လက်အံသေခြင်း

Monday, July 19, 2010



လက်အံသေခြင်း
ကံကြမ္မာဆိုးတွေကိုပဲချချရေးရင်း
သီချင်းတွေတစ်စက်စက် ကုန်သွားတာ
သတိမထားမိလိုက်ဘူး
အလွတ်ကျက်ထားပြီးမှ ဆိုဖို့မေ့မေ့နေတတ်တဲ့အထဲမှာ
ဘုရားစာလည်း ပါ ပါနေတယ် မခက်ဘူးလား
ဘုရားသိကြားမလို့ ငါတို့ရင်ဘတ်တွေကိုစည်တီး
ကောင်းချီးပေးခိုင်းရဦးမယ်။
ရန်သူတွေအကြောင်းကို မေ့မေ့နေတတ်တော့
နောက်ကျောမှာ အမာရွတ်တွေများ များလာတယ်။
လေဟာနယ်တွေဟာ ကျန်းမာရေးကိုထိခိုက်စေတာသေချာသလား
ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုးရေရွတ်နေလိုက်ပါ
တစ်ခါတစ်ခါ ဓားတွေဟာရှေ့ကလည်း လာတတ်ပါတယ်
လေတိုးသံတောင် မကြားလိုက်ရတတ်ဘူး။
အနာဂတ်တွေကို ဖိဖိရေးရင်း
နှင်းတွေက တင်းကြမ်းကျလာလိုက်တာ
ကံကြမ္မာတွေတောင် ဖွေးဖွေးဖြူလို့
ကျွန်မ ဘယ်လိုရာသီဥတုနဲ့များ
လာဘ်ပေးလာဘ်ယူ လုပ်ထားရပါ့မလဲ
ခုထိ ဝေခွဲမရနိုင်သေးဘူး။
မနော်ဟရီ
၂၀၀၂



လက်အံသေခြင်း (ထပ်ဆင့်ခံစားထားပါသည်။) ...

အသက်ရှူသံတွေသာ တိုးငြိမ်တိတ်ဆိတ်လာခဲ့ ...
စိတ်ကောင်းဝင်ချိန်လေးတွေ
အိမ်ပြန်ချိန်ရှာမတွေ့သေးဘူး ...
.....

မေမေ ..
ကောင်းကင်တော်ဆီ ဆန့်မြှောက်ထားတဲ့လက်တွေ ..
လက်အံသေနေပြီ မေမေ ...။

ဘုရားသခင် အခွန်စည်းကြပ်ပိုင်ခွင့်မရှိတဲ့ နှလုံးသားထောင့်တစ်နေရာမှာ
နတ်ဆိုးရဲ့ရပိုင်ခွင့်
မြေမှုန့်တချို့တ၀က်ရှိတယ်တဲ့...

လက်အံသေနေပြီမေမေရယ် ...
ကိုယ့် ဂုဏ်သိက္ခာကို တစ်သက်လုံးဆွဲတင်မထားရတာ လက်အံသေနေပြီမေမေ ...
ချစ်တဲ့သူတွေရဲ့ နားမလည်မှုတွေကို မထားရတာလည်း လက်အံသေနေပြီမေမေ ...
ရယ်လိုက်တဲ့အခါ အတူလိုက်ရယ်သူတွေရှိမယ် ..
ငိုရင်တော့ တယောက်တည်း ငိုရမယ်တဲ့ ...
မေမေ ...
သားရဲ့စိတ်လည်း လက်အံသေနေပြီမေမေ ...
သားရဲ့ နှလုံးသားလည်း လက်အံသေနေပြီမေမေ ...။

မေမေ ...
အချိန်မီရောက်လာပါ ...
နာဖျား ချိနဲ့နေတဲ့လက်ကို
မေမေ့ရဲ့ ချစ်ခြင်းနဲ့ကုသပါ ...

မေမေ
အချိန်မီရောက်လာပါ ..
နွမ်းရိညှိုးငယ်သောစိတ်ကို
မေမေ့ရဲ့ ချစ်ခြင်းနဲ့ကုသပါ ...

မေမေ ..
သား ... သိပ်ချစ်တယ် ......................................................။ ။


Zephyr


6 Comments:

ပီတိ(စိတ်ပညာ) said...

လက်အံသေနေပြီမေမေရယ် ...
ကိုယ့် ဂုဏ်သိက္ခာကို တစ်သက်လုံးဆွဲတင်မထားရတာ လက်အံသေနေပြီမေမေ ...


မေမေ ...
အချိန်မီရောက်လာပါ ...
နာဖျား ချိနဲ့နေတဲ့လက်ကို
မေမေ့ရဲ့ ချစ်ခြင်းနဲ့ကုသပါ ...

emayarKhin said...

ကြိုက်လိုက်တာ..ဘာပြောကောင်းမလဲ..
၂ ပုဒ်လုံးက ခံစားချက်တမျိုးစီ..
ဂွတ်မှဂွတ်...။။။

အိန္ဒြာ said...

ပေါက်ဓါးတစ်လက်ရဲ့ပစ်ကွင်းထဲ
ရင်ဘတ်ကို ဒိုင်းလုပ်ထားမိတာ...
ထုတ်ချင်းပေါက် အနာတရတွေထဲ...
နှလုံးသားက အကြေကြေ အကွဲကွဲ

လွှတ်ချလိုက်ရတော့မလား
လွှတ်ချလိုက်သင့်လားးးးးး

အရာရာကို

လက်အံသေနေခဲ့ပါပြီ

မယ့်ကိုး said...

ကံကြမ္မာတွေတောင် ဖွေးဖွေးဖြူလို့
ကျွန်မ ဘယ်လိုရာသီဥတုနဲ့များ
လာဘ်ပေးလာဘ်ယူ လုပ်ထားရပါ့မလဲ
ခုထိ ဝေခွဲမရနိုင်သေးဘူး။

....

ကိုယ့် ဂုဏ်သိက္ခာကို တစ်သက်လုံးဆွဲတင်မထားရတာ လက်အံသေနေပြီမေမေ ...
ချစ်တဲ့သူတွေရဲ့ နားမလည်မှုတွေကို မထားရတာလည်း လက်အံသေနေပြီမေမေ ...

....
....
....

ရွှေတံစိုးနဲ့ လာဘ်မထိုးတတ်တာကြောင့်
ကောင်းကင်ကြိုးပြတ်ခဲ့သူပါ...
ပြုတ်ကျလွင့်မျောခဲ့တာ ကြာခဲ့ပြီရယ်...

နွေဆူးလင်္ကာ said...

ဆရာတာရာမင်းဝေ ပြောဖူးတာတော့ ကိုယ့်ဆီလာတဲ့ ဓါးတွေထဲမှာ အတူယှဉ်လျှောက်နေရင်း နံဘေးကနေ ထိုးလိုက်တဲ့ ဓါးက ကြောက်စရာ ကောင်းဆိုပဲ။

tin min htet said...

လက်အံသေပေမယ့် လွှတ်မချဘဲနဲ့ စွဲစွဲမြဲမြဲ ကိုင်ဆွဲထားတာတွေလည်း ရှိသေးတာပေါ့။ ဥပမာ - အပေါ်က သရုပ်ဖော်ပုံထဲက လက်သေးသေးလေးကို ..