ငါ့ကိုရေးတဲ့ တနင်္ဂနွေမိုးပြေးများ

Saturday, July 24, 2010

.....................
တနင်္ဂနွေ သေတ္တာ

တစ်ယောက်တည်း ရှိမနေကြောင်းသေချာအောင် အဲဒီသေတ္တာကို ဖွင့်ပစ်လိုက်တယ်
မဟာဂီတ.. ပင်လယ်မှာ ညနေ ငါးနာရီ .. ကာဗလာ အနုပညာ … သင်မသေစေရ ..
ငါ မသေစေရ မှ မဟုတ်ပဲ .. ဒီစကားလုံးတွေက တော်တော်လေးမင်ရည်ကျဲတယ် …

နာနာဘာဝ မော်တော်ကား .. ရထား .. သစ္စာတရားကိုရှာဖို့ ငါမြင်းစီးထွက်မတဲ့ ..
ဒိုင်အိုးဂျီးနီးစ် နေ့လည်နေ့ခင်းကြီး မီးခွက်ထွန်းရှာနေသလိုများ ဖြစ်မလား …
သစ္စာတရားရဲ့ အမည်နာမခွဲ အမျိုးမျိုးစာရင်း သူ့ကို တင်သွင်းပေးရဥိးမယ် …

ဂျိန်းအဘိဓမ္မာ.. ဒလိုင်းလားမား .. ဇင်ဖလက်ရှ်ဇင်ဘုန်း.. သိဒတ္ထ ..
ပြီးတော့ ..သင်တို့က လူလိမ်လို့ဆိုတဲ့ အင်္ဂါသား လော့ဘ်ဆန်ရန်ပ …
တတိယမျက်လုံး … ဒါကရော ဘာ အသုံးအဝင်မယ်လို့ ခင်ဗျား ထင်သလဲ …


ပျောက်ဆုံးနေတဲ့ ၁၈နှစ်တာ … မဟာဂန္ဓာရီမှတ်တမ်း .. တစ်ကျွန်းစံ အပြန်လမ်း
ဘယ်လှိုင်းမှ မနမ်းရခင် ငါ့ကမ်းကတော့ ပြိုကျ ပျောက်ဆုံးသွားခဲ့ပြီးပြီ
စိတ္တဇပန်းချီ .. အရောင်တွေညီလာခံတဲ့ ညနေခင်း အဲဒီ အလင်းက သံစဉ်မဲ့လွန်းနေတယ်

ဒီမှာ ဒဏ္ဍာရီအသစ်တွေ ဖန်တီးနေတဲ့သူ.. ခင်ဗျားပျောက်ဆုံးနေတဲ့ သင်္ကေတဟာ ငါကိုယ်တိုင်ပါပဲ …
သေတ္တာတစ်ခုလုံး ကုန်ဆုံးသွားတဲ့ထိ ငါ တစ်ယောက်တည်းရှိနေတာ သေချာပြီးရင်း သေချာနေခဲ့
သေတ္တာထဲမှာတော့ ဘာဆို ဘာမှ မကျန်တော့ဘူး .. ငါ့ကိုယ်ငါ တူးဆွဖို့ပဲကျန်တော့တယ် ..

အဲဒီ တနင်္ဂနွေသေတ္တာကို ဆွဲဖွင့်လိုက်တဲ့အခါ
သင်တို့ အလိုမရှိတဲ့ ငါ့ကိုပဲ တွေ့ကြရပါလိမ့်မယ်။

နေဝင်သွားခဲ့ပြီဆိုပါစို့ .. သင့်ဆီ သေတ္တာတစ်လုံး မျောရွေ့လာခဲ့လိမ့်မယ် …
သင်ပျောက်ဆုံးနေတဲ့သင်္ကေတ .. သင်ပျောက်ဆုံးနေတဲ့နာရီ သင်ပျောက်ဆုံးနေတဲ့ချစ်ခြင်း
ဘယ်လိုအလင်းမှ အဲဒီသေတ္တာထဲပါလာခဲ့မှာမဟုတ်ပါဘူး ….။ ။
၁၉.၇.၂၀၁၀

တနင်္ဂနွေလှောင်အိမ်
တံခါးကလည်း ပွင့်လျက်ပဲ
ငါ့အတောင်ပံတွေကလည်း အကောင်းအတိုင်း
သူတို့ အပြိုင်းအယိုင်း ပျံသန်းနေတာလည်း ငါမြင်နေရတယ်
ငါကျတော့ ဘာလို့ငြိမ်သက်နေမိတာလဲ …။


တနင်္ဂနွေစာအုပ်
သမ္မာကျမ်းစာနည်းနည်း
နီတိ ခပ်ကျဲကျဲနဲ့
ကိုယ်ပိုင်အဘိဓမ္မာတွေလည်း အေးခဲနေခဲ့လိမ့်မယ်
ဒါပေမယ့် ကဗျာတွေတော့ပါတယ် …


တနင်္ဂနွေအာရုံ
တကယ်ဆို …
ဘုရားသခင်ရှေ့မှောက် ဦးခိုက်
အမိုက်ဇာတ်တွေကို သိမ်းခိုင်းလိုက်ရမှာ ..
ခုတော့ ..အာရုံတွေ မှားနေခဲ့ပြီ ……….


တနင်္ဂနွေသံမှို
တည့်တည့်မတ်မတ် စိုက်ဝင်နေခဲ့ပြီ
စူးရှချွန်ထက်သော စကားပွင့်များ
ချစ်ခြင်းအားဖြင့်သာ နစ်ဝင်ခွင့်ရခဲ့ကြတယ် ။။

တနင်္ဂနွေကော်ဖီ
သိမှတ်မဲ့ မော့ချပစ်လိုက်တဲ့ တိမ်တိုက်တွေက ကော်ဖီ ..
အခါးနည်းနည်းလျှော့ထားပါလျက်က.. ခါးသက်နေဆဲ
အမှောင်လည်း နည်းနည်းကဲ နေခဲ့တယ် ……။


မိတ်ဆွေ .. ဒီမိုးပြေးတွေကို တွေ့လိုက်ရချိန်မှာ ဒီတနင်္ဂနွေကဖြင့် မိုးနည်းနည်းခေါင်တဲ့ ရာသီတစ်ခု ဖြစ်နေခဲ့ပါလိမ့်မယ်။


4 Comments:

အိန္ဒြာ said...

တနင်္ဂနွေမှာရွာတဲ့ မိုးပြေးအောက်..
လမ်းလျှောက်ခွင့်ရနေတာ..ကို
ကျေနပ်မလား
နှစ်သက်မလား
မော်ကြွားမလား..

ကောင်းကင်ဆီမော်ကြည့်ပြီး
တနင်္ဂနွကပေးတဲ့ ဝေဒနာ ကိုင်းဖျားကိုင်းနားနဲ့
ကိုယ့်ကိုယ်ကို ကျောသပ်တတ်ခဲ့ပေါ့

ရွေးချယ်ခွင့် မရှိတာကိုပဲ ရွေးချယ်လိုက်ကြစို့
တနင်္ဂနွေတွေကို
အထားအသိုတတ်ဖို့လည်းလိုလိမ့်မယ်..


ချစ်သော

အိန္ဒြာ said...

မဟာ lucky ဒေး ပါလား
တစ် ရနေတယ်..
သြရသတစ်ယောက် ဘယ်ပျောက်နေပါလိမ့်...

မယ့်ကိုး said...

တနင်္ဂနွေသေတ္တာ က မှော်အတတ်နဲ့ သိပ်လှလွန်း။
တနင်္ဂနွေအာရုံက ရင်ထဲ ထိုးခတ်နိုင်လွန်း။
သိပ်လှတာပဲ မမရယ်။

emayarKhin said...

တနင်္ဂနွေသံမှို

တည့်တည့်မတ်မတ် စိုက်ဝင်နေခဲ့ပြီ
စူးရှချွန်ထက်သော စကားပွင့်များ
ချစ်ခြင်းအားဖြင့်သာ နစ်ဝင်ခွင့်ရခဲ့ကြတယ် ။။

ထပ်ခါရွတ်သွားတယ်..။။။