မကြာခင်ရွာထဲ ငါ မီးဝင်ရှို့မိတော့မယ်

Monday, May 16, 2016

မကြာခင်ရွာထဲကို ငါမီးဝင်ရှို့မိတော့မယ်

ရွာထဲမှာလူပိန်းတွေ တရုံးရုံးနဲ့ ရုပ်ရှင်ရုံတွေ ကြည့်ချင်ပွဲတွေ
ဟန်ရေးတပြပြနဲ့  နာမည်ကျော် ဗလာကောင်တွေ
တံဆိပ်ကောင်းယောင်ဆောင်ထားတဲ့အတုစစ်စစ်တွေ 
တဖြည်းဖြည်းနဲ့ရွာဟာ အနံ့အသက် မကောင်းတော့ဘူး 

တော်ကြာဆီထမင်းတော်ကြာစာကလေးကြော်
အမြင်မတော်အကြားမတော်မှုတွေက ညှော်လွန်းတယ် 
လူလည်တွေကစားတဲ့ပွဲမှာ မလည့်တလည်တွေ လည်ထွက်သွားခဲ့ကြ
အဖတ်လည်းဆယ်မရတော့  ..

သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလိုဘုတ်နဲ့ ကျီးတွေ
မျက်နှာဖုံးစွပ်ထားတဲ့တစ်နပ်စားသူရဲကောင်းတွေ 
ပွဲအလန့်မှာဝင်ဝင်ခင်းထားတဲ့ ဖျာချပ်တွေ  ..
စိတ်တွေအလာ့ဂျစ်ဖြစ်ဖြစ်လာ

တံတွေးခွက်ကြီးတွေပေါ်လက်ပစ်ကူးရင်း ကမ်းတက်လာကြ
ဘုမသိဘမသိတွေက ကယ်တင်ရှင်လို ကြိုဆိုကြ (သောင်းသောင်းဖျဖျ)
ချွတ်ခြုံကျဇာတ်ကွက်တွေကိုမျက်နှာလွှဲလိုက်တဲ့အခါ 
ရွာပြင်မှာမြေပြင်ညီ နည်းနည်းပဲ ကျန်တော့တယ်  ..

လူမရှိတုန်းဘုရင်ခဏတက်လုပ်နေတဲ့ လူကြမ်း 
တဖျန်းဖျန်းကြားနေရတဲ့လောကဓံကြာပွတ်သံ
ဟေ့ကောင်မင်းအမှန်တရားက ပရွက်ဆိတ်တက်နေပြီ
အမြုပ်တွေတစီစီနဲ့အသက်လည်းငင်လို့ 

ကိုယ့်ခြေရာခွက်ကိုယ်သမုဒ္ဒရာလုပ်နေကြသူတွေ
ကိုယ့်လေကိုယ်ထန်ကိုယ့်လှိုင်းကိုယ်ကြီး 
မဟာ့မဟာလုပ်ဇာတ်ကြီးတွေ ဟီးထအောင်မြင်လာခဲ့ 
ပဲ့ကျလာတဲ့ကိုယ့်ကျင့်တရားတွေက မြင်မကောင်း

လူပိန်းလက်ခုပ်သံတွေတဖြောင်းဖြောင်း
အနံအသက်တွေကတထောင်းထောင်း 
ယင်တွေလည်းတလောင်းလောင်း …
အကြောင်းသင့်ခဲ့ရင်တော့မကြာခင် ငါမီးဝင်ရှို့မိတော့မယ် 

မနော်ဟရီ
၆၊၆၊၁၄


0 Comments: