ဂျိုကာ

Sunday, September 25, 2011





ဂျိုကာ


ခင်းထားတဲ့ တံတားက အကြားနဲ့တင် မလုံလောက်တော့ဘူး

ကောင်းကင်တော်ဆီက အသံက .. အရောင်နည်းနည်းမှုန်တယ်

အတုန်တုန်အရီရီ ထိုးဆင်းစိုက်ကျလာတဲ့ မိုးစက်တွေကလည်း ကွဲ အက်လို့

တချို့ ငါ့ကို ရှတစေခဲ့ပြီ ….

ကြားဖူးနားဝ လမ်းတွေက မြေပုံထဲမှာ မပါဘူး

မြေပုံထဲက လမ်းတွေက တွေ့နေကျ မြင်နေကျ မဟုတ်ဘူး

စိတ်ရဲ့ အနေအထား အစုံအလင်ကို အရောင်တင်ထားခဲ့ပုံက

တဒင်္ဂ အခင်းအကျင်းတွေနဲ့ တနုံ့နုံ့လင်းလို့ ….

မြို့တော်အဟောင်းလည်း ဒါပဲ မြို့တော်အသစ်လည်း ဒါပဲ

အမှိုက် ခဲ သလဲ နဲ့ ဆဲဆိုပြစ်တင်သံ တွေ ကဲနေလိမ့်မယ် ..

ဘယ်ခေတ်မှာမှ ငါတို့ရှာဖွေလို့မရခဲ့တဲ့ မေတ္တာတရားအကြောင်း

အက္ခရာအသစ်တွေနဲ့ စာလုံးပေါင်းကြည့်ချင်ခဲ့ရုံ သက်သက်ပါ

အခင်းအကျင်းတွေက ကြောက်မက်ဖွယ် စွဲမက်စရာကောင်းလို့

ဇာတ်တော်လာ ဒဏ္ဍာရီတွေက ယုံချင်စရာ သွေးအလိမ်းလိမ်း

တိမ်းပါးကျန်ခဲ့တဲ့ စိတ္တဇနမ်တွေ အကြောင်းက ရင်နင့်စရာ ..

ကမ္ဘာမြေ ဆိုတာ ဒီလိုနေ့ရက်တွေနဲ့ သာ ဖွဲ့စည်းထားခဲ့ပါတယ်။

လက်တမ်းပုံပြင်တွေကတော့ အစုံအလင်ပါပဲ ..

ဖဲချပ်တွေကလည်း အစီအရီနဲ့ .. အပွင့်စုံနေခဲ့ပြီ

Run စဉ် တစ် run မှမပါပဲ ဝိုင်းသိမ်းပစ်လိုက်ဖို့အတွက်ကတော့

ရေမီးစုံတဲ့ ကံကြမ္မာဇာတ်ကောင်တစ်ကောင်လိုနေတယ်။

မနော်ဟရီ

၂၀၁၁၊ အောက်တိုဘာ၊ ရတီ မဂ္ဂဇင်း



2 Comments:

လင်းဒီပ said...

ကျွန်တော့်ဘဝဖဲထုပ်မှာ ဂျိုကာတစ်ကောင်မှ မပါလာခဲ့တာပါ ။

မယ့်ကိုး said...

(ဘယ်ခေတ်မှာမှ ငါတို့ရှာဖွေလို့မရခဲ့တဲ့ မေတ္တာတရားအကြောင်း
အက္ခရာအသစ်တွေနဲ့ စာလုံးပေါင်းကြည့်ချင်ခဲ့ရုံ သက်သက်ပါ....)
မယ်ကတော့ အဆုံးမှာ လက်ရေးညံ့လို့ လက်လျှော့လိုက်ရသူပါ ....