာတောင် တောက်ပနေလိုက်တာ။ အင်းလေ ချစ်သူတစ်ယောက်ဆီ သွားမယ့် မိန်းမတစ်ယောက်ဟာ လုပ်ငန်းခွင်ထဲက ထက်ထက်မြက်မြက် မိန်းမတစ်ယောက်လို မာတောင့် မနေသင့်ဘူး မဟုတ်လား။ သေချာတာက သူမဟာ မောင့် ချစ်သူတွေထဲမှာတော့ တကယ်လှတဲ့ ပြီးပြည့်စုံတဲ့ သူတစ်ယောက်ပါပဲ။
၁။
မောင် အိမ်ပြန်ရောက်တော့ ည ၁၁နာရီ။ ညစာစားပြီးပြီလား လို့ ကိုယ်က သူ့ကို မေးစရာမလိုပဲ သိသလို ကိုယ်ကလည်း သူ့ကို စောင့်မယ့်သူမဟုတ်ဘူးဆိုတာ မောင်သိတယ်။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်က ပြောစရာ စကားလုံးတွေ သိပ်မရှိလှဘူး။ ရုပ်ရှင်တွေထဲကလို honey, I’m home လို့ အော်ဝင်လာတဲ့သူမျိုးထဲမှာလည်း မောင်မပါဘူး။ ခါတိုင်းဆို မောင်ပြန်လာချိန်ဆို ကိုယ်က ကိုယ့်အခန်းထဲ ရောက်နေပြီ။ မောင်လည်း သူ့အခန်းထဲ သူ ဝင်ပြီး တံခါးပိတ်သွား။ မနက်မိုးလင်းတော့မှ မနက်စာစားတဲ့  အချိန်မှာ တစ်ယောက်နဲ့    တစ်ယောက်တွေ့ကြတာလည်း ကြာနေပြီ။ ဒါလည်း ကိုယ်စားစရာရှိတာ ကိုယ့်ဘာသာ ရှာစားပြီး ထွက်သွားကြတာပါပဲ။ ဒီနေ့ညတော့ စိတ်လိုလက်ရကို မောင့်ကို ထိုင်စောင့်နေခဲ့တာ အကြောင်းမဲ့ ဘယ်ဟုတ်မလဲ ။ မောင့်ကို နည်းနည်းတော့ ကလိချင်သေးတယ်လေ။
“ မောင် ”
ခေါ်သံက ခါတိုင်းလိုမဟုတ်ပဲ လျှောလျှောလျူလျူ နှုတ်က ထွက်သွားပေမယ့် မောင့်ဆီက အကြည့်ကတော့ လေးတိ လေးကန် ပဲ ပြန်ရောက်လာတယ်။ အင်းလေ။ အကြည့်တောင်    မသွက်လက်နိုင်မှတော့       ဒီလူနှစ်ယောက်   ဝေးနေကြတာ သိပ်မှမဆန်းပဲ။  မာင့်ဆီက ဘာလဲ တို့ ပြောလေတို့ကို စောင့်နေရင် စကားက ဆက်ဖြစ်တော့မှာ မဟုတ်တဲ့ အတွက် ကိုယ့်လိုရင်းကို ကိုယ်ရောက်အောင် အမြန်ပြောလိုက်ရတယ်။
“ မြူက သိပ်လှတယ်နော် မောင်၊ ထက်မြက်တဲ့ မိန်းမတစ်ယောက်ဆိုတာ အထင်းသားတွေ့ရတယ်၊ မောင့်အချစ် တွေထဲမှာတော့ မြူ့ကို ကိုယ်သဘောကျတယ်။ ကောင်မလေးကိုတော့ အပျော်မကြံပါနဲ့ မောင်ရယ် 
အထူးအထွေလေ့ကျင့်ဟန်လုပ်စရာတောင် မလိုပဲ နောက်ဆုံး အဆုံးပိတ် တောင်းပန်သံလေးက တကယ့်ကို တိုးတိုးလျလျ။ မေသူရိန် တို့ ဘယ်တုန်းက သိပ်တော်သွားတာလဲလို့ ကိုယ့်ကိုယ်ကိုတောင် မေးရတော့မလို ။
စကားအဆုံးမှာ ဒိုင်းကနဲ အလျင်အမြန် ရောက်လာတဲ့ အကြည့်စူးစူးနဲ့ အတူ နောက်က စကားလုံးမာမာတွေ ကပ်ပါလာတယ်။
“ မင်း .. မင်း … ဘယ်လိုသိ .. မြူ့ နဲ့ ဘယ်လိုတွေ့တာတုန်း ”
စကားလုံး မာမာတွေနဲ့ အတူ မောင်ကိုယ်တိုင်လည်း ကိုယ့်အနားကို လေနီကြမ်းတိုက်သလို ဖျတ်ကနဲ ရောက်လာတယ်။ ၄နှစ်ကျော်လောက် အသားချင်းမထိတာ သူမေ့သွားပုံနဲ့ ။ တကယ့်ကို နီးနီးကပ်ကပ် ။ ဒါပေမယ့် ဒေါသနဲ့ ..။
ကိုယ် မောင့်ကို အသာလေး တွန်းဖယ်ပစ်လိုက်တယ်။
“ အသားလာမထိပါနဲ့ ။ ပြောမှာပေါ့ ”
အဲဒီတော့မှေ  မာင်လည်း ဖျတ်ကနဲ        ခုမှအသိဝင်သူ     တစ်ယောက်လို   နောက်ပြန်ဆုတ်သွားတယ်။ မျက်နှာချင်းဆိုင်က ခုံမှာဝင်ထိုင်ပြီး မျက်ထောင့်နီနဲ့ ကြည့်နေတယ်။
“ ညနေက သူ မောင့်ဆီ မသွားခင် အချိန်လေးပေါ့ ”
“ ဘာ … ”
“ အော် မောင်တို့ ၇နာရီခွဲချိန်းထားတယ်လေ။ သူ ရုံးကထွက်တာ နောက်ကျတယ်။ သူ မောင့်ဆီ အချိန်မီ ရောက်ရဲ့လား”
မောင် စိတ်မရှည်တော့တဲ့ဟန်က အထင်းသား ။
“ မင်း အပိုတွေပြောမနေနဲ့  ငါမေးနေတာ မြူ့ကို ဘယ်လိုသိလဲ မြူ့ ရုံးပါ သွားရအောင် မြူ ဘာလုပ်တယ်ဆိုတာ ဘယ်လိုသိလဲ ဒါတွေအရင်ဖြေ ”
“ အို ဖြေမှာပေါ့ မောင်ရယ် .. လောနေလိုက်တာ။ မောင်က ပိရိ သေသပ်သူမှမဟုတ်တာ။ ရှေ့ ရှေ့က မောင့်ချစ်သူတွေကို ကိုယ်မသိခဲ့ဘူးလို့များ မောင်ထင်လို့လား .. ”
“ အဲဒါတွေကို ငါဂရုမစိုက်ဘူး။ ခု ငါမေးနေတာ မြူ့ အကြောင်း ”
“ မောင် မြူ့ကို တကယ်ကြီး ချစ်သွားသလိုပဲ ”
 ကိုယ်တမင်ပဲ တအံ့တသြဟန်လေးနဲ့ ပြောလိုက်တော့ ပိုဒေါသထွက်သွားပုံရတယ်။ တကယ်ပါပဲ။ မောင့်အားနည်းချက် ကိုက ဒေါသပဲလေ။
“ မင်း အပိုတွေလာပြောမနေနဲ့ … အေး ဟုတ်တယ် တကယ်ချစ်သွားတယ် ဘာဖြစ်လဲ ”
“ အင်းလေ မြူကလည်း ချစ်စရာကောင်းတာကိုး ”
“ ဘာ”
အသံက တော်တော့ကို ကျယ်လောင် ပြင်းထန်လွန်းတဲ့အတွက် ကိုယ်တကယ်ပဲ တစ်ချက်လန့်သွားမိတယ်။ ဒါကြောင့် လိုရင်းကိုပဲ ဆက်ရတယ်။
“ မောင် မနက်က ဖုန်းပြောပြိး ဖုန်းကို ဒီတိုင်းထားခဲ့တယ်လေ။ ပိတ်မသွားခဲ့တော့ ကိုယ်ဖွင့်ကြည့်လိုက်မိတယ်။ ဆောရီး။  စည်းကမ်း မရှိသလို ဖြစ်သွားတယ်။ ဒါပေမယ့် မြူ ဆိုတဲ့ နာမည်နဲ့   message လေးတစ်ခုကြောင့် ဒါတွေ သိလိုက်တယ် ဆိုပါတော့ ”
“ အဲဒီ message နဲ့ မြူ ဘယ်မှာ အလုပ်လုပ်တယ်က အစ မင်းသိနိုင်မလား ”
မောင့်ပုံကြည့်ရတာ မေသူရိန်ကို မယုံတာတော့ မဖြစ်နိုင်ဘူး။ ဘယ်လို အစထွက်သွားတယ်ဆိုတာကို သိချင်နေပုံပဲ ရတယ်။ ခုနကထက်စာရင် ဒေါသလည်း နည်းနည်း ပြေသွားပုံပဲ။
“ အော် ဒီနာမည်က သိပ်ရှာရမယ့် နာမည် မို့လို့လား မောင်ရဲ့ .. ၊ မောင်တို့ အနုပညာလောကက လူတွေလောက်ပဲ လူသိများတာ မဟုတ်ပါဘူး။ ကိုယ်တို့ စီးပွားရေး လောကမှာလည်း သူ့ ဟာနဲ့သူ အောင်မြင်လာတဲ့သူတိုင်းဟာ အဲဒီလောကရဲ့   celebrity တစ်ယောက်ပါပဲ  
မောင့်ဆီက အသံမကြားရဘူး။ တကယ်က ကိုယ်လည်း မောင့် ဖုန်း message ထဲက မြူဟာ ကိုယ်တို့စီးပွားရေး လောကထဲက မြူလို့ မထင်ခဲ့မိဘူး။ ဒါပေမယ့် ကိုယ့်လက်တံ နဲ့ နောက်ခံ အသိုင်းအဝိုင်းက ဘယ်လောက်ကျယ်တယ် ဆိုတာ မောင်သိတာပဲ။ ဖုန်း သုံးကောလ်လောက်အပြီးမှာ မြူ ဆိုတာ ကိုယ်သိထားတဲ့ မြူပဲ ဆိုတာ သိလိုက်ရတယ်။ နာမည်သာကြားဖူးပြီး သေချာမမြင်ဖူး (အမှုမဲ့ အမှတ်မဲ့ ဆိုပိုမှန်မယ် ) ခဲ့ဘူး။
“ တကယ်က ဒီနာမည်ကို ကြားဖူးတာ ကြာပြီ။ ဒီညနေမှပဲ မောင့်ကျေးဇူးကြောင့် သေချာသွားကြည့်ဖြစ်တော့တယ် ”
တစ်ခုခုကို ဆဲရေးပစ်လိုက်သလို နှုတ်ခမ်းက မသိမသာ လှုပ်သွားတယ်။ အသံတော့ မကြားရဘူး။ မောင်က ဆဲရေးတဲ့ စကားလုံးများများ စားစားမှ မတတ်တာ။ မောင် ပြောနေကျ “ သွားသေလိုက်” ဆိုတဲ့ ဆဲရေးနည်းပဲ နေမှာပေါ့။
ဆက်ပြောစရာ စကားလုံးမရှိတော့သလို ကိုယ် ထိုင်ရာက ထလိုက်တယ်။ ဘာပဲပြောပြော မောင့်ကို နည်းနည်း လှုပ်ခတ်သွားအောင် လုပ်လိုက်နိုင်တဲ့အတွက် ကျေနပ်တယ်။ ခုလို ငြိမ်သက်သွားပုံကတော့ ပျင်းစရာကောင်းတယ်။ ဒါကြောင့် ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်ဖို့ ခြေအလှမ်းမှာ … နောက်က လှမ်းအော်ပြောတယ်။
“ မှာထားမယ်နော်။ မင်း မြူ့ကို ဘာပြဿနာမှ ရှာဖို့စိတ်မကူးနဲ့ ” တဲ့
“ ပြဿနာ ?? ရှာစရာလား … ဒီလောက်ချစ်စရာလေးကို ”
“ မင်း …. မင်း .. ”
မောင် ဘာဆက်ပြောမယ်ဆိုတာ ကိုယ်စိတ်မဝင်စားတော့ဘူး။ အခန်းတံခါးကို တမင် ခပ်ကျယ်ကျယ်လေး အသံမြည်အောင် ဆွဲပိတ်ပစ်လိုက်တယ်။ စိတ်အခန်းတံခါးတွေ ပိတ်ခဲ့ကြတုန်းကတော့ ဘာလို့ အသံမထွက်ခဲ့ကြတာ ပါလိမ့်။ တိတ်ဆိတ်ခြင်းဟာ ပိုကျယ်လောင်တယ်ဆိုတာ သိပ်မှန်တာပဲ။
၂။
အားလပ်ရက်မနက်တိုင်း မြူတစ်ယောက် ဘုရားတက်တတ်တယ်ဆိုလို့ မနက်စောစောစီးစီး ဘုရားလာစောင့်ရတာ အတော်တော့ မထော်မနန်းနိုင်နေတယ်။ မေသူရိန်ဆိုတာ အလုပ်မရှိတဲ့ရက်ဆို နေမြင့်မှ အိပ်ရာထတတ်သူလေ။ ရွှေတိဂုံလို လေးဘက်လေးတန်ကနေ    ဝင်လို့ရတဲ့  ဘုရားမျိုးမတက်ပဲ ဗိုလ်တထောင်ဘုရားလို ဘုရားကိုမှ လာတတ်တဲ့ မြူ့ကိုတောင် ကြိတ်ကျေးဇူးတင်ရသေးတယ်။ မဟုတ်ရင် ဘယ်လိုမှ တွေ့ နိုင်မှမဟုတ်။ ဗိုလ်တစ်ထောင် ဘုရားကျ ဝင်ပေါက်က တစ်ပေါက်တည်း။ ဒီတစ်လမ်းကပဲ ဝင်လာမှာမို့ အသာလေး ထိုင်စောင့်ကြည့်ရုံသာ။
သူမထက်စောရောက်တာမို့ နှင်းဆီ နီနီရဲရဲတွေကို ဝယ်ပြိး ဘုရားကပ်ထားခဲ့လိုက်တယ်။ ပြန်ထွက်လာပြီး စောင့်နေတာ သိပ်မစောင့်လိုက်ရ။ မြူ ကျွန်မဝယ်တဲ့ ပန်းသည်ဆီမှာပဲ စပယ်တွေဝယ်နေတာ တွေ့လိုက်ရတယ်။ သူလည်း ကျွန်မလို စပယ်တွေကို နှစ်လိုသူလား။      မောင်လည်း    စပယ်တွေကို နှစ်သက်သူပါပဲ။ မြန်မာဝတ်စုံ သိပ်မဆန်တဲ့ ဇာအကျီ င်္လက်စက အဖြူလေးနဲ့ စကဒ်အရှည်ကို ဝတ်ထားတယ်။ ပျော့တွဲနေတဲ့ စကဒ် အဖြူအနက်ကြားလေးက ဟိုနေ့က တွေ့လိုက်ရတဲ့ ခြေသလုံးသားလေးကို မမြင်ရအောင် ဖုံးထားလေရဲ့ ။
တကယ်တော့ ကျွန်မ မြူ့ကို စကားပြောဖို့လာတာပါ။ ဘုရားကျောင်းကန်လို နေရာမျိုးမှာ သူမ စိတ်ကလေး အေးချမ်းနေချိန်မှာ အနှောက်   အယှက်ဖြစ်စေမယ့် စကားမျိုး မပြောသင့်ဘူး ထင်လို့ စိတ်လျှော့လိုက်ပြီးမှ သူမကားနောက်ကနေ လိုက်သွားဖို့ပဲဆုံးဖြတ်လိုက်တော့တယ်။
ဘုရားကနေ ထွက်လာတော့ ဗိုလ်ကလေးဈေးရှေ့ ကားရပ်ပြီး ဈေးဝယ်တယ်။ ကျွန်မလည်း အဲလို ဈေးဝယ်ရတာ ကိုယ်စားချင်တာလေး ကိုယ့်ဘာသာ ချက်ပြုတ်စားရတာကို သဘောကျတယ်။ ( အရင်ကတော့ မောင့်ကိုပါ ချက်ပြုတ်ကျွေးဖူးတယ်။ မောင်ကလည်း မင်းမှာ မိန်းမပီသတာ ဆိုလို့ဒါပဲရှိတယ်တဲ့။ ကမ္ဘာကျော် စားဖိုမှူး အတော်များများဟာ ယောကျာ်းတွေပါ လို့ ပြောတော့ မောင်နှာခေါင်းရှုံ့ တာ မှတ်မိသေးတယ်။ )    ခုတော့ သူပြန်အလာကို ကြည့်နေရမှာမို့ မဝယ်ဖြစ်တော့ဘူး။
ဈေးဝယ်ပြီးသူမောင်းရာနောက် လိုက်မောင်းနေရင်း ကိုယ့်ကိုယ်ကို နားမလည် ဖြစ်ရသေးတယ်။ တကယ်ဆို သူမ ရှိရာ ရုံးခန်းထဲ တည့်တည့်ဝင်သွားပြီး မောင့်အကြောင်း ပြောလို့ရတာပဲ။ အမှန်က ကျွန်မ ဗိုက်ဆာနေပြီ။ မနက် breakfast စားချိန်ကို တော်တော်ကျော်နေပြီ။ ကိုက်လက်စ muesli bar ကိုလည်း ဆက်မစားချင်ဘူး။ သူ့ကို ထားခဲ့ပြီး တစ်နေရာမှာ breakfast သွားစားတော့မယ်လို့ စဉ်းစားနေုတုန်း ကားရပ်လိုက်တာကိုတွေ့လို့  သူ့ကားကို ကျော်ပြီး လိုက်ရပ် လိုက်ရတယ်။ လှမ်းကြည့်လိုက်တော့ ကော်ဖီဆိုင်။
သိပ်ဝမ်းသာစရာကောင်းတာပဲ သိလားမြူ  လို့ နှုတ်က ခပ်ဖွဖွ ချီးကျူးပစ်လိုက်သေးတယ်။ ဒီနေရာမှာ ဒီလို ကော်ဖီဆိုင် တစ်ဆိုင်ရှိနေမှန်း ကျွန်မ တကယ်မသိဘူး။ သူကရော သူ့ အလုပ်နဲ့လည်းမနီး အိမ်နဲ့လည်း မနီးပဲ ဘာလို့ သိနေတာလဲ။ မောင်နဲ့ လာနေကျ ဆိုင်များလားလို့ ကျွန်မ တွေးလိုက်မိသေးတယ်။ ခါတိုင်း မောင်ဟာ ကျွန်မ ခေါင်းထဲ သိပ်မရှိတတ်တာ ကြာပြီ။ မောင့်ကို ကျွန်မအာရုံထဲက ထုတ်ထားတာ ကြာပြီဆို ပိုမှန်မယ်။ ခုကျကာမှ မြူနဲ့ အတွဲလိုက် မောင်က ကျွန်မခေါင်းထဲ မကြာခဏ ဝင်ဝင်လာတယ်။ ထူးတော့ ထူးဆန်းနေပါရောလား။
သူဝင်သွားတဲ့ ဆိုင်ထဲ လိုက်ဝင်သွားတော့မှ သိလိုက်ရတာက ဆိုင်က သူ့ဆိုင် ဖြစ်နေတာပါပဲ။ ဒါကြောင့် စောစောက ဝယ်ခြမ်းထားတာလေးတွေပါ သူ ယူလာတာကိုးလို့ တွေးလိုက်မိတယ်။ ဆိုင်က သူ့အတွက် မနက်စာကို ကြိုပြင်ထားပုံပဲ။ သူမ ထိုင်လိုက်တဲ့ စားပွဲခုံမှာ green tea တစ်အိုး၊ ကြက်ဥပြုတ်နှစ်လုံး၊ အုတ်စ်တစ်ခွက်၊ သစ်သီးတစ်ပန်းကန်နဲ့  ဒိန်ချဉ်တစ်ခွက်ကို တွေ့ရတယ်။
ကျွန်မလည်း ဝင်ဝင်ချင်း ထိုင်လိုက်မိတဲ့ ခုံမှာ menu ကို တစ်ချက် သူမကို တစ်လှည့် ကြည့်နေရင်းက စိတ်ကူးပေါက်ပြီး ထိုင်ရာက ထလို့ သူမရှေ့က ခုံမှာသွားဝင်ထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။
“ ကျွန်မ ထိုင်လို့ရမလား ”
တကယ်ဆို သူ ရုတ်တရက်မို့ ကြောင်သွားပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ သတိဝင်သွားသလို ထိုင်ပါ ထိုင်ပါ လို့ ပြောတယ်။ သူက ဆိုင်ရှင်လေ။ နောက်ကနေ တားမလို့ လို်က်လာပုံရတဲ့ စားပွဲထိုးမလေးလည်း ကြောင်အမ်းအမ်းနဲ့ ရပ်သွားတယ်။
“ ကျွန်မကို ဒီအတိုင်းပဲ ပေးပါ။ အုတ်စ် အစား whole meal bread  လေး လိုချင်ပါတယ်။ ”
စားပွဲထိုးလေးကို သူမ ခေါင်းဆတ်ပြလို်က်တာနဲ့တင် အကုန် အဆင်ပြေသွားပြီ လို့ သဘောပေါက်လိုက်တယ်။ တကယ်တော့ ဒိဆိုင် menu ထဲမှာ ဒီလို breakfast မပါပါဘူး။ တစ်ခုခုတော့ တစ်ခုခုရှိလိမ့်မယ်လို့ ယူဆထားတဲ့ အကြည့်နဲ့ သူမ ကျွန်မကို လှမ်းကြည့်တယ်။
ကျွန်မ မြူ့ကို အကြည်လင်ဆုံး ပြုံးပြရင်း ပြောလိုက်တယ်။..
“ မြူလင်းဝေ မဟုတ်လား .. ”
“ ဟုတ်ပါတယ် ”
“ ကျွန်မ မေသူရိန် ပါ ”
သိပ်လှတဲ့ မျက်နှာပေါ်က နှုတ်ခမ်းဖူးဖူးလေး ဝိုင်းစက်သွားတယ်။ သူ ကျွန်မကို မသိပေမယ့် နာမည်ကိုတော့ ကြားဖူးပုံပါပဲ။ မောင်ကလည်း လျို့ ဝှက်ထားမယ့် သူရဲဘောနည်းသူမှမဟုတ်ပဲ။ စက္ကန့်ပိုင်းလောက်ပဲ ဖူးခွင့်ရတဲ့ သူမရဲ့ နှုတ်ခမ်းလေးတွေ ပုံမှန်အတိုင်း ပြန်ဖြစ်လာတယ်။
“ ဟုတ်ကဲ့ ပြောပါ ” တဲ့။
မျက်နှာလေးက ဘာမဆို ရင်ဆိုင်မယ်ဆိုတဲ့ ရဲရင့်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသွင် ချက်ချင်းပြောင်းသွားတယ်။ မောင် ကံကောင်းလိုက်တာ။ မောင်ဟာ သူဘာ ဆိုတာ သိသိကြီးနဲ့ မောင့်အခြေအနေကို သိသိကြီးနဲ့ မောင့်ဆီက ဘာမှ အလိုမရှိပဲနဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့ မောင့်ကို လက်ခံထားတဲ့ မိန်းကလေးကို တွေ့ထားတာပဲ။
“ မောင် ကံကောင်းပါတယ် ”
“ ရှင် ”
တကယ်တော့ ပြောဖို့ ကြံစည်လာတဲ့ စကားလုံးတွေရဲ့ အစက ဒါမဟုတ်ဘူး။
“ ဟုတ်တယ်။ မောင့် အခြေအနေကို သိသိနဲ့ မောင့်ဆီက ဘာမှမလိုအပ်ပဲ ချစ်ခြင်းတစ်ခုတည်းနဲ့ လက်ခံထားနိုင်တဲ့ မိန်းကလေးမျိုးကို မောင် တွေ့ ခဲ့တာပဲ ။ ”
“ မ .. မေ .. သူရိန် ..”
သူမ တစ်စုံတစ်ခု ပြောချင်သလို ကျွန်မ နာမည်ကို တုံ့ဆိုင်းစွာခေါ်တယ်။ ကျွန်မ လက်ကာပြလိုက်တယ်။
“ တကယ်ကလေ  မြူ့လို မိန်းကလေးကို မောင့်နားက မောင့်အပျော်ချစ်သူတွေနဲ့ တစ်တန်းတည်း မဖြစ်စေချင်လို့ သတိပေးဖို့ လာခဲ့တာပဲ။ ဒါပေမယ့် ခု မဟုတ်တော့ဘူး။ မောင့်ကိုပဲ ပြောရမယ်။ မြူ့လို မိန်းကလေးကိုပဲ အတည်တကျ လက်ထပ်ယူဖို့ ”
“ ရှင် ” လို့ ခပ်ဖွဖွလေး ရေရွတ်မိသွားပြီးမှ မြူက ကျွန်မကို သွက်သွက်ခါ ရူးသွားတာလား ဆိုတဲ့ စူးစမ်းကြည့်နဲ့ ကြည့်တယ်။ ပြီးမှ သတိဝင်သွားသလို  ..
“ I’m sorry ” တဲ့။ တိုးလျစွာဆိုရင်း ခေါင်းမသိမသာ ငုံ့သွားတယ်။
“ ဟင့်အင်း .. စိတ်မကောင်းမဖြစ်ပါနဲ့ .. ကျွန်မ ဘာမှမဖြစ်ပါဘူး။ မောင့်အတွက်ရော မြူ့အတွက်ရော တကယ် ဝမ်းသာပါတယ်”
ဒီစကားကို တကယ့်ကို စိတ်ရင်းနဲ့ အလိုအလျောက်ပြောချလိုက်မိပြီးကာမှ ရင်ထဲ ဘာတွေ စိမ့်ဝင်လာမှန်းမသိ လေးလံသွားတယ်။ စိတ်လှုပ်ရှားသလို စားပွဲခုံကို အသာတို့ထိ နေတဲ့ မြူ့ လက်ချောင်းလှလှလေးတွေကို ငေးကြည့်နေရင်းက ဘယ်လိုနောင်တတွေ စိမ့်ဝင်လာမှန်းမသိဘူး။ ချက်ချင်းဆိုသလိုပဲ ဆောက်တည်ရာမရသလို လက်ချောင်းလေးတွေနဲ့ စားပွဲခုံကို တို့ထိလိုက်ရသူဟာ ကျွန်မ ပြန်ဖြစ်သွားတယ်။ သူမရဲ့ လက်သူကြွယ်မှာ စိန်ပွင့်လေးတွေ စီထားတဲ့ ပလက်တီနမ် လက်စွပ်လေးတစ်ကွင်း ရှိနေပြီး ကျွန်မလက်သူကြွယ်မှာတော့ ဘာမှရှိမနေဘူး။ တချိန်က ရှိခဲ့ဖူးပုံရတဲ့ လက်စွပ်ရာလေးတောင် ပျောက်ပျက်သွားတာ ကြာပေါ့။ အဲဒီ လက်စွပ်လေး ဘယ်နားမှာလဲတောင် မသိတော့။
အဲချိန်မှာ breakfast ရောက်လာတယ်။ အာရုံစိုက်စရာ တစ်ခုခု အမြန်အဆန်ရလိုက်တဲ့အတွက် စားပွဲထိုးလေးတွေကို ကျေးဇူးတင်မိတယ်။ မကျက်တကျက် ပြုတ်ထားတဲ့ ကြက်ဥနှစ်လုံးကို ပန်းကန်လုံးလေးထဲ ခွဲထည့်ပြီး whole meal bread  နဲ့ စိတ်ဝင်တစား တို့စားပစ်လိုက်တယ်။ တကယ်လည်း ဆာနေပြီကိုး။
“ မြူလည်း အုတ်စ် မစားဖြစ်ရင် whole meal bread စားဖြစ်တယ်။ ကြိုက်တယ်။ ”
“ ကိုယ်က အုတ်စ် စားလေ့ မရှိဘူး ”
ဘာမှရယ်စရာမပါပါပဲ ခပ်ဖွဖွလေးတွေ ရယ်မိကြတယ်။ တစ်ဦးကို တစ်ဦး နားလည်လိုက်တဲ့ မိန်းမနှစ်ယောက်ရဲ့ ရယ်သံလား။ ဟုတ်တော့ မ   ဟုတ်သေးဘူးပဲ။ ကျွန်မကသာ သူ့ကို နားလည်လိုက်တာ။ သူကတော့ ကျွန်မကို နားလည်သေးပုံ မရပါဘူး။
ကျွန်မအတွေးမှန်တယ်ဆိုတာ အကြာကြီးတိတ်နေပြိးမှ ပေါ်လာတဲ့  သူမစကားလုံးက သက်သေပြလိုက်တယ်။
“ မြူ ကိုကို့ကို မမေသူရိန် လက်ထဲက လုယူသွားဖို့ စိတ်ကူး မရှိပါဘူး ” တဲ့။
ကိုယ်အရမ်း ရယ်ချင်သွားတယ်။ ပေးလိုက်ပြီးသား ပစ္စည်းတစ်ခုကို လုယူသွားဖို့ စိတ်ကူးမရှိပါဘူးတဲ့။ သူမလုပါဘူး။ ကျွန်မ ပေးလိုက်တာပါလို့လည်း ကလေးကလားတွေ ပြောမနေချင်ဘူး။ ပြီး သူမရဲ့ ချစ်ခြင်းဟာ ကျွန်မဆီက လုယူချင်စိတ်နဲ့ ဘယ်လိုလေးမှ မပတ်သက်နေဘူး ဆိုတာလည်း ကျွန်မ သိပါတယ်။  နောက် နှလုံးသားချင်း ဘယ်လိုမှ မအပ်စပ်တော့တဲ့သူနှစ်ယောက် အတူဆက်ရှိနေဖို့ဆိုတာက သိပ်မလိုအပ်တော့ဘူး ဆိုတာ သူမသိသေးပါဘူး။ သူ နားမလည်လောက်သေးပါဘူး။
“ အဲဒါတွေ မလိုအပ်ဘူးလေ ကိုယ်တို့ချင်း နားလည်ပြီးပြီပဲ ”
သူ ကျွန်မကို ခပ်စူးစူးလေး ကြည့်တယ်။ အကြည့်က  are you serious ? ဆိုတဲ့အကြည့်။ ကျွန်မ ခေါင်းဆတ် ပြီး ပြုံးပြလိုက်တယ်။ ပြီး စားထားသမျှအတွက်လည်းမရှင်း၊ သူမကိုလည်း နှုတ်မဆက်ပဲ ထွက်လာခဲ့လိုက်တော့တယ်။ နည်းနည်းတော့ ရင့်သလို ထင်ရပေမယ့် ဒါ အဆင်အပြေဆုံး ထွက်ခွာနည်းပါပဲ။
၃။
ဒုတိယမြောက် မောင့်ကို စောင့်နေမိတဲ့ညပါပဲ။ အိမ်သော့ကို ဖွင့်ဝင်လာတဲ့ မောင်ကလည်း ကျွန်မ စောင့်နေမယ် ဆိုတာကို သိနေတဲ့ပုံမျိုး။ ကျွန်မ ဟိုတစ်ညက သူ့ကို ထိုင်စောင့်နေတဲ့ ခုံကို ဝင်လာတာနဲ့ လှမ်းကြည့်တယ်။ တကယ်ဆို အိမ်အဝင် တံခါးဝနဲ့ သူ့ အိပ်ခန်းက တန်းနေတာ။ ဧည့်ခန်းဆိုတာက အိမ်တံခါးမနဲ့ ထောင့်ချိုးမှာ ရှိနေတာ။ ဧည့်ခန်းဝကနေ  နံရံကို မှီရပ်ပြီး လှမ်းမေးတယ်။
“ မင်း .. မြူ့ဆီသွားတယ်ဆို ”
ဒီနေ့တော့ ဘယ်ဆိုးလို့လဲ။ မောင့်အသံက ဒေါသမပါပဲ အတော် တည်ငြိမ်တယ်။
“ ဟုတ်တယ်   .. မောင် ”
လုပ်သံလေးနဲ့  သံရှည်လေးဆွဲပြီး မောင် လို့ပါ မလိုအပ်ပဲ ထည့်ဖြေလိုက်တော့ မောင် ဆတ်ကနဲ ဖြစ်သွားတယ်။ ငြိမ်နေတဲ့ ရေပြင်ပေါ် ခဲသေးသေးတစ်လုံး ပစ်ချလိုက်သလို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ခပ်စူးစူး ပြန်ကြည့်တယ်။
“ ကျွန်မ ပြောစရာရှိတယ် ထိုင်ပါဦးမောင် ”
ထိုင်ဖို့ မရည်ရွယ်ထားရာကနေ ဝင်ထိုင်တယ်။ ပြီး ကျွန်မကို ပြော ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။
“ မြူကလေ ..”
စကားစလိုက်တယ်ဆိုရင်ပဲ မျက်မှောင်ကြုတ်သွားတယ်။ ဒေါသအနည်းငယ် ပါချင်လာသလို။ မောင်ဟာလေ။ သိပ်ရယ်ရတာပဲ။ သူငယ်ချင်းတစ်ယောက်လိုဆို သိပ်ခင်စရာကောင်းမှာ။ စလို့လည်း သိပ်ကောင်းမှာ။
“ အစစ ပြည့်စုံပြီး ထူးချွန်ထက်မြက်တဲ့ မိန်းကလေးပဲ ”
“ သိတယ် ”
လေသံက ခပ်ဆတ်ဆတ်။ ကျွန်မပဲ ဆက်ပြောရတယ်။
“ မောင် ခါတိုင်း ပတ်သက်နေတဲ့ ကောင်မလေးတွေလို မဟုတ်ဘူးမောင်။ မြူက မောင့်ကို တကယ့် မေတ္တာ စစ်နဲ့ ချစ်တာ။ သူ မောင့်ဆီက ဘာမှမလိုဘူး။ မောင် မြူ့ကိုပဲ သစ္စာရှိရှိ လက်ထပ်လိုက်ပါလား .. ကျွန်မ မောင့်ကို ကွာရှင်း လက်မှတ်ထိုးပေးပါ့မယ် ”
ခါတိုင်းဆို ကွာရှင်းလက်မှတ်ထိုးမယ်လို့ ဆိုလိုက်တာနဲ့ ထထွက်သွားတတ်တဲ့မောင်က ဒီတစ်ခါတော့ ကျွန်မကို ခပ်တွေတွေ ပြန်ကြည့်တယ်။      ပြီးတော့ မောင့်ထုံးစံအတိုင်း မယုံသင်္ကာ အကြည့်တွေ ရောက်လာတယ်။ လှောင်သလို ထေ့သလို အငွေ့အသက် တချို့လည်း ရောယှက်နေတယ်။
“ ငါ မင်းကို ဘာမှမတောင်းဆိုဘူး … ပြီးတော့ ငါနဲ့ မြူနဲ့ ချစ်တဲ့အချစ်ကလည်း ဘာမှမလိုအပ်ဘူး ”
ကျွန်မ ခပ်ထေ့ထေ့ ပြုံးလိုက်မိတယ် ထင်တာပါပဲ။ ဒီစကားက မောင် ကျွန်မနဲ့တုန်းကလည်း ပြောခဲ့ဖူးတယ်လေ ရယ်လို့တော့ ကျွန်မ ကလေးကလားတွေ ပြန်မပြောမိတော့ပါဘူး။ မောင့်လိုလည်း ခပ်ထေ့ထေ့ မပြုံးမိဘူး။
“ ကိုယ် တကယ့် စိတ်ရင်းနဲ့ ပြောတာပါ ”
စိတ်က ဘယ်လိုက ဘယ်လို ဒုံးကနဲ ကျသွားမှန်းမသိဘူး။ အသံပါ ဖျော့သွားလိုက်တာ ကိုယ့်ကိုယ်ကို မကျေ မနပ်တောင် ဖြစ်သွားမိသေးတယ်။
“ မင်း စိတ်ရင်းကို ငါ သဘောပေါက်ပါတယ် ၊ သွားစမ်းပါ မင်း ကူညီမှ ငါနဲ့ မြူရဲ့ လမ်းက ဖြောင့်ဖြူးမှာ မဟုတ်ဘူး။ မင်း မနှောက်ယှက်ဖို့ပဲ လိုတယ် ဒါပဲ ”
စကားစကို အတင်းဖြတ်ပြီး ဒီတစ်ခါ အခန်းထဲ အရင်ဝင်သွားသူက မောင်။ မောင့်နောက်ကျောကိုတောင် လိုက်ကြည့်မနေဖြစ်ဘူး။ အပြုံးအရယ် နည်းပုံရတဲ့ မြူ့ မျက်နှာ လင်းလင်းလေးက အတွေးထဲ ပေါ်လာတယ်။ ကြည်စင်နေတဲ့ မျက်ဝန်းတွေနဲ့ မြူက ကလေးဆန်ဆန် ချစ်စရာကောင်းပြီး လူကြီးဆန်ဆန် ရင့်ကျက်ပုံ ပေါက်နေတယ်။ မြူ့ဆံနွယ် လေးတွေကတော့ တို့ထိ ကစားချင်စရာ။ အညိုရင့်ရောင် လှိုင်းတွေနဲ့ တူတယ်။ မောင် အဲဒီ ဆံပင်တွေကို တို့ထိ ဖုးမှာပေါ့။ မနာလိုစရာကောင်းလိုက်တာ ..။ မနက်က စားပွဲခုံကို အသာတို့ထိ နေတဲ့ လက်ချောင်းလေးတွေကို ပြန်မြင်မိတယ်။ လူမမာ တစ်ယောက်ရဲ့ လက်ချောင်းလေးတွေနဲ့ တူတဲ့ မြူ့ လက်ချောင်း ဖြူဖျော့ဖျော့လေးတွေကိုလည်း မောင် ဆုပ်ကိုင် အားပေးဖူးမှာပဲ ။ အဲဒီလက်ချောင်းတွေနဲ့ပဲ မောင့်လက်ကိုလည်း သူ ဆုပ်ကိုင် အားဖြည့်ပေးဖူးမှာပဲ ..
ကျွန်မ အတွေးတွေ ဒီနားတင် ရပ်သင့်ပြီလို့ ကိုယ့်ကိုယ်ကို သတိပေးလိုက်ရတယ်။ အခန်းထဲ တန်းဝင်ပြီး ကုတင်ပေါ် ပစ်လှဲအိပ်ဖို့ ကြိုးစားလိုက်တာ။ မောင် နဲ့ အခန်းခွဲပြီးတည်းက ပထမဆုံးအနေနဲ့ အခန်းတံခါး လော့ခ် မချမိတာကို သတိရမိတယ်။ ဒါပေမယ့် ပြန်ထ မပိတ်ဖြစ်တော့ဘူး။ ကျွန်မ တကယ်အိပ်ပျော်မှ ဖြစ်တော့မယ်လေ။
၎။
ခရီးဝေး တစ်ခုလောက် ထွက်ရရင်ကောင်းမယ် ဆိုတဲ့ စိတ်ကူးနဲ့ ကားကို အလိုင်းမင်းချိန် လိုအပ်တာ စစ်ဆေးဖို့ ရုံးက ကားသမား နဲ့ ထားခဲ့ပြီး ကျွန်မက မလှမ်းမကမ်းက ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ စားရင်း ထိုင်စောင့်ဖို့ ထွက်လာခဲ့လိုက်တယ်။ ဆိုင်ထဲ ထိုင်လိုက်ပြီး menu ကြည့်နေတုန်းမှာပဲ ဆိုင်ထဲကို လူတစ်ယောက်ဝင်လာတာမို့ မော့ကြည့်မိတော့ မြူ … ။ ဖျတ်ကနဲ အကြည့်မှာ မြူကလည်း တွေ့သွားပြီး ကျွန်မထိုင်နေတဲ့ စားပွဲရှိရာကို လျှောက်လာတယ်။
“ နေ့လည်စာ လာစားတာလား ”
“ ဟုတ်တယ် ကားလည်းပြင်နေတာနဲ့ ”
အမှန်တကယ်က ကားပြင်နေတာမဟုတ်ပါပဲ ပါးစပ်က ဘာတွေထွက်သွားမှန်း ကိုယ့်ဘာသာကိုယ် သတိ မထားမိလိုက်ဘူး။ ဘာလို့ အယောင်ယောင် အမှားမှားတွေ ဖြစ်ချင်ရတာတဲ့လဲ။ ကျွန်မ ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်မိတယ်။ ပြီးမှ သတိတရနဲ့ မေးလိုက်ရတယ်။
“ မောင်နဲ့ ချိန်းထားတာလားဟင် ”
မြူ စိတ်အနည်းငယ် ကျဥ်းကြပ်ဟန်နဲ့ ခေါင်းညိမ့်တယ်။
“ ဒါဆို ကျွန်မ သွားမှထင်တယ်။ တော်ကြာ မောင်က ကျွန်မ တမင်လာရှုပ်တယ် ထင်နေလိမ့်မယ် ”
ပြောပြောဆိုဆို အိတ်ကို ကောက်ဆွဲပြိးထမယ်လုပ်တော့ မြူက ကျွန်မ လက်ကို ဖမ်းဆွဲတယ်။ လူမမာ တစ်ယောက်ရဲ့ လက်ချောင်းလေးတွေနဲ့ တူတဲ့ လက်ချောင်းဖြူဖျော့ဖျော့လေးတွေရဲ့ ဆွဲအားက သိပ်ကို ညံ့သက်ညင်သာတယ်မောင်။ ဒါပေမယ့် ဆွဲအားလည်းပါတယ်။ သိလား။
“ မသွားပါနဲ့ .. ဒါ မတော်တဆ တိုက်ဆိုင်တာပဲ .. မြူတို့ တူတူ နေ့လည်စာစားကြမယ်လေ .. ဟို မမေသူရိန် အဆင်ပြေမယ်ဆိုရင် ”
ကျွန်မ အဆင်ပြေရင်တဲ့။ ကျွန်မက ဘာကို အဆင်မပြေစရာရှိမလဲ။
“ ပြေပါတယ် .. မြူတို့ အဆင်မပြေမှာပဲ စိုးတာပါ ”
“ ပြေပါတယ် .. ဟော ကိုကိုတောင် လာပြီ ”
မောင်က ဆိုင်တံခါးကို ဆွဲဖွင့် ဝင်လာတယ်ဆိုရင်ပဲ ကျွန်မကို တွေ့လိုက်တာနဲ့ ချက်ချင်း မျက်နှာက တစ်မျိုး ဖြစ်သွားတယ်။ ဒါပေမယ့် မြူဟာ  ထက်မြက်ပါးနပ်တဲ့ မိန်းကလေးပဲ။
“ တိုက်တိုက်ဆိုင်ဆိုင် ဒီနားမှာ မမေသူရိန်က ကားလာပြင်ရင်းတွေ့ကြတာ ”
သူမ လှမ်းပြောပုံက ဆိုင်မှာအမှတ်တမဲ့ တွေ့ကြတာထက် အပြင်မှာတွေ့ပြီး သူခေါ်လာသလိုလို အဓိပ္ဗာယ်လည်း သက်ရောက်နေတယ်။ လိမ်မာပါးနပ်လိုက်တဲ့ မြူ။ ကျွန်မ မြူ့ကို ကြိတ်ပြီး ချီးကျူးမိတယ်။
“ လာ ကိုကို မြူတို့ အတူစားကြတာပေါ့ ” ဆိုပြီး မြူက ကျွန်မနား လာကပ်ထိုင်တယ်။ စားပွဲက လေးယောက်စားပွဲ။ တစ်ဘက်မှာ ခုံနှစ်လုံးစီ ချထားတယ်။ ကျွန်မက ထိုင်နေပြီးသား။ တကယ်ဆို သူနဲ့ မောင် ဘေးချဉ်း ယှဉ်ထိုင်လည်း ရတာပဲ။ ဒါပေမယ့် သူကျွန်မကို အားနာလို့လားမသိ။ ကျွန်မနား လာထိုင်တယ်။ ခုံလေးတွေက ကျဉ်းတော့ တကယ့်ကို ပူးပူးကပ်ကပ်။ မောင်တစ်ယောက် ဒိအခွင့်အရေးကို လက်လွတ်သွားရရှာတာပေါ့။
မြူ့ ဆီက ရတဲ့ ကိုယ်သင်းနံ့နဲ့ ရေမွှေးနံ့ဟာ နှစ်လိုစရာ။ မောင် လည်း နှစ်လိုမှာပါပဲ ။ ဒီနေ့ ရုံးပိတ်ရက်မို့ မြူ့ရဲ့ အညိုရောင် လှိုင်းတွေက ကျောမှာဝဲကျနေတယ်။ လှမ်းတို့ထိ စရာမလိုပါပဲ တစ်ချက်တစ်ချက် ခန္ဓာကိုယ် အလှုပ်မှာ ကျွန်မဘက်ကို လာရောက် ထိခတ်နေသေးတာ။    အသားရောင်ဖျော့ဖျော့ ခါးလွတ် အကျီ င်္နဲ့ အောက်က အညိုရင့်ရောင် ချည်သားဘောင်းဘီနဲ့ မြူဟာ ချပ်ရပ် လှပလို့ ။ ကျွန်မတို့ရဲ့ နေ့လည်စာဟာ ဘာတွေကို ဘယ်လို စားသောက်လိုက်လဲ မသိလိုက်ဘူး။ အဲဒီအချိန်တစ်နာရီလောက်ဟာ ကျွန်မတို့   သုံးယောက်လုံးအတွက် အတော်      အဆင်ပြေချင်ယောင် ဆောင်ထားရတဲ့ အဆင်မပြေဆုံး နာရီတစ်ခု ဖြစ်ပါလိမ့်မယ်။ မောင်က ကျွန်မကို ရှိစေချင်မှာ မဟုတ်သလို ကျွန်မကလည်း မောင့်ကို ရှိမနေစချင်ဘူး။ မြူကလည်း ဒီနှစ်ယောက် တွေ့ဆုံမှုကို မလိုမလား မဖြစ်တဲ့တိုင် စိတ်ထဲ အနေခက်မှာ သေချာတယ်။ တကယ်တော့ ကျွန်မတို့ မှာ ရွေးချယ်စရာ လမ်းမှ မရှိတာ။ ကျွန်မက တားနေတဲ့ကြားထဲက အဆင်မပြေလို့ ထထွက်သွားတယ်ဆိုတာမျိုး အဖြစ်မခံချင်သလို မြူ့ အနေနဲ့ကလည်း ကျွန်မကို ဒီတိုင်း ထထွက်သွားရတာမျိုး အဖြစ်ခံမှာမဟုတ်ဘူး။ ရွေးချယ်စရာမရှိတဲ့ နာရီတွေ ကုန်ဆုံးသွားတယ်ဆိုရင်ပဲ ကျွန်မက အသိဝင်လာသူလို့ ထပြန်ဖို့ ပြင်ရတယ်။
“ သွားလိုက်ဦးမယ်။ ကားပြင်ထားတာလေး ရှိနေတော့ ”
“ ကားလည်း မပါပဲ နဲ့ ဘာနဲ့သွားမလဲ  ကိုကို အိမ်ပြန်မှာလား ”
မြူ့ မေးခွန်းကြောင့် မောင် မျက်မှောင်ကြုတ်သွားတယ်။ သဘောတရားက အိမ်ပြန်ရင် တူတူပြန်ကြပေါ့ ဆိုတဲ့ သဘော သက်ရောက်တယ်လေ။ မင်းကလေးကတော့ သဘောရိုးပါရဲ့ မြူ။ ငါတို့တွေက သဘောမရိုးကြဘူးလို့  စိတ်ထဲက တိုးတိုးလေး ပြောမိတယ်။ မောင်က ကျွန်မထက်ပိုပြတ်သားပါတယ်။
“ မပြန်ဘူး။ အလုပ်က ထွက်လာတာ။ အလုပ်ပြန်သွားရမယ် ခဏပဲ အချိန်ရတယ်လို့ ပြောထားတယ်လေ ”
မောင်တို့အလုပ်က ကျွန်မတို့လို ပိတ်ရက်မှမရှိတာ။ ဒါကလည်း ကျွန်မတို့ကို ပို အဆင်ပြေစေပါတယ်။ ကျွန်မ နားရက်မှာ မောင် မရှိတတ်သလို မောင်နားရက်ဟာလည်း ကြားရက်ဖြစ်နေတတ်တာ များပါတယ်။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ချင်ပဲ သိပ်မျက်နှာချင်းဆိုင်စရာ မလိုတော့ဘူးပေါ့။ ရတဲ့ အချိန်ခဏလေးမှာ နှစ်ယောက်တည်း အချိန်အတူကုန်ဆုံးခွင့် မရတဲ့အတွက် မောင် အတော်လေး စိတ်ပျက်နေမှာ သေချာတယ်။
“ ရတယ် မြူ၊ ကျွန်မ ကားငှားသွားလိုက်မယ် ”
“ ကိုကို အလုပ်ပြန်မှာဆိုရင် မြူပဲ လိုက်ပို့လိုက်တော့မယ် ညနေမှတွေ့တာပေါ့ 
မျှော်လင့်မထားပဲမြူက မောင့်ကို ပုခုံးလေးကိုင် နှုတ်ဆက်ရင်း ကျွန်မကို ဦးဆောင် ထွက်လာတာမို့ နောက်က လိုက်ထွက်လာရတယ်။ မောင်တစ်ယောက် ဘယ်လိုကျန်ခဲ့မယ်ဆိုတာ ကျွန်မသိနေတယ်။ ကျွန်မကို မေတ္တာတွေ တစ်လှေကြိး ပို့နေလောက်ရောပေါ့ ။
“ ရတယ်မြူ ကျွန်မ ကားငှားသွားလို့ အဆင်ပြေတာပဲ ။ ဟိုမှာ စိတ်တိုနေဦးမယ် ”
“ ရတယ် မမေသူရိန် နဂိုတည်းက ကိုကိုက နေ့လည်စာစားချိန်လောက်ပဲ အားတယ်လို့ ပြောထားတာ”
ကျွန်မကို ကားရှေ့ခန်း ဖွင့်ပေးပြီး ထိုင်ဖို့ နေရာပေးတယ်။ ဒါ ခါတိုင်း မောင်ထိုင်နေကျလည်း ဖြစ်နိုင်တာပဲ။ မောင်ဟာ သူ့ဘာသာသူ တစ်ယောက်တည်း သွားမှသာ ကားကို ကိုယ်တိုင်မောင်းတတ်ပြီး ကျွန်မနဲ့ သွားလို့က အခါခပ်သိမ်း ကျွန်မ မောင်းရတာပဲ များတာကိုး။ မြူက ကျွန်မကို ကားထားခဲ့တဲ့ နေရာကို မေးတယ်။ တော်သေးတာပေါ့။ အဲဒီ နေရာက အလိုင်းမင်းနဲ့ ဝပ်ရှော့ တွဲဖွင့်ထားတဲ့ နေရာမို့ ။ မဟုတ်ရင် ကျွန်မ အခက်တွေ့မှာ။ ကျွန်မ ပြောတဲ့နေရာက သိပ်မလှမ်းပါဘူး။ ကားနည်းနည်း ပိတ်နေတဲ့အတွက် အချိန်တော့ နည်းနည်း ယူရလိမ့်မယ်။
ကားစတီယာရင်ကို ကိုင်ထားတဲ့အတွက် ခါးလွတ်အကျီ င်္လေးက အပေါ်တက်ပြီး မြူ့ ခါး ဝင်းဝင်းလေးကို မြင်နေရတယ်။ မြူ့ကို ကြည့်ရတာ ကျွန်မထက် လေးငါးနှစ်တော့ အသာလေး ငယ်ပုံပဲ။ လွန်ခဲ့တဲ့ လေးငါးနှစ်က ကျွန်မလည်း ဒီလိုပဲ ထင်တာပဲ။ တက်ကြွ လန်းဆန်းခဲ့ဖူးတယ် ။ ကိုယ့်အတွေးတွေကို ကိုယ်ဖြတ်ချင်တာနဲ့ မြူ့ကို စကားစလိုက်ရတယ်။
“ မြူက BLV အပြာနုကို ကြိုက်တာလား ”
မြူ့ ဆီက ရနေတဲ့ ရေမွှေးနံ့က ကျွန်မကြိုက်တဲ့ BLV အပြာနုရောင် အနံ့လေ။
“ ဟုတ်တယ်။ မမေသူရိန်ရော အဲအနံ့ကြိုက်တာလား ”
“ ကျွန်မက အပြာနုရော အရင့်ရော ကြိုက်တယ် ”
“ ဟုတ်လား .. မြူရောပဲ ”
“ ကျွန်မတို့  အကြိုက်တူကြတာ တစ်နေ့လောက် အတူ ဈေးဝယ်ကြရင်ကောင်းမယ် ” လို့ အရယ်စွက်ပြီး ပြောမိတယ်။
တကယ်တော့ ကျွန်မ စကားက တကယ့်ကို ဖျားယောင်းတဲ့ စကားပါ။ သူနဲ့ ကျွန်မက အဲလို အတူ ဈေးဝယ်ထွက်     hang out    လုပ်ရလောက် အောင် ရင်းနှီးထဲဝင်တဲ့ မိတ်ဆွေတွေမှမဟုတ်တာ။ ဒါပေမယ့် သူကလည်း လိုက်လျောညီထွေ ပါပဲ။
“ ကောင်းတာပေါ့ ” တဲ့။
ရာသီဥတု အကြောင်း၊ ကားကြပ်တဲ့အကြောင်း၊ စည်းကမ်းမဲ့သူတွေအကြောင်း အရေးအရာလုပ်ပြောလာလိုက်တာ။ ကျွန်မ ဆင်းရမယ့် နေရာ ရောက်လာတယ်။ ဆင်းခါနီးမှာ မြူ့ကို အနှစ်လိုဆုံး ပြုံးပြလို့ စောစောက ပြတ်သွားတဲ့ စကားကို ရအောင် ပြန်ဆက်ပစ်ခဲ့တယ်။  see you for shopping လို့ ။ မြူက sure လို့ ပြန်ဖြေပြီး ကားကို မောင်းထွက်သွားတဲ့ထိ ကျွန်မ ခြေစုံရပ်ငေးကျန်ခဲ့ဆဲ။
၅။
တကယ်တမ်းကျတော့ ကျွန်မ အဲဒီနောက်ပိုင်း မြူနဲ့ တစ်ခါမှ မတွေ့တော့ဘူး။ ခရီးရှည်တစ်ခုကို တစ်ပတ်လောက် သွားဦးမယ် ဆိုပြီး ထွက်ဖြစ်တယ်ဆိုပေမယ့် ပြန်လာချင်စိတ်သာ ကြီးစိုးနေတာနဲ့ အလုပ်အကြောင်းပြလို့  သုံးရက်နဲ့ ပြန်ရောက်လာတာလည်း ကိုယ့်ဘာသာပဲ သိတယ်။ မောင် မြူနဲ့ ဖုန်းပြောနေလား ။ message တွေ ပို့နေမလား ဆိုတာတွေ မကြာခဏ အကဲခတ်မိ တွေးမိနေသလို ဒီလို ညနေဆို သူတို့ ညစာ အတူစားနေကျပဲ ဆိုတာတွေပါ ထုံးစံမဟုတ်ပါပဲ သတိရမိလာတယ်။ မောင်နဲ့ ညစာစားကြတဲ့အခါမှာ မြူ့ ဆံပင်အညိုရောင်လှိုင်းတွေ လူးလွန့်နေပြီး BLV အပြာနုရောင်လေး သင်းနေလိမ့်မယ် ဆိုတာလည်းပါတယ်။ ကြားရက်ဆိုရင် မြူက business suit ကို ဝတ်နေကျ ဖြစ်ပေမယ့် weekends တွေမှာဆို ပေါ့ပေါ့ပါးပါးလေး လှနေလိမ့်မယ်။ တစ်ခါတစ်ခါ   ခါးလွတ်အပေါ်အကျီ င်္  လေးတွေဝတ်လာရင်     ခါးသားဝင်းဝင်းလေးလည်း ပေါ်လာနိုင်သေးတာပဲ။ မောင်က အဲဒိခါးကလေးကို ဖက်မထားဘူးလို့ ဘယ်သူကပြောနိုင်မှာမို့လဲ။ မြူ့ ခန္ဓာကိုယ်ကို မောင် သိမ်းပိုက်ထားနိုင်တယ်ဆိုတဲ့ အတွေးမျိုးထိ ဝင်လာရင်တော့ ကျွန်မ ဝိုင်ပုလင်းတစ်လုံးကို ကမူးရှူးထိုး ထဖွင့်ရတယ်။ မောင်ပြန်လာတာကို ထိုင်စောင့်ရင်း မောင်နဲ့ မြူ အတူရှိမနေတော့တာ သေချာတဲ့ အချိန်ကျတော့မှ ကျွန်မ ဝိုင်ပုလင်း အကူအညီနဲ့ အိပ်ပျော်တော့တယ်။
မနက် အခန်းထဲက ထွက်လာတော့ မောင်က ဧည့်ခန်းမှာထိုင်ရင်း ဖုန်းပြောနေတယ်။
“ ဒီနေ့ ရုံးပိတ်တာပဲ ကိုယ်စားဖို့မြူ တစ်ခုခုချက်ပြီး ယူလာပေးပါလား”  တဲ့။
ကျွန်မ ကော်ဖီဖျော်ဖို့ ခွက်ယူရင်းက ခပ်ထေ့ထေ့ ပြုံးမိတယ်။ ကျွန်မကိုယ်တိုင်က မောင့်ကို မြူနဲ့သဘောတူပါတယ် တို့ ကွာရှင်းပေးပါ့မယ် လက်ထပ်ယူပါတို့ ကမ်းလှမ်းထားမှတော့ မောင် ဒီလို မြူ့ကို ကမ်းလှမ်းရဲတာ ဆန်းတော့ မဆန်းပါဘူး။
“ ကိုယ့်ဖို့ပါ ပိုချက်လာခိုင်းလိုက်” လို့  မောင်ကြားအောင် လှမ်းပြောတော့ မကြားချင်ယောင်ဆောင်နေတယ်။ တစ်ဖက်က မကောင်းပါဘူးလို့   ပြောသလားမသိ။
“ ဘာလို့ မကောင်းရမှာလဲ။ လာခဲ့။ ကို စားစရာဘာမှမရှိဘူး” လို့ ပြန်ပြောသံကိုကြားရတယ်။
ရေနွေးနဲ့ ထိလိုက်တာနဲ့ ပျော်ဝင်သွားတဲ့ Nescafe အမှုန့် နဲ့ equal မှုန့်တွေကိုမှ အားမနာ ကော်ဖီခွက်ကို ဇွန်းနဲ့ နာနာလေး မွှေခေါက်ပစ်လိုက်တယ်။ မောင်ပြောနေတဲ့အသံကို မကြားချင်တော့လို့ပေါ့။ အစကတော့ စေတနာနဲ့ ကော်ဖီလေး တစ်ခွက်လောက် ဖျော်တိုက်မလို့ပါပဲ။ လုပ်နေပုံက တိုက်ချင်စရာ တစ်စက်မှမရှိ။ ပြီးရင် သူက မြူ ချက်ပြုတ် ယူလာတာကို စားပြဦးမယ်။ မနာလိုစရာ မကောင်းဘူးလား။  တကယ်က ကျွန်မ အခန်းထဲဝင်ပြီး တံခါးပိတ်ထားရမှာ ဒါမှမဟုတ် အဝတ်အစားလဲပြီး ထထွက်သွားရမှာ။ ဒါပေမယ့် မသွားဖြစ်ဘူး။ ဘာမှန်းမသိတဲ့ စိတ်က ကျွန်မကို မသွားဖို့ ၊ အခန်းထဲ ပိတ်မနေဖို့ တားထားသလိုပဲ။
ကော်ဖီခွက်နဲ့ အခန်းထဲ ပြန်ဝင်လာခဲ့ပေမယ့် လူက ဆောက်တည်ရာမရ။ သရဲအသေးစားလေးနဲ့ တူတယ်လို့ ပြောခံထားရတဲ့ မျက်နှာကို  မှန်ထဲကြည့်မိတော့ ကိုယ့်ဘာသာ စိတ်ပျက်မိပြန်တယ်။ ဒါနဲ့ မဖြစ်သေးပါဘူးလေ ဆိုပြီး ရေချိုးပြီး ကြည့်ပျော်ရှုပျော်ရှိအောင် two way လေးနဲ့ ပွတ်ထားလိုက်မိတယ်။ အဝတ်အစား ခပ်လတ်လတ်ကိုလည်း လဲ ထားလိုက်တယ်။ တိုက်ဆိုင်တာတော့ မဟုတ်ဘူး။ တမင်ကို ဝတ်ပစ်လိုက်တာ။ အပေါ်အကျီ င်္က အသားရောင်နုနု ဇာပျော့ ခါးလွတ်အကျီ င်္လေး။ အောက်ကတော့ အညိုရောင် ဂါဝန်အရှည်ကြီးကို   ဝတ်ထားလိုက်တယ်။   ပြီးတော့ BLV အပြာနုရောင်လေးကိုပါ ဆွတ်လိုက်သေးတယ်။
ကျွန်မ ဘာတွေလုပ်နေတာလဲ။ တကယ်ဆို ပြင်ဆင် စောင့်နေရမှာက မောင်လေ။ ကျွန်မမှ မဟုတ်တာ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ဆန်းစစ် မနေတော့ဘူး။ လုပ်ချင်တာလုပ်ဖို့ စိတ်ကို လွှတ်ထားဖို့ ဆုံးဖြတ်လိုက်သူလို ဖြစ်နေတယ်။     စိတ်ကို     နည်းနည်းလွှတ်လိုက်ရတာ သက်သာတယ်ေ   မာင်။ ကျွန်မ ဒီနေ့လို တစ်ခါမှ မပေါ့ပါးဘူးထင်တာပဲ။ မြူလာတဲ့ခါ မောင်နဲ့ အတူ လှတပတလေး မြူ့ရှေ့ ရှိနေချင်သေးတလေ။
ကျွန်မ ပြန်ထွက်လာတော့ မောင်က အိမ်ရှေ့က ဆိုဖာအရှည်ပေါ်မှာ ခေါင်းအုံးတွေ ဆင့်ပြီး အိပ်ပျော်နေပြီ။ မျက်တောင်ရှည်ရှည်တွေနဲ့ မှေးမှိတ်ထားတဲ့ မောင့်မျက်လုံးတွေကိုကြည့်မိပြီး တစ်ချိန်က ကျွန်မ ဒီမျက်တောင်ရှည်နဲ့ မျက်လုံးတွေကို နမ်းခဲ့ဖူးတယ်ဆိုတဲ့ အတွေးပြန်ဝင်လာချိန်မှာပဲ ကျွန်မ ကျောထဲစိမ့်သွားတယ်။ သိပ်ကြီးမားတဲ့ အမှားတစ်ခုဟာ ဘာကြောင့် ကျွန်မနဲ့မှ တိတိပပ လာပတ်သက်နေတာတဲ့လဲ။ ကျွန်မ မောင့်ကို မမြင်ရတဲ့ ဝရံတာမှာ ထွက်ရပ်နေလိုက်မိတယ်။
သိပ်မကြာခင်မှာပဲ အိမ်ရှေ့ မှာ ကားရပ်သံကြားရတယ်။ မသိစိတ်ရဲ့ နှိုးဆော်မှုနဲ့ လှမ်းကြည့်မိတော့ မြူ့ကား။ မောင့်ကို ကြည့်လိုက်တော့ မောင်က အိပ်ပျော်နေတုန်း။ ဟောက်သံလေးတောင် နည်းနည်းထွက်ချင်သလို။ ညက အဖျားရှိန်နဲ့ ကောင်းကောင်း အိပ်လိုက်ပုံမပေါ်ဘူး။ သူ့ကို အိပ်နေပါစေဆိုတဲ့ စိတ်ကလေးကလည်း ပေါ်လာသေးတယ်။ တံခါးကို ကျွန်မပဲ ထဖွင့်ပေးပြီး မောင် အိပ်နေတယ်လို့ ခြေဟန်လက်ဟန်နဲ့ ပြလို့ မြူ့ကို မီးဖိုခန်းထဲ တစ်ခါတည်း တန်းခေါ်သွားလိုက်တယ်။
“ ဘာတွေလဲ မြူ ”
“ ဆန်ပြုတ်ရယ် ကြက်ဥပြုတ် မကျက်တကျက်တွေနဲ့ မြူစွမ်ပြုတ်ရယ်။ မြူစွမ်က ကြက်ပြုတ်ရည်ပဲ ယူလာတယ်။ စားခါနီးမှ  ပြန်နွှေးပြီးထည့်ပေးဖို့ ”
သုံးဆင့်ချိုင့်အကြီးတစ်ချိုင့်နဲ့ မြူစွမ်ထုတ်လေးတွေကို ထမင်းစားပွဲပေါ် တင်တယ်။ ချိုင့်တွေကို တစ်ဆင့်ချင်း ဖြုတ်တယ်။ ကြက်ဥတွေကို ပန်းကန်တစ်ချပ်ပေါ် စီတင်ပေးတယ်။ ပန်းကန်လုံး တစ်ခုကို စင်ပေါ်က လှမ်းယူပြီး ဆန်ပြုတ်ထည့်ဖို့ အဆင်သင့် လုပ်ထားတယ်။ ကျွန်မက မြူလုပ်နေတာတွေကို ဧည့်သည် တစ်ယောက်လို ထိုင်ငေးကြည့်နေမိတယ်။ မြူက သူ့ ဆံပင်ညိုညိုတွေကို ဒီနေ့ လက်ကိုင်ပုဝါအပြာ တစ်ထည်နဲ့ ခပ်မြင့်မြင့်လေး ပင့်တင် စည်းနှောင်ထားတယ်။ တီရှပ် အပြာနု၊ ဂျင်းဘောင်းဘီအပြာနဲ့ တကယ့်ကို ပေါ့ပေါ့ ပါးပါးလေး။  မြူ့ကို ကျွန်မ တွေတွေလေး
 ငေးကြည့်နေမိရာက ရုတ်တရက် ထရပ် လိုက်မိတယ်။
“ ကြည့်စမ်း မမေသူရိန့်ဆီက BLV အနံ့ရတယ် ”
“ ဟုတ်တယ်။ အပြာနုလေ၊ မြူက ဒီနေ့ အပြာရင့် ဆွတ်လာတယ် ”
ပြောရင်း မြူ့နား ပိုတိုးကပ်ပြီး ပင့်သက်နဲ့အတူ ရနံ့တွေကို ရှိုက်သွင်းပစ်လိုက်တယ်။ ရုတ်တရက်မို့ မြူလည်း လက်ထဲက မြူစွမ်ထုတ်တွေကို ကိုင်ရင်း ကျွန်မကို ဝေခွဲမရတဲ့ အကြည့်နဲ့ ကြည့်တယ်။ ကျွန်မ သူ့ကိုယ်က ရေမွှေးနံ့ သက်သက်ကို ရှိုက်သွင်းမိတာ မဟုတ်ဘူး။ သူ့ ကိုယ်နံ့ သင်းသင်းလေးလည်း ပါတယ်။ အို … မြူရယ်။
ကျွန်မ မြူ့ကို ခပ်ငွေ့ငွေ့လေး ထပ်ကြည့်ရင်း ကျွန်မစိတ်ကို တဆုံးထိ လွှတ်ပေးလိုက်တော့တယ်။
“ ကျွန်မ ကျွန်မလေ …  မြူ့ကို သိပ်ချစ်တာပဲ သိလား”
စကားလုံးတွေနဲ့အတူ ဆံပင်တွေသိမ်းထားလို့ ပေါ်နေတဲ့ မြူ့ ဂုတ်သားဝင်းဝင်းလေးကို တရှိုက်မက်မက် ငုံ့နမ်းပစ်လိုက်တယ်။ အိုး … ဒါ ဒါ   ကျွန်မ နှစ်ရှည်လများ တောင့်တနေတဲ့အတွေ့အထိ တစ်ခုပေါ့။ ကျွန်မ လိုအပ်နေတာ ယောကျာ်းတစ်ယောက်ရဲ့ အထိအတွေ့မဟုတ်ဘူး။ ခုလို နူးညံ့ လှပတဲ့ အတွေ့အထိ တစ်ခုဆိုတာ ပိုပြီး သေချာသွားခဲ့ရပြီ။    အဲဒီ သေချာမှုနဲ့ ရရှိလိုက်တဲ့     အတွေ့အထိ အတွက်လည်း ကိုယ့်ကိုယ်ကို  ကျေနပ်နေမိတယ်။
သားရဲ တစ်ကောင်ကို တွေ့လိုက်ရသလို မြူ တစ်ယောက် မြူစွမ်ထုတ်တွေ ပစ်ချပြီး ကြောင်အမ်းမင်သက်နေချိန်မှာ ကျွန်မ မြူ့ကို ထားခဲ့ပြီး ကျွန်မ အခန်းထဲ ပြန်ဝင်ခဲ့လိုက်တော့တယ်။ ဆက်နေနေရင် ကျွန်မ မြူ့ကို ဘာတွေ ဆက်လုပ်မိမယ် မသေချာဘူးပဲ။
မောင်နဲ့ ကျွန်မတို့  ဒီလို အကြောင်းချင်းရာတွေကြောင့် တစ်အိမ်တည်း ဝေးနေကြတာဆိုတာ မကြာခင်တော့ အားလုံး သိသွားကြပါလိမ့်မယ်။
မနော်ဟရီ
၃၊၃၊၂၀၁၆