အဝါရောင်ကျီးကန်းတွေ ငါ့ဆီ ပြိုဆင်းလာတဲ့နေ့က ..

Saturday, September 25, 2010

အဝါရောင်ကျီးကန်းတွေ ငါ့ဆီ ပြိုဆင်းလာတဲ့နေ့က ..

ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့်

ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ

ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ..မြူတွေကလည်းဆိုင်း

ထင်တိုင်းကျဲ ပစ်တိုက်နေတဲ့ စိတ်ရိုင်းကလည်း ..

ခံတပ်တံတိုင်းကို အပိုင်းပိုင်းဖြတ်ချပစ်လိုက်

ဖြစ်ချင်တိုင်းဖြစ်နေလိုက်တာ .. အားနည်းနေတဲ့အခါမှာလေ …


စိတ်ရဲ့ ရာသီဥတုတွေကလည်း သိပ်များလွန်းတယ်

ငါတစ်ယောက်တည်း လျှောက်သွားရင်း ဖျားနေပြန်ပြီ .. ၁၀၈

အဲဒီပြတင်းတံခါးကို မဖွင့်ပါနဲ့ .. အပြင်မှာ ကျီးတွေပြိုနေတယ်

ငါ ငယ်ငယ်က အော်ဟစ်ခဲ့တဲ့ တေးသွားမျိုး ခုလည်း သူတို့နဲ့ငါ သံပြိုင်

အရှုံးအနိုင်မရှိတဲ့ ကစားပွဲတွေကိုချည်း ကစားလာလိုက်တာ

သံသရာတလျှောက်လုံးလည်း ဒိုင်ပွဲရပ်တွေချည်းပဲ …


ကိုယ့်ကိုယ်ကို ခိုက်ခိုက်တုန်အောင် လွမ်းလာတဲ့နေ့က

အနက်ရောင်မိုးတွေ သည်းသည်းမည်းမည်းရွာတယ် …

ခုတလော .. ရာသီဥတုတွေက မမှန်ဘူး မုန်တိုင်းတွေကလည်း ရူးလို့

နေရောင်ခြည်ကို ပေးပါ … နေရောင်ခြည်ကို ပေးပါ … အလင်းတစ်စပဲဖြစ်ဖြစ်

အဲလို ငါ ဟစ်အော် လိုက်မိတာ ..

အဝါရောင်ကျီးကန်းတွေ ပြိုကျလာခဲ့တယ် ….။

မနော်ဟရီ

၁၂၊၈၊၂၀၁၀

ကြာသာပတေး


ဒီနေ့ ၂၅၊၉၊၂၀၁၀ မှာ manorhary. blog ၂နှစ်တိတိပြည့်ပါတယ်။ စာရေးသက်တောင် ( in print ဖြစ်တာကိုပြောတာပါ) နှစ် ၂၀ကျော်လာမှတော့ blog ၂နှစ်ပြည့်တာ သိပ်တော့ မထူးဆန်းသလိုပါပဲ။ ဒါပေမယ့် ၁၉၉၀ ဇွန်လ ရဲ့ ပုံနှိပ်စာမျက်နှာလေးလိုပဲ အမှတ်တရ ရှိနေခဲ့ပါတယ်။ ခုတလော ရာသီဥတုတွေက မမှန်၊ မုန်တိုင်းတွေကရူးပြီး ကျီးတွေပြိုနေလိုက်တာ.... သက္ကရာဇ်တစ်ခုလုံးဝါလာတဲ့ထိ .. အဲဒီ ၂၀၁၀ ကိုပါ ပြန်မကြည့်ချင်တော့တဲ့ထဲ ပစ်ထည့်ထားလိုက်တော့မယ် ... လို့ တွေးနေမိတယ် ..။ ဘာမှလည်း မရေးဖြစ်တဲ့တွက် ရေးထားတဲ့ ကဗျာတစ်ပုဒ်ကိုပဲ တင်ပေးလိုက်ပါတယ်။ ငြိမ်းအေး ချမ်းမြပါစေ။


မနော်ဟရီ



နာရီများ၊ နေ့များ၊ ညများ အလွန်


သမုဒယတစ်ချက်ချက် .... ရွေ့လျောဖြတ်သန်းတိုးတိတ်သွားခဲ့တယ်ဆိုရုံလေး ဖွဖွကလေးမက်သွားတဲ့ အိမ်မက်လေးတစ်ခုရဲ ၀တ်ရုံလွှာ ...တမ်းမက်မြတ်နိုး ရိုးကျိုးတိတ်ဆိတ်ခဲ့ရတဲ့ အပြုံးနုနု ... အနာဂတ်ကို ယုံကြည်မှုနဲ့ထောင့်ဖြောင့်တိုင်းထားမှပေါ့ကောင်မလေးရယ် ................။

အကြည့်တွေရုတ်သိမ်း ...ညနေရီဝေေ၀ .....တိမ်တိုက်တွေ ရီဝေေ၀ ....စိတ်တွေကို လှိုင်းတွေရိုက်ချသွားခဲ့တဲ့အတိုင်း ကမ်းခြေမှာထားခဲ့လိုက်တယ် ..........။ ငြိမ်သက်နေတဲ့ အုန်းလက်ကလေးရဲ့အောက်မှာ တစ်ယောက်ထဲ ငြိမ်ငြိမ်ကလေးရပ်နေတဲ့ အရိပ်လေးတစ်ခု .... ပိုးစုန်းကြူးလေးလင်းလာသလို စိတ်ထဲတိုးဝင်လာတဲ့ အလွမ်း ......။ အလွမ်းအတိုင်းပဲထားခဲ့လိုက်တယ်။

သောင်ပြင်ပေါ်လျှောက်ခဲ့တဲ့ခြေရာတွေ ပျောက်ပျက်သွားဖို့ လှိုင်းဖျော့ဖျော့လေးတစ်ခုလိုအပ်သလိုမျိုး ..... တိမ်တွေကင်းစင်သွားဖို့ လေပြည်လေးတစ်ချက်လိုအပ်သလိုမျိုး ..... ကြယ်ကလေးကြွေကျသွားဖို့ စက္ကန့်လေးတစ်ခုလိုအပ်သလို ...... ခရမ်းရောင်သမုဒယ အနည်းငယ်လိုနေတယ်။

ကျော်ဖတ်ပစ်လိုက်တဲ့စာအုပ်လို ..... အသက်အောင့်ထားပြီးမှ ရှူထုတ်လိုက်တဲ့ထွက်သက်လို .... ကားအစင်းစင်းဖြတ်သန်းမောင်းနှင်ခံလိုက်ရတဲ့သစ်ရွက်တစ်ရွက်လို .....ဒဏ်ရာအထားအသိုမှားသွားတဲ့ နွေဦးရာသီလို ... ရင်ဘတ်ထဲပြန်တိုးဝင်ရင်လုံခြုံမယ်ထင်တဲ့ ထိကရုံးပင်လေးလို ....ကိုယ့်စိတ်ကိုကိုယ် ခွဲစိတ်နေတဲ့ဓားဦးချွန်တစ်လက်လို ...... သံသရာဟာ လုံလုံလောက်လောက်ရှည်လျားမှန်း သံဝေဂ ရုတ်တရတ်ကြီးရလိုက်သူလို ....... ..ကြေ ... ကွဲ ... ပါ ...တယ်။

Zephyr
(အနုပညာမဲ့သော နေ့ရက်များစွာအတွက်)

Notes:

နှစ်နှစ်ပြည့်သွားတဲ့ Blog နဲ့အတူ အမေလည်း ငြိမ်းချမ်းပါစေ။

Ezra Pound ပြောတာ တစ်ခုက Poetry is a centaur တဲ့။ Centaur တွေမှာ နှစ်ပိုင်းပါဝင်သလို ကဗျာမှာလည်း လိုအပ်မှုနှစ်မျိုးပါတယ်ဆိုတဲ့သဘောပါပဲ။ အသိဥာဏ်အားဖြင့်တောင်းဆိုသလို၊ နည်းပညာအရလည်းတောင်းဆိုပါတယ်။ ဖတ်တဲ့သူရဲ့ အားစိုက်မှုကိုတောင်းဆိုပါတယ်။ နားမလည်ဘဲ Like လုပ်ဖို့တောင်းဆိုတာမျိုးတော့ မဟုတ်ဘူးလို့သေချာပါတယ်။ Facebook မှာ မဖတ်Like ပြီး မိုက်ဘက်ပါနေတဲ့သူတွေ (မဘက်လိုက်ပြီး၊ မိုက်ဘက်ပါရာမှ ဆင်းသက်လာသည်။)။ မြင်းစီးရင်း မြားကိုပစ်ဖို့ချိန်ရွယ်တဲ့သူလို ကဗျာဟာ ချိန်သားကိုက်မှုကိုတောင်းဆိုပါတယ်။ ဟန်ချက်ညီညွတ်မှုကိုတောင်းဆိုပါတယ်။

ကဗျာကိုနားမလည်တာဟာ ကဗျာရဲ့ ရိုက်ခတ်မှုကို မခံစားလိုက်ရလို့ဖြစ်ဖို့များပါတယ်။ အနုပညာတွေရဲ့ ဆက်စပ်မှုသဘောတရားအရ နှိုင်းယှဉ်ခံစားလို့ရတာတွေရှိသလို သိလိုက်ရုံလေးထားရမယ့် ရသတွေလည်းရှိနိုင်ပါတယ်။ အခုလည်း ကျီးကန်းမောင်းတဲ့ကဗျာတစ်ပုဒ်ရေးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မဖြစ်ကောင်းလည်းမဖြစ်ပါဘူး။

ကဗျာထဲမှာ နိမိတ်ပုံတွေပါသလို Rhythm လည်းပါပါတယ်။ ကဗျာကိုလူတိုင်းရေးလို့မရပါဘူး။ Blog မှာရေးကြတာ ကဗျာစစ်စစ်ဘယ်နှယောက်ရေးနိုင်သလဲဆိုတဲ့မေးခွန်းကိုလည်း ရဲရဲရင့်ရင့်မေးကြည့်ဖို့လိုပါမယ်။ ကဗျာနဲ့နည်းစနစ်ကြားမှာ လိုအပ်နေတဲ့ သိမ်မွေ့တဲ့ အနုပညာမပါရင် ကဗျာ မဖြစ်နိုင်ပါဘူး။ ကဗျာဟာ အနုပညာပစ္စည်းဖြစ်တယ်။ ကိုယ်ကျိုးအတွက်သုံးလိုက်တဲ့ အရာဟာ ကဗျာမဖြစ်ဘူး။ အသုံးချခံ ပုဒ်အစုအဝေးပဲဖြစ်တယ်။ ကဗျာဟာ ကဗျာရေးသူရဲ့ ထုတ်ဖော်ဝန်ခံချက်ဆိုတဲ့ သဘောတရားကို Confessional Poetry တွေမှာ လက်ခံသုံးစွဲကြတယ်။ ထုတ်ဖော်ဝန်ခံချက်ဆိုတဲ့နေရာမှာ သူ့ရဲ့ အဇ္ဈတ္တကိုထုတ်ဖော်ဝန်ခံတာလား ...စိတ်ဒဏ်ရာကို လှိုင်းတစ်ခုလို သတ်မှတ်ရင် ... အဲဒီလှိုင်းကို စည်းချက်ပြောင်းလဲပြီးဖော်ပြတာမျိုး၊ အသွင်ပြောင်းလဲဖော်ပြတာမျိုး၊ ဆန့်ထွက်ပြီးဒဿနတစ်ခုနဲ့ပေါင်းစပ်ဖော်ပြတာမျိုးအထိ ကျယ်ပြန့်ပါတယ်။ ကိုယ့်အကြောင်းကိုယ်ရေးတာ ကဗျာဆိုရင် အဲဒီ ကိုယ်ဆိုတဲ့ ဝေါဟာရဟာ ကဗျာရေးသူကို ညွှန်းတဲ့ ကိုယ်မဟုတ်ဘဲ ကဗျာရေးနေစဉ် ဖြစ်နေတဲ့ စိတ်ရဲ့ စွက်ဖက်မှုကို ကိုယ်လို့ခေါ်တာပဲဖြစ်ပါလိမ့်မယ်။ ကဗျာဆရာဟာ အချိန်မရွေးထရေးလိုက်ရုံနဲ့ကဗျာဖြစ်တယ်ဆိုတာ ဦးပုညခေတ်မှာကျန်ခဲ့ပါပြီ။ အဲဒီခေတ်က ရေးသမျှဟာ ၅၅၀ နိပါတ်တော်တွေနဲ့ ရှေးခေတ်အဖွဲ့ထဲက မထွက်နိုင်တဲ့ ထပ်ပြန်တလဲလဲ၊ ညစ်ပတ်တဲ့ဆီသည်မ ဘိုးဘွားစဉ်ဆက်သုံးစွဲလာတဲ့ လက်သုတ်ဖတ် အလင်္ကာဆိုတာထက်မပိုပါဘူး။

ကဗျာဟာ Mutates ဖြစ်ပါတယ်။ Mutatates လို့သုံးချင်ပါတယ်။ Evolve ဖြစ်တယ်လို့မသုံးချင်ပါဘူး။ ကဗျာနဲ့ပတ်သက်ရင် ပထမဆုံးအတားအဆီးက ကဗျာကို နားမလည်တဲ့သူတွေနဲ့ရှေးရိုးစွဲပြဿနာပါ။ မြန်မာပြည်မှာ အဲဒီ အာသန်နိုင် (အာသန်တဲ့သူ နောက်ဆုံးနိုင်တယ်) အယူအဆကို လက်ခံတဲ့ ဝေဖန်ရေးသမား တစ်ကျိပ်နဲ့ ခုနှစ်ယောက်လောက်ရှိခဲ့ပါတယ်။ နောက်ဆုံးအဲဒီလူတွေကိုသာ မမှတ်မိတော့ပေမယ့် ခေတ်ပေါ်ကဗျာရဲ့ နယ်နိမိတ်နဲ့ ယဉ်ကျေးမှုဟာ ကျယ်ပြန့်လာပါတယ်။ Hip Hop ယဉ်ကျေးမှုကို လူကြီးတွေက သင်ပေးလိုက်တာမဟုတ်ပါဘူး။ လူငယ်ဒဿနအရ လွတ်လပ်ပွင့်လင်းတဲ့ ရိုးရှင်းမှုကို အလိုလိုသိစိတ်နဲ့နားလည်တာမျိုးပဲဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်ဟာ လူတစ်ယောက်ရဲ့ ရင်ထဲကိုရောက်သွားဖို့ ကဗျာဖတ်သူရဲ့ လက်ခံနိုင်မှု၊ဖြတ်သန်းမှုတွေနဲ့ပတ်သက်ပါတယ်။ အနုပညာကို နားမလည်တာဟာ ဘာမှပြဿနာမရှိပေမယ့် ...ကိုယ် နားမလည်တဲ့အရာဟာ အနုပညာမဟုတ်ဘူးလို့ ခွက်စောင်းခုတ်တဲ့ အခါမှာတော့ အတော်လေးရယ်စရာဖြစ်လာပါတယ်။

မြန်မာပြည်မှာ ကဗျာကို ထိထိရောက်ရောက်သုံးခဲ့တဲ့ကြော်ငြာက အန်းလီဖြစ်ပါတယ်။ နွေရက်မိုးဆောင်း ..ဘာညာဘာညာ ....။ အဲဒါကိုကြည့်ပြီး ကဗျာနဲ့ အန်းလီဆက်စပ်တယ်လို့ ထင်တဲ့ ပညာရှိမျိုးကို ကဗျာအကြောင်းပြောစရာမရှိပါဘူး။ ကဗျာဟာ Mutates ဖြစ်တယ်။ အခုဖတ်လိုက်လို့ရတဲ့ ရသဟာနောက်တစ်နှစ်မှာ ပိုကောင်းတဲ့ရသအဖြစ် ပြောင်းလဲသွားနိုင်သလို၊နောက်တစ်နှစ်မှာ ကိုယ့်အတွက် ဘာမှ မခံစားရတဲ့စာအစုအဝေးလည်းဖြစ်သွားနိုင်တယ်။ လက်ခံရရှိတဲ့ အမှတ်အသားကို တိုက်ဆိုင်စစ်ဆေးလိုက်သလို ကဗျာရဲ့ ထိချက်ဟာ ဖတ်တဲ့သူရဲ့ Frame of Mindနဲ့ရော၊ ရင့်ကျက်မှုအရပါ ပြောင်းလဲနေပါမယ်။

ကဗျာမှာ Climax ပါချင်လည်းပါမယ်။ မပါချင်လည်းမပါဘူး။ အနောက်တိုင်းကဗျာတွေမှာ Rhythm ကို အားပြုပြီးဖွဲ့ဆိုလိုက်တာကို Timing အကြောင်းမသိတဲ့ ငါးပိသံနဲ့ရွတ်တဲ့မြန်မာက အဲဒီကဗျာရဲ့ ပြေပြစ်မှု၊ ပြင်းအားနဲ့ လေးနက်တဲ့ အသံအသွားအလာတွေကို ဘယ်လိုမှမသိနိုင်ဘူး။ အသုံးအနှုန်းကို Dictionary မှာကြည့်တာနဲ့ ကာလံဒေသံအရသိတာက တစ်ခြားစီပါပဲ။ ငါ့သမီးတော်လှ လို့ မြန်မာလိုရေးရင် ... မြန်မာတွေက ယောင်းမမြင်းစီးထွက်တာနဲ့တွဲသိပေမယ့်၊ မြန်မာစကား အနည်းငယ်လောက်နားလည်တဲ့ အင်္ဂလိပ်ကတော့ သမီးက သိပ်တော်တယ်လို့ထင်သွားသလို .. ကဗျာကို ဘာသာပြန်တာတွေဟာ အလွဲအချော်များနိုင်ပါတယ်။ ကဗျာမှာ အသံရှိတယ်။ ဘယ်လောက် ချိုးဖျက်ထားတဲ့ ကဗျာပဲဖြစ်ဖြစ် အသံတော့ရှိတယ်။ အဲဒီအသံကို ကြားရတဲ့ နားမျိုး ကဗျာဖတ်တတ်တဲ့သူမှာရှိတယ်။ အဲဒီအသံကိုမကြားရင် သရော်နေတဲ့ကဗျာကို အချစ်ကဗျာလို့ထင်မယ်။ခန္ဓာကိုယ်ကြီးအကြောင်းရေးတာကို နိုင်ငံရေးထင်မယ်။ သဘာဝတရားအကြောင်းရေးတာကို ဟာသထင်မယ်။ ... ကဗျာကို ရေးတတ်ဖို့လိုပဲ ဖတ်တတ်ဖို့လည်း သိပ်မလွယ်ပါဘူး။

ပန်းချီကားကြည့်သူတွေဟာ ပန်းချီကားတစ်ချပ်ထဲရှေ့မှာ နာရီပေါင်းများစွာ အာရုံစိုက်ပြီးကြည့်ကြပါတယ်။ ကပ်ကြည့်တယ်။ခွာကြည့်တယ်။ စောင်းကြည့်တယ်။ အရောင်တွေကိုခံစားတယ်။ စုတ်ချက်ကိုခံစားတယ်။ ရေးတဲ့ ပန်းချီဆရာရဲ့ ရေးဟန်နဲ့ သူ့ဆိုလိုချက်ကို မိအောင် အင်မတန်အားထုတ်ရတယ်။ အနုပညာနဲ့ပတ်သက်ရင် ပန်းချီက နံပါတ်တစ်မှာ အမြဲရှိတယ်။ ကဗျာဟာ ပန်းချီက အတွေးအခေါ်ကို ကူးယူရတာ ခေတ်အဆက်ဆက်မှာရှိတယ်။ ဆူရီယ်လ်ဖြစ်ဖြစ်၊ ကျူဗစ်ဇင်ဖြစ်ဖြစ် ပန်းချီက ပိုစောခဲ့တယ်။ အနောက်တိုင်းမှာ ကဗျာဆရာတွေဟာ အတွေးအခေါ်နဲ့ပတ်သက်ပြီးလေ့လာကြသလို၊ အနုပညာပုံစံတွေကိုလည်းစနစ်တကျလေ့လာကြတယ်။ ဆက်စပ်မှုကို နားလည်ကြတယ်။ ကိုယ်ပိုင်အယူအဆနဲ့ဖန်တီးကြတယ်။ ဖန်တီးမှုကိုလုပ်နိုင်ဖို့ အခြေခံလိုတယ်ဆိုတာကို လက်ခံကြတယ်။ ပီကာဆို အကြောင်း၊ ဗန်ဂိုးအကြောင်းဖတ်ကြည့်ရင် သူတို့တွေ အနုပညာအတွက် အချိန်ဘယ်လောက်ပေးပြီးလုပ်ခဲ့သလဲ ဆိုတာသိမယ်။ အနုပညာသမားဟာ အနုပညာနဲ့ပတ်သက်ပြီး မရောင့်ရဲတဲ့စိတ်ရှိတယ်။ လေ့ကျင့်မှုရှိတယ်။ လေ့ကျင့်မှုမရှိဘဲမဖြစ်နိုင်ဘူး။ တိုက်ဂါးဝုဒ် တစ်ချက်တည်းကျင်းဝင်အောင်ရိုက်ဖို့ သူ့တစ်သက်လုံး လက်တွေပေါက်ပြဲတဲ့အထိလေ့ကျင့်ခဲ့ရသလို အနုပညာသမားဟာ သူ့ရဲ့ အာရုံတွေကို ပွန်းပဲ့တဲ့အထိ တိုက်စားပြီး အနုပညာပစ္စည်းကိုဖန်တီးတယ်။

l'art pour l'art အနုပညာသည် အနုပညာအတွက်လို့စပြီးမပြောခဲ့ပဲ အနုပညာသည် မင်းကြီးဒေါ်အတွက်လို့သာ စပြောခဲ့ကြရင် အခုအထိလည်း အနုပညာသည် မင်းကြီးတော်အတွက်လို့ထင်နေဦးမလားမသိဘူး။ လူတစ်ယောက်ဟာ စိတ်ထဲမှာယုံပြီးသားကိစ္စကိုပဲယုံပါတယ်။ စတီဗင်ဟော့ကင်းက ဘုရားသခင်နဲ့ ကမ္ဘာကြီးဖြစ်ပေါ်လာမှုမပတ်သက်ဘူးလို့ပြောရင်ယုံတာဟာ စတီဗင်ဟော့ကင်းကို ယုံလို့မဟုတ်ပါဘူး။ အရင်ကတည်းက အဲဒီလို အယူကိုမယုံလို့ဖြစ်ပါတယ်။ တကယ်လို့ဟော့ကင်းကပဲ လိင်တူဆက်ဆံခြင်းဟာ ပဋိသန္ဓေရနိုင်တယ်လို့ပြောရင် မယုံတာဟာ သူပြောလို့မယုံတာမျိုးမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ်မယုံတာကြောင့်ပဲ မယုံတာပါ။ လူဟာ ရှိပြီးသားအမှန်တရားလို့ယူဆတာတွေကို ပြောင်းပြန်လုပ်လိုက်မှာ သိပ်ကြောက်တဲ့အတွက် အနုပညာပစ္စည်းတစ်ချို့ရဲ့ တောင်းဆိုမှုလွန်ကဲခြင်းကို ခံစားတတ်ဖို့အသင့်ဖြစ်လေ့မရှိပါဘူး။

ကဗျာဟာ အော်သံတစ်မျိုးလည်းဖြစ်တယ်။ ကမ္ဘာကြီးပေါ်မှာ ကျွန်တော်တို့လို ဖြတ်သန်းရှင်သန်သွားတဲ့ လူတစ်ယောက်ရဲ့ စိတ်တွင်းကအော်သံလည်းဖြစ်တယ်။ မျက်ရည်လည်းဖြစ်တယ်။ သူ့ရဲ့ ဖွက်ထားတဲ့ စိတ်ခံစားချက်လည်းဖြစ်တယ်။ ကဗျာမှာ အကြည်ဓာတ်လေးလင်းနေတာမျိုးလည်းရှိတယ်။ နည်းပညာအရဖွဲ့ထားပေမယ့် စစ်မှန်မှုနဲ့ကင်းကွာမနေဘူး။ ရေးသူဟာ စိတ်ကို ဘယ်လောက်အထိ သန့်စင်ပြီးစစ်ထုတ်လိုက်တဲ့ကဗျာလည်းဆိုတာကို ကဗျာက ပြန်လည်ထင်ဟပ်နိုင်တယ်။ ကဗျာရေးသူဟာ ကဗျာရေးဟန်ကိုဖန်ဆင်းနိုင်တယ်။ ကဗျာဆရာဟာ မှတ်ပုံတင်မလိုဘူး။ သူ့ကဗျာဟာ သူ့ရဲ့မှတ်ပုံတင်ပဲဖြစ်တယ်။ ရေးဟန်နဲ့အကြောင်းအရာကို ပုံတူကူးသွားရင်တောင် ကဗျာဆရာရဲ့စစ်မှန်မှု၊ အကြည်ဓာတ်ကို ဆက်လက်ကူးသွားလို့မရဘူး။ ကဗျာဟာ ဟိုလို ဒီလို ပုံစံအတွင်းမှာရှိနေရမယ်လို့ ဘယ်သူကမှ အာမမခံထားတဲ့အတွက် ကဗျာဟာ အနုပညာဘောင်အတွင်းမှာ လွတ်လပ်စွာကခုန်နေတဲ့ကခြေသည်တစ်ယောက်နဲ့လည်းတူတယ်။

လေ့လာမှုကြောင့် အရိပ်လွှမ်းနေတဲ့ကဗျာတွေဟာ စစ်မှန်မှုမှာ အားနည်းပြီး ဆန်းသစ်မှုမှာ အားသာနေနိုင်ပါတယ်။ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးကို ပိုင်းဖြတ်ဖို့အလုပ်ဟာ ကျွန်တော်တို့လွှဲအပ်တာဝန်ပေးခံထားရတဲ့ကိစ္စမဟုတ်တဲ့အတွက် အရေးပါပေမယ့် အရေးမကြီးတဲ့ ကိစ္စလို့ပဲသတ်မှတ်ရပါတယ်။ ကဗျာရဲ့နည်းနာဆိုတာဟာ ကဗျာရေးသူရဲ့ တီထွင်မှုကို လေ့လာပြီးမှ ပြန်လည်ပြုစုထားတဲ့အတွက် နည်းနာနဲ့ ဖန်တီးမှုမှာ ဖန်တီးမှုဟာ အရင်လာပါတယ်။ ကဗျာဟာ စာပေမပေါ်ခင်ကတည်းက ပြောဆိုဆက်သွယ်မှုအားဖြင့်ရှိခဲ့ပါတယ်။ Hip Hop ဂီတမပေါ်ခင်ကတည်းက အမည်းတွေက အဲဒီလို Rhythmic ဖြစ်တဲ့လေယူလေသိမ်းတွေနဲ့ပြောဆိုမှုရှိခဲ့သလိုမျိုးပါပဲ။ ကဗျာတစ်ပုဒ်ဟာ စိတ်ကို အလွတ်အတိုင်းထားပြီးဖတ်ဖို့တောင်းဆိုပါတယ်။ ကဗျာတစ်ပုဒ်ဟာ သင့်ဘေးနားက လောကစစ်စစ်ကြီးကိုမေ့နေတာကိုလှန့်နှိုးတဲ့အခါနှိုးပါတယ်။ ကဗျာဟာ အပြုံးလိုပဲ လူမျိုးဘာသာမရွေးဆီဖြတ်သန်းသွားလာနိုင်တဲ့ ယေဘူယျ ဘာသာစကားဖြစ်ပါတယ်။

ယုံကြည်တာတွေအတွက် ရဲရင့်နေတဲ့ကဗျာရေးသူတွေဟာ ကဗျာရေးခြင်းလုပ်ငန်းကိုလုပ်ကိုင်ပါတယ်။ ကဗျာကို စောင့်ဆိုင်းပါတယ်။ ကဗျာအားဖြင့် မေတ္တာပို့ပြီး၊ ကဗျာအားဖြင့်ကြေကွဲပါတယ်။ ကဗျာနှင့်အတူ၊ ကဗျာနှင့်အညီ၊ ကဗျာနှင့်အမျှ သုံးသပ်ပါတယ်။ ခံစားနာကျင်ပါတယ်။ ကဗျာအားဖြင့်ပျံသန်းပါတယ်။ ကဗျာအားဖြင့် ကျရှုံးပါတယ်။ ကဗျာကြောင့် ယဉ်ကျေးမှုထွန်းကားလာပြီး၊ကဗျာကြောင့် အသက်ဆက်လက်ရှင်သန်ပါတယ်။ ကမ္ဘာကြီးဟာ ကဗျာအားဖြင့် ၂၃ နှစ်ပိုင်းတစ်ပိုင်းစောင်းတယ်လို့ယူဆပါတယ်။ ကဗျာဟာ ဆက်လက်ပြီးပေါက်ကွဲထွက်နေမယ့် အနုပညာမြောက် Big Bang လည်းဖြစ်ပါတယ်။ ကွှန်တော်တို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ ကဗျာဟာ ၀င်းမှည့်မွှေးမြဖို့အသင့်ဖြစ်နေပါမယ်။ ကဗျာအားဖြင့် စစ်ကိုဆန့်ကျင်၊ အကြမ်းဖတ်ဝါဒကိုဆန့်ကျင်ကြသလို၊ ကဗျာအားဖြင့် ငြိမ်းချမ်းရေးသ၀ဏ်လွှာကိုပေးပို့ကြပါတယ်။ ကဗျာဟာတစ်ယောက်စီရဲ့နှလုံးသားကို ပျံသန်းရောက်ရှိလာနေတဲ့ ဂီတသံတစ်စလည်းဖြစ်ပါတယ်။

၂၀၁၀ မှာတော့ ကဗျာဟာ soft power, Bottom Billion, Anti Terrorism, လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရေးနဲ့ ... လူတစ်ယောက် လူ့အဖြစ်မှာ ပြည့်ဝတဲ့လူဖြစ်ခွင့်ရရေးအထိအကျုံးဝင်ပါတယ်။ ကဗျာမှာနယ်နိမိတ်ဆန့်ထွက်ခွင့်ရှိတဲ့အတွက် ဖွင့်ထားတဲ့စိတ်တိုင်းအတွက် ပြည့်စုံကောင်းမွန်တဲ့ အဟာရအဖြစ် ကဗျာကို စားသုံးခွင့်ရှိပါတယ်။ ကဗျာဟာ လူ့ယဉ်ကျေးမှုက ဖူးပွင့်သမျှထဲမှာ အလှဆုံးပန်းပွင့်လည်းဖြစ်ပါတယ်။ ဒီပနီလိုကဗျာတွေဟာ သံသရာလွတ်ကြောင်းအထိ အကျုံးဝင်နေသလို၊ ခေတ်ပေါ်ကဗျာတွေဟာလည်း ခေတ်ပေါ် လောကဓံတွေနဲ့ စီးချင်းထိုးနေရတဲ့လူသားဆန်မှုတွေကို လက်ဆင့်ကမ်းပေးနိုင်ပါတယ်။ ....

ခေတ်ပေါ်ကဗျာဟာ ခေတ်ကို ထင်ဟပ်ချင်လည်း ထင်ဟပ်မယ်။ ဒါပေမယ့် ကဗျာတိုင်းမှာတော့ အလှတစ်ခုတော့ရှိတယ်။ ... ကဗျာတွေကို အချိန်ပေးဖတ်ဖြစ်တဲ့အခါ ကဗျာတွေက ပြောနေတာတွေဟာ သင့်လောကထဲက ထိခိုက်မိသံတွေပဲဆိုတာကို သင်တစ်နေ့နေ့နားလည်လာပြီး ကဗျာကိုလည်း ရည်ရွယ်မထားပါဘဲနဲ့ .... သင်ချစ်မိသွားလိမ့်မယ် ................။ ။

အခုအချိန်မှာတော့ Art for (Blank's) sake ဖြစ်သွားပြီး Blank ထဲမှာ ကြိုက်ရာစာသားကိုယ့်ဘာသာကိုယ်ဖြည့်စွက်ဖတ်နိုင်ပါပြီ။ ကဗျာထဲမှာသင်ဖြည့်ဖို့လိုနေတာလေးတွေဖြည့်ပြီးထပ်ဖတ်ကြည့်ပါဦး ............။ ခေတ်ပေါ်ကဗျာမှာ အဖြေပေးဖို့ကဗျာရေးတာမဟုတ်တော့တဲ့အတွက် ကဗျာဖတ်သူကို မေးခွန်းထုတ်ထားတာတွေပဲတွေ့နေရင်လည်း အဲဒါဟာ ပုံမှန်ပဲလို့မှတ်ပါ။

(Zephyr)
အမှတ်တရအနေနဲ့ ကဗျာအကြောင်း ဆောင်းပါးတိုလေးရေးပေးလိုက်ပါတယ်။





September Concert

Wednesday, September 22, 2010


အဖြူစွန်း အနက်စွန်းများနှင့် ဘုရားတစ်ပိုင်း မာရ်နတ်တစ်ပိုင်း စက်တင်ဘာ ..

ဟိုး အတိတ် ခပ်နက်နက်ဆီမှာ နစ်မြုပ်ကျန်နေခဲ့တဲ့ စက်တင်ဘာကို ပြန်တူးဖော်ကြည့်မိတဲ့အခါ အရာရာဟာ မပီဝိုးတဝါးနဲ့။ အာရုံအနားသားတွေက နှင်းတွေကျနေခဲ့တယ်။ မိုးငွေ့တွေ ကုန်လုလု စက်တင်ဘာဟာ အတုအယောင် မိုးစက်တွေကို ရွာသွန်းချလိုက်တဲ့အခါ အဲဒါကို အေးမြမှု လို့ ကျွန်မ ထင်ခဲ့ဖူးတာပေါ့ ..။ ခုတော့လည်း အဲဒီအိပ်မက်တွေက သေဆုံးသွားခဲ့ပြီးပါပြီ။

တစ်ချိန်တုန်းကတော့ စက်တင်ဘာဟာ အဖြူရောင် ဖြစ်တယ်။ ရိုးကျိုးမြင့်မြတ်မှု တွေနဲ့ အနားသတ် ဖွဲ့တည်ထားခဲ့လို့ ဘယ်တော့မှ အရောင်မလွင့်ဘူးလို့လည်း ထင်ခဲ့ဖူးတယ်။ ပထမဆုံး နဲ့ နောက်ဆုံးအိပ်မက် တစ်ခုလိုလည်း ခန်းနားလှပနေခဲ့ဖူးတယ်။ သုံးကြောင်းတည်းနဲ့ ကိုင်လှုပ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကလည်း ဇာတ်ဝင်တေးသွား ဖြစ်ခဲ့ဖူးတယ်။ ဒါတွေအားလုံးဟာ ထင်ယောင်ထင်မှားမှု တွေတဲ့လား …။

တောအုပ်ကကျယ်ပြီး ခြင်္သေ့က ငယ်တယ်
ခြင်္သေ့ပြောသမျှ တောအုပ်က နားထောင်အောင်
မင်း ကိုယ့်အတောင်ပံလေးတွေ လုပ်ပါလား အချစ်ရယ် တဲ့ …

သားရဲတစ်ကောင်ရဲ့ အတောင်ပံဖြစ်ခွင့်ကို တစ်လောကလုံးနဲ့ လဲလှယ်ပစ်လိုက်ခဲ့တဲ့ ခပ်မိုက်မိုက်မဲမဲ အဖြူရောင် ငှက်မွေးလေး တစ်တောင်ဟာ ကျွန်မပဲပေါ့ ။ စိမ့်နက်နေတဲ့ တောအုပ်ရဲ့မာယာကို နားမလည်ခဲ့သလို တောဘုရင် ခြင်္သေ့ရဲ့ ခက်ထန်မှုတွေကိုလည်း ကျွန်မ မေ့လျော့ထားခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ မောက်မှားနေတဲ့ အာရုံမှာ တောအုပ်တွေကတောင် နှင်းအရောင်နဲ့ ဆွတ်ဆွတ်မှောင် လို့ ..။ အိုး .. အဲဒီ စိတ္တဇနာမ်ဟာ လူကို မှားယွင်းစေနိုင်တဲ့ စွမ်းအင်များစွာပိုင်ဆိုင်ထားခဲ့သတဲ့လား ။

တဖြည်းဖြည်းနဲ့ တောအုပ်က မှောင်မည်း နက်ရှိုင်းလာတယ်။ သားရဲတွင်းထဲက သွေးညှီနံ့တွေက ကျွန်မကို အိပ်မက်က နိုးထတော့လို့ ပြောနေသလိုပဲ။ အဖြူရောင်တွေက တဖြည်းဖြည်း သိပ်သည်းပြီး မှောင်လာတယ်။ ဟင့်အင်း .. ကျွန်မ ဘာကို နောင်တရရမှာတဲ့လဲ။ မရချင်ပါဘူး။ အပိုင်းပိုင်း အပြတ်ပြတ်နဲ့ သွေးရဲရဲ သံရဲရဲ ပြုတ်ကျ ပျောက်ဆုံးသွားခဲ့ရတဲ့ ကျွန်မ ဘဝ အပိုင်းအစတွေကို ထုံပေပေနဲ့ ငေးကြည့်နေမိသေးတာ .. သက္ကရာဇ် တချို့တောင် ပြာကျသွားတဲ့အထိ။ … ထွက်သက်ဝင်သက်နဲ့ ခန္ဓာ ပြန်ငြိလာတဲ့အခါ အဖြူရောင် ငှက်မွေးတောင်လေးဟာ ကံကြမ္မာမိုးသည်းထဲမှာ ခိုက်ခိုက်တုန် ကျိုးပျက် ပေကျံလို့ ..။ သားရဲတစ်ကောင်ရဲ့ အတောင်ပံဖြစ်ခွင့်ကို ရယူခဲ့တဲ့ အတောင်ပံတစ်ခုရဲ့ တစ်ခန်းရပ်ပေါ့ ..။

စက်တင်ဘာဟာ အနက်ရောင်တွေ စွန်းပေလာခဲ့ပြီ ။ ရုန်းထွက် လွတ်မြောက်လို့ မဖြစ်နိုင်တဲ့ နေ့ရက်တွေက အရိပ်တွေလို မည်းနက်မှုန်ဝေ လို့။ ခြောက်ခြားဖွယ် မုန်တိုင်းတွေကလည်း ဟူးဟူးရားရား တိုက်ခတ်လို့ ။ အလွယ်တကူ ပျံသန်းခဲ့ဖူးတဲ့ နေ့ရက်တွေက ဘယ်နားမှာ ကျကျန်ခဲ့ပြီလဲ။ တစ်ချိန်က ကူညီပျံသန်းခဲ့ဖူးတဲ့ အတောင်ပံလေးတစ်ဖက် သွေးစက်တွေနဲ့ ပြုတ်ကျ ကျန်ရစ်ခဲ့အောင် ဘယ်လို နတ်ဒေဝတာကများ အကျိုးဆောင်ခဲ့တာလေလဲ။ တကယ်ဆို တောဘုရင်ဟာ အတောင်ပံတစ်စုံ လိုမှ မလိုအပ်ခဲ့ပဲကွယ်။ နာကျင်ကြေကွဲခံပြီး ရင်နင့်တေးသံတွေနဲ့ ကူညီပျံသန်းခဲ့ဖူးတဲ့ နေ့ရက်တွေဟာ လောကရဲ့ အပိုဆု သက်သက်ပဲပေါ့။ အမှားအယွင်းမရှိ ရွာချလာတဲ့ မိုးသံတွေအောက်မှာ စုန်းစုန်းမြုပ်နေတဲ့ ဝေါဟာရ တစ်လုံးဟာ “ မိုး ” တဲ့ ..။ အခါလွန်သွားခဲ့တာလေး တစ်ခုပါပဲ။

အဖြူရောင်ပန်းပွင့်တွေ စက်ဝေနေအောင် ပွင့်ခဲ့ဖူးသလို အဖြူရောင် မိုးစက်တွေ လွင့်ကြွေခဲ့ဖူးတဲ့ စက်တင်ဘာမှာပဲ အနက်ရောင် ရေခိုးရေငွေ့တွေ အုံ့ဆိုင်း မင်းမူလာခဲ့တာ။ အဖြူရောင် ဗိမာန်လေး တစ်ခုကို တည်ခဲ့ဖူးတဲ့ စက်တင်ဘာမှာပဲ အနက်ရောင် လဲပြိုမှုတွေ ကျရောက်လာခဲ့တာ။ အဖြူရောင် သီချင်း ကို ဆိုခဲ့ဖူးတဲ့ စက်တင်ဘာမှာပဲ အနက်ရောင်သံစဉ်တွေ လမ်းမှားဝင်လာခဲ့တော့တာ။ အရာရာဟာ မှုန်သီ ဖြာဝေလို့ ဘာကိုမှ သည်းကွဲစွာ မမြင်ရတော့ပါဘူး။ ကိုယ်တိုင်လည်း မီးခိုးတလူလူနဲ့ မီးတောက်တွေကို ငြိမ်းသတ်မရနိုင်ခဲ့သေးဘူး။ နောက်ဆုံးမှာတော့ ပြာပုံကလေးအတွက် ရေအေးအေးတစ်ခွက်တော့ လိုအပ်ခဲ့လိမ့်မယ်။

အရာရာကို ပေးအပ်ခဲ့ဖူးတဲ့ စက်တင်ဘာမှာ အရာရာကိုပြန်လည် ဆုံးရှုံးလိုက်ရဖူးတယ်။ အရာရာ အရည်ပျော်ကျသွားခဲ့ရတဲ့ ရာသီဥတုမှာ အရာရာပြန်လည် အေးခဲခဲ့ဖူးတယ်။ ရလိုက်တယ်ထင်ပြီး ဘာမှမရလိုက်တဲ့ လပ်ဟာမှုတွေ တပုံတပင်ကိုလည်း သိမ်းဆည်းထားခဲ့ရဖူးတယ်။ ကတိကဝတ် အကျိုးအပဲ့တွေ အများဆုံး၊ စွယ်တော်ရွက်တွေ အကြွေဆုံး ရာသီဟာ စက်တင်ဘာပဲ ဖြစ်ခဲ့လိမ့်မယ် ထင်တယ်။ တကယ်ဆိုရင် တိမ်တွေနိမ့်ဆင်း လိမ့်ကျလာတဲ့ ကောင်းကင်ဟာ အတုဖြစ်လိမ့်မယ်ဆိုတာ သိထားနိုင်တဲ့စွမ်းရည်တွေကို စက်တင်ဘာက စုတ်ယူသွားခဲ့နိုင်တာ ကျွန်မ သိထားသင့်တာပေါ့။ ခုတော့..

သွန်းကျဲပက်ချခဲ့ဖူးတဲ့ ကောင်းချီးတွေဟာ ခုတော့လည်း ကျိမ်စာလိုပါပဲလား။ ခါးသက် .လိုက်တာ။ အကြိမ်ကြိမ် အဖန်ဖန် ရွတ်ဆိုခဲ့ဖူးတဲ့ မန္ဆန်တွေက ခုကျကာမှ ဌာန်ကရိုင်းမဲ့ နေခဲ့တော့တာ သဘာဝ မကျလိုက်တာ ..။ မာရ်နတ်ရဲ့ အောင်နိုင်မှုတွေကို လက်ပိုက်ကြည့်နေရတဲ့ ညနေခင်းက သိပ် အဆင်းမလှဘူး။ လက်ဖြာတောက်ပနေတဲ့ ဒါဏ်ရာရောင်စုံတွေကို ဖုံးအုပ်ဖို့တဲ့ .. အမှောင်ကတော့ မကြာခင် ရောက်လာတော့မယ်။ စက်တင်ဘာရဲ့ အမှောင်ထဲမှာ တစ်ယောက်တည်း စမ်းတဝါးဝါးလျှောက်ရင်း ပြိုဆင်းကျလာတဲ့ နာကျင်ခြင်းတွေကို ခေါင်းငုံ့လည်စင်းပေးနေရတာ သိပ်တော့ အရသာမရှိပါဘူး။

ခုတော့လည်း ဒိထက်မှောင်တဲ့ အမှောင်ဆိုတာ မရှိကြောင်း လက်တွေ့သိခဲ့ရပြီ။ ထိထက်ပိုတဲ့ ဒါဏ်ရာ အနာတရဆိုတာ မရှိနိုင်ကြောင်း နားလည်ခဲ့ရပြီ။ အသားမာ တက်လာတဲ့ စိတ်တွေကို ကြည့်ပြီး ပီတိဖြစ်နေရတဲ့ နေ့ရက်တွေအတွက် ကျန်ရစ်ခဲ့တဲ့ နေ့ရက်တွေကို ကျေးဇူးတင်တတ်လာတယ်။ ဘယ်အမှောင် ဘယ်လိုမှောင်မလဲ … လို့လည်း ခပ်တိုးတိုးလေး ညည်းတတ် ဆိုတတ်လာခဲ့ပြီ။ တစ်နေ့တော့ လင်းဖို့ မဟုတ်ပါဘူး။ ဒိထက်ပိုတဲ့ လောကဓံ ဆိုတာ မရှိနိုင်တော့ဘူးလို့ ယုံကြည်မိလာတဲ့ အတွက်ပါ။

သေသေသပ်သပ် သော့ခတ်သိမ်းဆည်း မြုပ်နှံပစ်လိုက်ရမယ့် နေ့ရက်တွေကို ဘာလို့များ နောက်ဆုံးအနေနဲ့ ဆိုပြီး ဖွင့်ကြည့်နေမိတာလဲ။ ခါးသီးတဲ့ လျို့ဝှက်ချက်တွေကို ဒီအတိုင်း သဂြိုဟ်ပစ်လိုက်တာ အကောင်းဆုံးမှန်း သိပါလျက် ပြန်ကြည့်နေမိသေးတာဟာ နောက်ဆုံး လက်ကျန် ကျိန်စာ လေလား ။ တစ်ပါးသွား တေးထပ်တွေနဲ့ မတ်မတ်ရပ်နေနိုင်ခဲ့တဲ့ နေ့ရက်တချို့မှာ ဘာကိုမှ ပြန်ပြီး သတိမရဖြစ်တော့တာ အတော်ကြာနေခဲ့ပါပြီ။ ခုတော့လည်း တစ်ခန်းရပ်ပြဇာတ်တွေက ဇာတ်ကွက် သိပ်မပီပြင်တော့ဘူး။ ကားလိပ်အတင်အချမှာတင် ကံကြမ္မာဟာ ကိုယ်လိုရာချိန်ထိုး ခိုင်းစေရမယ့် ဇာတ်ကောင်တစ်ကောင် ဖြစ်နေခဲ့ပြီ။ ဒါဟာ အောင်မြင်မှု တဲ့လား ..။
စက်တင်ဘာတွေ လှည့်ပြန်လာတိုင်း စိတ်ရင်းအတိုင်း ထုံပေပေနဲ့ ကြည့်နေတတ်ခဲ့ဖူးပြီ။ ဒါနဲ့တောင် .. ခြေချော်ကျနေဆဲ ဝေါဟာရ တစ်ခုဟာ စက်တင်ဘာ ဖြစ်နေသေးတာ အံ့သြစရာ ..။ မာရ်နတ်ရဲ့ မန္တာန်တွေနဲ့ ပဉ္စလက်တွေကို သိသိကြီး ယုံစားခဲ့ဖူးတာ သံသရာရဲ့ အလှည့် တဲ့လား။ ဘုရားသခင်ကတော့ နေ့ရက်တွေကို မဟာဂရုဏာတော်နဲ့ ဖွင့်ကြည့်ခွင့်မပေးပဲ သိမ်းဆည်း ထားပေးတုန်းပါပဲ ။
အတုန်းအရုန်း လဲပြိုကျနေခဲ့ဖူးတဲ့ စစ်မြေတလင်းဟာ ခုတော့လည်း ကိုယ်တိုင်ကိုယ်ကျ မဟုတ်ခဲ့သလိုပါပဲ။ ရှင်ပြန်ထမြောက်ရာ နေ့ရက်တွေမှာ ကြယ်ကလေး တစ်လုံးစာ အလင်းတစ်ခုတည်းနဲ့ လုံလောက်ခဲ့ကြောင်း ပြန်လှည့်လာတဲ့ စက်တင်ဘာကို သတင်းကောင်းပေးခဲ့ရဦးမယ်။ ခုနေခါမှာတော့ စက်တင်ဘာဟာ အဖြူတစ်ဝက် အနက်တစ်ဝက် ပဉ္စလက် ခပ်လက်လက်တွေနဲ့ ဟန်ဆောင် ကခုန်နေတုန်း ….။ မာရ်နတ်ရဲ့ တေးသွားနဲ့ ဘုရားသခင်ရဲ့ ဝတ်ရုံကို ခြုံထားတုန်း ..။ သမ္မာတရားတွေ ခင်းထားတဲ့ လမ်းမကို ခပ်တည်တည်နဲ့ လျှောက်ဝင်လာနေတုန်း။ လောလောဆယ်မှာတော့ ကျွန်မ အလှဆုံး ပြုံးနေခဲ့ပါတယ်။

မနော်ဟရီ

---------------------------------------------------------------------------------------

စက်တင်ဘာဂီတ၊ အဆိပ်သင့်အေးခဲမှုများနှင့် သံသရာ

"You can fight a war for a long time or you can make your nation strong.
You can’t do both."
Sun Tzu's The Art of War 2:1:25

ဆွန်ဇုနဲ့ ငြင်းခုန်မနေတော့ဘူး ................

September ဟာ ငြင်းခုန်ခြင်းကို အားမပေးဘူး ..........။

September ဟာ ဆွန်ဇုလိုပြောတယ် .............။

လွမ်းဆွတ်နေလို့ရတယ် ... အစဉ်အမြဲလွမ်းဆွတ်နေမှာလား ......၊ ဘ၀ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားမှာလား .......... You can't do both ...

ဒါနဲ့ပဲ September နဲ့လည်းငြင်းခုန်မနေတော့ပါဘူး ..............။

September .....။

နှင်းတွေဝေ့၀ဲကျဆင်းနေတဲ့ တစ်ခုသော September .... သပိတ်လွယ်ငှက်ကလေးရဲ့ အကြည့်မျိုးနဲ့ ဖြတ်ခနဲ လှည့်ကြည့်လိုက်တဲ့ အကြည့်လေးတစ်ခုကြောင့်ပဲ အနွေးဓာတ်လုံလောက်သွားခဲ့ရတယ်။ TRIO သိကြားလုံးက ကော်ဖီတစ်ခွက်နဲ့မလဲနိုင်ဘူး လို့ကြော်ငြာသွားသလို .... အကြည့်လေးတစ်ချက်နဲ့ မလဲရက်နိုင်တော့တဲ့ စက်တင်ဘာ .........။ အသက်ရှူလမ်းကြောင်းတစ်လျှောက် ခွင့်မတောင်းဘဲဝင်သွားတဲ့ ရှူရှိုက်လိုက်တဲ့လေလို ... သူမ အပြုံးတွေ ခွင့်မတောင်းဘဲ ဖြတ်သန်းဝင်ရောက်သွားတဲ့ ၊နှလုံးသား စနစ်တစ်ခုလုံး ... ယိမ်းယိုင်ခဲ့ရတဲ့.. ကာလငယ်လေးတစ်ခု ။

အပြာရောင်ကျောင်းကားကြီးကိုမှီပြီး ကောင်းကင်ကိုမော့ကြည့်မိတဲ့ စက်တင်ဘာ .............။ ကျောင်းစာအုပ်ကလွဲရင် အားလုံးပါတဲ့ လွယ်အိတ်ထဲ ၀ပ်စင်းပြေလျော့နေတဲ့ စက်တင်ဘာ .... သီဟိုဠ်ပင်တွေကြားက စက်တင်ဘာ ......။ ကြွေခါနီးသစ်ရွက်ပေါ်က ပုရွက်ဆိတ်လေးရဲ့စက်တင်ဘာ .............။ ခြောက်သွေ့နေတဲ့ လယ်ကွင်း ပက်ကြားအက်လေးရဲ့ စက်တင်ဘာ ........။ အစိမ်းရောင်ဆေးသုတ်ထားခဲ့တယ်လို့ ခန့်မှန်းယူရရတဲ့ ကျောင်းရှေ့ ဆိုင်းဘုတ်ကြီးနောက်ကွယ်က စက်တင်ဘာ .........။ လူတိုင်း တိုက်တိုက်ဆိုင်ဆိုင်မက်ဖြစ်ခဲ့တဲ့ အိမ်မက်တစ်ခုလို စက်တင်ဘာဟာ........တွေ့တိုင်းပြောစရာဖြစ်ခဲ့ရတယ်။

လူငယ်တစ်ယောက်ရဲ့ဥယျာဉ်မှာ အပြာရောင်ပန်းတွေအပြည့်ပွင့်သွားတဲ့ စက်တင်ဘာ ... ၀င်လေနဲ့ထွက်လေကြားမှာ သူမကိုမေ့လျော့ချိန်လေးရှိတယ်လို့ တွေးမိတဲ့အချိန်.. အသက်ရှူတိုင်း သတိရနေတတ်တဲ့စက်တင်ဘာ .....။ အမွှေးအတောင်တွေ သပ်ရပ်အောင် နှုတ်သီးနဲ့ ဖွဖွလေးဆိတ်နေတဲ့ ငှက်ကလေးတစ်ကောင်လို ချစ်စရာကောင်းတဲ့ ဆောင်းကြိုလလေး .....။ ကျောင်းလွယ်အိတ်ထဲက ထွက်ထွက်ကျလာတဲ့ စံပယ်ပန်းရနံ့တွေနောက်ကို လိုက်သွားရင် သူမကို တွေ့ရလိမ့်မယ် မဟုတ်လား ။

နှလုံးသွေးခုန်နှုန်းဟာ လူတစ်ယောက်ရဲ့ ကိုယ်သင်းနံ့နဲ့ တိုက်ရိုက်အချိုးကျပြောင်းလဲတတ်ပါသလား ........။ အဲဒါတွေကို စက်တင်ဘာထဲ ဖြတ်သန်းသွားဖူးတဲ့ ခရီးသွားအမှတ်အသားတစ်ခုလို့ ယူဆလိုက်ရမှာလား .......။ စက်တင်ဘာဟာ မီးသေတောင်တစ်ခုမဟုတ်ခဲ့ဘူး .....။ ချော်ရည်ကင်းစင်တဲ့ ပန်းတစ်ပွင့်ရဲ့ပွင့်ဖတ်ထဲမှာ လေညင်းနဲ့ပန်းရနံ့ရဲ့ မတော်တဆတွေ့ဆုံမှုကိုပဲ အချစ်လို့သတ်မှတ်လိုက်ရမလား....။ အဲဒီအပြုံးတွေအတွက် သံသရာကို ဆွဲဆန့်ထားတာလို့ ဒိုင်ယာရီမှာရေးတဲ့နေ့ ..စက်တင်ဘာလရောင်တွေ လဲ့ပြာနူးညံ့နေခဲ့တယ်။

ငှက်ကလေးတွေဟာ အိပ်တန်းရှိတယ် ....။

မြေခွေှးမှာလည်း ၀ပ်ကျင်းရှိတယ် .... ချစ်သူရဲ့မျက်တောင်လေးတစ်ချောင်းမှာ သံသရာရှည်ကြောင်း အလုံအလောက်ရှိတယ်။ အဲဒီမျက်တောင်လေးတစ်ခုစာ ....... ဒုလ္လဘတရားမှာ .......... အန္ဓဖြစ်ခွင့်ရတာကိုပဲ ကြည်နူးမဆုံးတဲ့ စက်တင်ဘာ ....။ တ၀ုန်းဝုန်းထွက်ခွာသွားတဲ့ ရထားအိုကြီးတစ်စင်းကို စက်တင်ဘာတပ်ကြည့်ပြီး လှပစ်လိုက်တယ် .....။ အိပ်မပျော်တတ်တဲ့သူတွေ ကြားရတဲ့ တိတ်ဆိတ်မှုထဲက တိတ်ဆိတ်တဲ့အသံတစ်စလိုလို .....။ စက်တင်ဘာဟာ ချစ်သူချင်းထားတဲ့ကတိစကားလည်းဖြစ်ပြီး ....ချစ်သူချင်းနားလည်တဲ့ အကြည့်တစ်ချက်လည်းဖြစ်တယ် .........။

စက်တင်ဘာဟာ လိပ်ပြာတစ်ကောင်ပဲ ....။ ငါ့ရဲ့စိတ်မှာနားတယ် ....။ လက်မောင်းပေါ်မှာနားတယ် .....။ အိမ်မက်မှာနားတယ် ....။ ခရီးသွားတွေ အိုအေစစ်ကိုမျှော်သလို ...ခြံဝင်းတံခါးလေးကနေ စက်တင်ဘာကိုမျှော်တယ် ......။ သောက်ရေအိုးစင်မှာ စိုက်ထားတတ်တဲ့ စပါးပင်လေးလို ... ကံပေးသလောက်လေးစိမ်းလန်းခွင့်ရတဲ့ ၉ ဂဏန်းနဲ့လ......။ နောင်ရေးကို နောက်မှ ပြောကြရအောင်.... သေချာတာတာတွေထက် သေချာတဲ့ အချစ်တစ်ခုစာ စက်တင်ဘာ ..... ကောင်းကင်တစ်ခုလုံး အ၀ါရောင် ပြန်သုတ်ထားလိုက်မိချိန် ….. ခဏလေး စိုက်ကြည့်ခွင့်ရရုံဝေးကွာတဲ့စက်တင်ဘာ .....။

နှင်းကြိုရာသီ .... သိပ်ချစ်လွန်းလို့သတ်သေသွားကြတဲ့ စုံတွဲတွေရဲ့ လက်ကို တွဲချည်ထားတဲ့ လက်ကိုင်ပုဝါလေးလို လှပကြောက်မက်ဖွယ်သော လတစ်လ..............။ စက်တင်ဘာရဲ့ အစဟာ စက်တင်ဘာမှာပဲဆုံးတယ်ဆိုတဲ့ ချစ်မြတ်နိုးဖွယ် စက်ဝိုင်းလေးတစ်ခု....။ အီသာဓာတ်ငွေ့အလုံအလောက်ပါတယ် ....။ သနပ်ခါးလိမ်းထားတဲ့ပါးကလေးတစ်ဖက်ပါတယ် .....။ နောက်ပြီး ဘယ်ဖက် အံသွားတွေနဲ့ပဲ အစာကို ကြိတ်ခွဲစားသောက်ရတဲ့ မိန်းမငယ်လေးလည်းပါတယ် .......။ စက်တင်ဘာ ဟာ ပြဇာတ်တစ်ခုမဟုတ်တဲ့အတွက် စင်တင်ဖျော်ဖြေဖို့မလိုဘူး .....။ စက်တင်ဘာဟာ ရေမွှေးရနံ့မဟုတ်တဲ့အတွက် ဖိသိပ်သိုလှောင်ဖို့မလိုဘူး ....။ စက်တင်ဘာဟာ စက်တင်ဘာအရှိအတိုင်းလှတယ် ....။ စက်တင်ဘာဟာ ထပ်မံဖြည့်စွက်ဖို့မလိုအောင် ပြည့်စုံတယ် ....။ စက်တင်ဘာဟာစက်တင်ဘာ အဖြစ်မှာ တည်ငြိမ်ရှင်းသန့်စွာ .... လှပတယ်............။ စက်တင်ဘာဟာ နှလုံးသားကို ပန်းပွင့်နဲ့မထောက်ဘဲ လုယက်သွားတဲ့ လူဆိုးမလေးလည်းဖြစ်တယ်။

စက်တင်ဘာဟာ နှစ်ယောက်ပေါင်းမှ သတိရခြင်းတစ်ခုပဲပိုင်ဆိုင်တယ် ......။ လရောင်လမ်းလေးမှာ ဖယောင်းတိုင်လေးထွန်းပြီးလမ်းလျှောက်ခဲ့ရတယ် .......။ သစ်ပင်အမြင့်ကြီးက ကြွေရတဲ့သစ်ရွက်ဟာ ပိုမောတယ် .........။ အဲဒီပုံပြင်လေးတစ်ခုစာ ...... နောင်တတွေရဖို့ ချစ်ခဲ့တာ မဟုတ်တဲ့ ကာလတိုလေးတစ်ခု ......။ ညီညာဝိုင်းစက် ... လက်ရေးလှလှလေးနဲ့လွမ်းထားတဲ့စက်တင်ဘာ .....။

စင်္ကြံ လျှောက်ရင်း သတိရမိတတ်တဲ့ စက်တင်ဘာ ...................။ အိမ်မက်တစ်ခြမ်းစီကို ရင်ဘတ်ထဲမှာ သိမ်းထားတဲ့စက်တင်ဘာ........။ သံယောဇဉ်တွေ အလေ့ကျပေါက်ရောက်တတ်ခဲ့တယ်......။ ဟမ္ဘူရာဘီကို သဘောကျမိအောင် .... အနမ်းတစ်ခု အတွက် အနမ်းတစ်ခု ဥပဒေထွန်းကားရာစက်တင်ဘာ ......။

စက်တင်ဘာ … အင်နာရှားချွတ်ချော်သွားတဲ့ သတိရမှုတွေ တောင်ပြိုတဲ့လ …..။ လရောင်ထဲမှာ အတိတ်ကို ပြန်မျှားနေမိတဲ့တံငါသည်လို …. အဆွေးသမားလိုလို .. ဘာလိုလို ….. ကိုယ့်ဒဏ်ရာကို လျှာကြမ်းနဲ့ပြန်လျှက်လိုက်တဲ့ ခြင်္သေ့တစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့ ညို့မှိုင်းနေတဲ့ ရေပွက်လေးတစ်ခုစာ …..။ လွမ်းဆွတ်ခြင်း ကွမ်းတစ်ယာညက်ခန့်အကြာ ….. စက်တင်ဘာ စက်တင်တွေ နဲ့ လင်းချင်းတောက်ပ … ညာလက်ဖ၀ါးလေးလည်အေးစိမ့်ခြောက်သွေ့ခဲ့ရပြန်တယ် …………………..။

အချစ်စစ်တစ်ခုရဲ့သက်တမ်းကို သုံးနှစ်ကနေ ငါးနှစ်အထိလို့ မသိခဲ့တဲ့အရွယ်က စက်တင်ဘာ …. တိမ်ပြာတွေမော့ကြည့်ပြီး သေဆုံးသွားတဲ့ လိပ်ပြာလေးတစ်ကောင်ရဲ့ နောက်ဆုံးထွက်သက်နဲ့အတူ ဖျော့တော့သွားတဲ့ အပြုံးတစ်ခုစာ …. နာကျင်နေသောစိတ် ………။ ဘယ်ဘက်ရင်ဘတ်ထဲမှာ ထည့်ထားတဲ့ပုံရိပ်လေးကို ပြန်လည်ထုတ်ယူလိုက်ရတဲ့ စက်တင်ဘာ … ကြယ်ပွင့်လေး ၃၆၅ ပွင့်ကြွေကျသွားတဲ့လ ………..၊ အမှတ်တရတွေကို အမှတ်မရအောင် စိတ်ကို ကျောပြန်သပ်ရတဲ့လ … လွမ်းဆွတ်မှုကို လက်ပြန်ကြိုးတုပ်ထားရတဲ့လ …..။ တိုးတိုးဖွဖွ သတိရမိတိုင်း … ယဉ်ယဉ်ကျေးကျေးသတိရမိတိုင်း ….. နာနာကျင်ကျင် သတိရလိုက်တိုင်း ………….. အိမ်မက်နာရီတွေ ပြောင်းပြန်လည်နေတတ်တယ် …….။

ဒိုးလုံးရဲ့ “အားလုံးမေ့လို့ရရင် အရာရာ အဆင်ပြေသွားမယ် ……….” ဆိုတာလေးကို ခပ်ညည်းည်းဆိုရတဲ့စက်တင်ဘာ …… ခံစားချက်တွေ အားလုံးသွေးခဲသွားဖို့ တရားဝင် လက်သင့်ခံလိုက်ရတဲ့ စက်တင်ဘာမျှော်စင်ကကြည့်ရင် ဒဏ်ရာတွေ တလက်လက်တောက်ပတာ ကိုပဲမြင်နေရလိမ့်မယ် …..။ တည်ဆောက်ထားတာမလွယ်ခဲ့သလို ဖြိုဖျက်ရတာလည် မလွယ်ဘူးဆိုတာ ကို သိလိုက်ရတဲ့ အခိုက်အတန့် …. …. ဂီတဟာ နာမကျန်းဖြစ်သွားခဲ့တယ်။ ….. လေထူထဲ အောက်ဆီဂျင်အစား phosgene andchlorine ပြည့်နှက်သွားခဲ့တယ်။ အချစ်ဆိုတာကို သစ္စာတရား နဲ့ စားလိုက်တိုင်း အကြွင်း သုညရတဲ့ ပုစ္ဆာတစ်ခုလို့ သိလိုက်ရချိန်ဟာ အတော်လေးနောက်ကျသွားခဲ့ပါပြီ။ ဆေးမမီတော့တဲ့ စက်တင်ဘာ ဒဏ်ရာတွေနဲ့ …. သေနတ်တစ်ချက်မှမဖောက်ဘဲ ကျရှုံးသွားရတဲ့ မြို့လေးတစ်မြို့မှာ ခရမ်းရောင် အလံကို နောက်ဆုံးလွှင့်ခဲ့ရတယ် …………………………။

PEACE B UPON U ………….September ……………………!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

Notes:

အခု နားထောင်နေမိတာ … Wake me up when September Ends သီချင်းပဲပေါ့ …..။ ကမာကောင်တွေ ၀မ်းဗိုက်ထဲက ကျောက်ခဲလေးကို ထုတ်ဖို့ကြိုးစားနေသလို …… မအောင်မြင်တဲ့ လွမ်းဆွတ်မှုကို စိတ်ထဲက ထုတ်ပစ်ဖို့ကြိုးစားနေခဲ့ခြင်းကိုပဲ တန်ရာတန်ကြေး အဖြစ်ရခဲ့လို့ ...... မျက်ရည်စစ်စစ်ချည်းပဲ သုံးဒဿမ ငါး မီလီလီတာ ရွာသွန်းခဲ့ရန် စနစ်တကျ ပြင်ဆင်ခဲ့သော်လည်း စက်တင်ဘာ၏ အေးမြခြောက်သွေ့သော အရှေ့မြောက်လေများကြောင့် လုပ်ငန်းရည်ရွယ်ချက် မအောင်မြင်ခဲ့ကြောင်း ……………..။

Mom, it is juz a September-ache.

Zephyr