ဆယ်နှစ်ခရီး

Saturday, April 3, 2010


ဆယ်နှစ်ခရီး

ဆယ်နှစ်ဆိုတဲ့ကာလကို မနှစ်က ကိုးနှစ်ထိ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေသေးတယ်။ ဒီနှစ် ဆယ်နှစ် လည်း ဆိုရော တော်တော်များများက တအံ့တသြမေးကြတယ်။ ဆယ်နှစ်တောင် ရှိသွားပြီလား တဲ့။ ဟုတ်တယ်။ အဲဒီဆယ်နှစ်ကို ကျွန်မ ဘယ်လို ဖြတ်ကျော်ခဲ့လဲဆိုတာ ကိုယ့်ကိုယ်ကို အံ့သြမိတာလည်း အမှန်ပဲ။ ဒါပေမယ့် နောက်ဆယ်နှစ် ဆိုတာကို တွေးမိတော့ ကျွန်မ ရင်မောရပြန်ပါတယ်။ ဟုတ်တယ်။ ဒီနေ့ ကိုကို ဆယ်နှစ် ပြည့်ပါတယ်။ သူ အသက်နှစ်ဆယ်ဆိုတဲ့ သေသေချာချာ ကလေးဘဝကို လွန်မြောက်နိုင်တဲ့ အသက်အရွယ် (အဲဒီအချိန်ကျရင်လည်း အဲဒီအရွယ်ကို ကျွန်မက ကလေးလို့ မြင်နေဦးမှာပါပဲ။ သားဇက် ကိုတောင် ခုထိ ကလေးလို့ မြင်နေတာကိုး) ကိုရောက်ဖို့ နောက်ထပ် ဆယ်နှစ်လိုနေပါတယ်။

နောက်ဆယ်နှစ် ကျွန်မ အသက်ရှင်နေဦးမှာလား ။ သိပ်တော့မသေချာဘူး။ ဒါပေမယ့် ချူချာတဲ့လူတွေက သက်ဆိုးပိုရှည်တယ်ဆိုတဲ့ စကားလေးကို မျှော်လင့်ချက်အဖြစ်ထားပြီး အသက်ကို ရှည်အောင် ဆွဲဆန့်ဖို့ စိတ်ကူးထားပါတယ်။

ကလေးတစ်ယောက် မွေးရတာ လွယ်ပါတယ်။ ပြုစုပျိုးထောင်ရတာပဲ ခက်တာလို့ တချို့က ပြောကြတယ်။ ကျွန်မအတွက်ကတော့ မွေးရတာလည်း မလွယ်ပါဘူး။ ကိုယ်ဝန်စရှိတည်းက ငါးလကျော်တဲ့ထိ ငှက်ပျောသီး နဲ့ ပြီးခဲ့ရပါတယ်။ ငှက်ပျောသီးတစ်ဖီးကို သုံးလေးရက် စားယူရပါတယ်။ အစာလည်း မဝင်ပါဘူး။ ခြောက်လလောက်ကစပြီး ခြေထောက်တွေ လက်တွေက မှန်မှန်ဖောယောင်နေတာမို့ တစ်ချိန်လုံး ကိုယ်ဝန်ဆိပ် မတက်ဖို့ ဂရုစိုက်နေခဲ့ရတယ်။ မွေးတော့လည်း သူများတွေကို တမင်သက်သက် ခွဲမွေးတာမျိုး မဟုတ်ပဲ မမွေးနိုင်လို့ကို ခွဲလိုက်ရပါတယ်။

မွေးပြီးပြန်တော့လည်း မောင်ခေတ်နေ တို့က အမေနို့ မစို့ပြန်ပါဘူး။ နို့ဗူးကို ချက်ချင်းပြုတ်ထားတာကိုပဲ သုံးချင်တဲ့ကျွန်မ ညည မအိပ်ရတော့ပြန်ပါဘူး။ ကလေးကို ဖျော်ထားတာကြာတဲ့ နို့ မတိုက်တာ၊ ချက်ချင်းပြုတ်ထားတဲ့ ပူနေတဲ့ ဗူးကိုပဲသုံးချင်တာ ကိုယ်တိုင် အချိုးကျ ဖျော်ချင်တာ စတာတွေက ကျွန်မကို အိပ်ရေးပျက်စေပြန်ပါတယ်။ နေ့နဲ့ညနဲ့မှားတတ်တာကတော့ ကလေးတော်တော်များများမို့ ကျွန်မ စာမဖွဲ့ချင် တော့ပါဘူး။

နောက်နည်းနည်း ကြီးလာတာနဲ့ ကြုံရတာက အစားအသောက်ရွေးတာ၊ ဘာအသားမှ မစားတာပါပဲ။ ငယ်ငယ်က blender ထဲ ထည့်မွှေ ပြီး ငါး၊အသား၊ပဲ အကုန်ကျွေးခဲ့လို့ စားခဲ့တဲ့ကလေးက သိလည်းသိတတ်ရော၊ အသားမျှင် သေးသေးလေး တွေကအစ ဖယ်ပါတော့မယ်။ အသားမစားလို့ အသီးအရွက်ကို အကုန်စားလား ဆိုတော့ မစားပါဘူး။ ပဲလည်း ပဲပြုတ်ကလွဲလို့ မစားပါဘူး။ သူစားတာက ပြောင်းဖူး( အကြီးရောအသေးရောစားပါတယ်) ၊ မုန်လာဥနီနဲ့အာလူး။ ဒါပဲ ရှိပါတယ်။ အစက ဘူးသီး၊ ပန်းဂေါ်ဖီ စတာတွေ စားပါသေးတယ်။ နောက် ဘယ်လို ဖြစ်တယ် မသိ။ မစားတော့ပြန်ပါဘူး။

သုံးနှစ်ကျော်မှာ ဆရာကိုတာ ဖွင့်ထားတဲ့ silta lumbini ကို ပို့ပါတယ်။ အဲဒီမှာတော့ ကလေးတွေကို စနစ်တကျ အဟာရတန်ဖိုးနဲ့ တွက်ချက် ချက်ပြုတ်ကျွေးတာမို့ ကျွန်မသဘောကျပြီး ဒီတစ်ခါဖြင့် အဆင်ပြေပြီ ထင်တာ။ မောင်ခေတ်နေက ကျောင်းမှာပဲ စားပြီး အိမ်မှာ မစားပါဘူး။ ကျောင်းမှာလည်း နောက်မှ ဆရာမတွေပြောပြတာက ကြာဇံချက်ဆိုလည်း အကုန်ဖယ်ပြီး ကြာဇံမျှင်နဲ့ အရည်ပဲ သောက်ပါတယ်။ ကြက်သားပလာတာ ဆိုလည်း ပဲအရည်နဲ့ ပလာတာပဲစားပြီး အသားကို ဖယ်ခဲ့ပါတယ်တဲ့။ ခေါက်ဆွဲကြော် ကြာဇံကြော် ဆိုလည်း အမျှင်ချည်းသပ်သပ် ဖယ်ပေးမှ စားတယ်ဆိုပဲ။ ဒါတွေတောင် ကျောင်းမှာမို့ စားတာပါ။ အိမ်မှာဆို ကြာဇံနဲ့အရည်ချည်းတိုက်လည်း ကြာဇံချက်ကို မစားပါဘူး။ ပလာတာ ဆိုလည်း စားရကောင်းတယ်လို့ကို မထင်တာပါ။ တော်တော် အစားရွေးပါတယ်။

နောက် ILBC စတက်တော့ သူ့ထမင်းဗူးထဲ ပါနေကျ အရာက ငါးကြော် နည်းနည်းနဲ့ အာလူးကို အချောင်းလုပ်ကြော်လိုက်၊ အပြားအချပ် လိုက်ကြော်လိုက် ဆိုတဲ့အရာတွေနဲ့ ပြောင်းဖူးသေးသေးလေး( baby corn) နဲ့မုန်လာဥနီတွေ ပါပဲ။ ငါးကြော် နည်းနည်း စစားတတ်လာတယ်ဆိုရပါမယ်။ ဒါတောင် ငါးကို ရွေးပါသေးတယ်။ ငါးခူကြော် ဆိုမစားပါဘူး။ ငါးကြင်းနဲ့ ကကတစ်လောက်ပဲ စားတယ်။ ဒါက ငါးကြင်း ဒါက ကကတစ်လို့ သူ ဘယ်လိုများခွဲလဲလို့ စဉ်းစားနေခဲ့မိသေးတယ်။ ကျွန်မတို့ ငယ်ငယ်ကဆို ငါးကိုတုံးထစ်ပြီးချက်ထားရင် ဘာမှန်းကို မသိတော့ ပါဘူး။ သိလည်းသိစရာမလိုပါဘူး။ ဒါချက်ဒါစားပါ။ မစားချင်ဘူးလို့ မငြင်းရဲသလို ငြင်းခွင့် ရွေးချယ်ခွင့်လည်း မရှိပါဘူး။

၂၀၀၈မှာ မုန်တိုင်းတိုက်ပြီးတော့ ငါးတွေက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ အသံကြားတော့မှ ငါးကို လတ်တလော မစားတော့ဘူး ဆိုလို့ ကြက်သားချော့ကျွေးရာက ခုဆို ကြက်သားတော့ စားတတ်နေပါပြီ။ ငါးနဲ့ ကြက်သားက လွဲရင် ကျန်တဲ့ ကုန်းသတ္တဝါ ရေသတ္တဝါ တစ်ခုမှ မစားသေးပါဘူး။ တချို့ကတော့ ပြောကြတယ်။ ကောင်းတာပေါ့ တဲ့။ အကုန်သက်သာတယ်တဲ့။ ရယ်နေလိုက်ရပါတယ်။ အစုံမစားတဲ့အတွက် အာဟာရ အတွက် နောက်က နို့တွေ ဆေးတွေ ကို ခုထိ လိုက်နေရတုန်းပါပဲ။ ဒါတောင်မှ နို့များ တိုက်ပြီဆို ရန်သူနဲ့ စစ်ခင်းရတဲ့အတိုင်းပါပဲ။ အတင်းရော အဓမ္မရော ပြောဆို တိုက်နေရတုန်း။ ဒါက အစားအသောက် ကိစ္စပဲ ရှိပါသေးတယ်။

တခြား ကဂျီကဂျောင် ကိစ္စတွေ မပါသေးပါဘူး။ တွေ့တွေ့ချင်းမှာတော့ ခေတ်နေကို လူတိုင်းက ချစ်ကြပါတယ်။ နည်းနည်း ကြာလာပြီဆိုတာနဲ့ ခေတ်နေဟာ ပညာသည် အဆင့် ရစ်တတ်တယ် ဆိုတာ တော်တော်များများ သိသွားတတ်ကြပါတယ်။ သူလိုချင်တာ သူဖြစ်ချင်တာလောက်ပဲ စိတ်ဝင်စားပြီး ကျန်တာကို ဘာမှစိတ်မဝင်စားပါဘူး။ ခေတ်နေကို အတွင်းကျကျ သိပြီဆိုသူတွေက ပညာသည်လေး ဆိုတာ သဘောပေါက်သွားတတ်ကြပါတယ်။ သူ့ပိုက်ဆံနဲ့သူ့မုန့်ဘိုးနဲ့ဆို အရာရာကပ်စေးနည်းတတ်ပြီး အမေက ဝယ်ပေးတာဆိုရင် ဈေးနှုန်းကိုတောင် မဖတ်ပဲကောက်ထည့်တတ်ပါတယ်။ အမေ ဈေးဆက်ဝယ်နေရင်တော့ တော်လောက်ပြီ ပိုက်ဆံကုန်တယ် ပြန်မယ် ဆိုတဲ့အစားထဲကပါ။

သားကလေးတစ်ယောက်တည်း ကပ်စေး နည်းတယ်မထင်ပါနဲ့။ နောက်သားတစ်ယောက်လည်း ကပ်စေးနည်းပါတယ်။ သူတို့ကပ်စေးနည်းပုံကို ဥပမာပေးရရင် .. ပြီးခဲ့တဲ့ ခရစ္စမတ်က သူတို့ညီအစ်ကို နှစ်ယောက် ခရစ္စမတ် လက်ဆောင် အပြန်အလှန် ပေးဖို့ ကြံစည်ကြပါတယ်။ တစ်ယောက်ကလည်း Harry Potter တဲ့။ နောက်တစ်ယောက်ကလည်း Harry Potter တဲ့။ အိုကေပေါ့။ Australia မှာက ဈေးချတာ တစ်အုပ်ကို ၁၂ကျပ် ပဲရှိပါတယ်။ စလုံးမှာက နှစ်ဆယ်ကျော်တယ်တဲ့။ အဲဒါ Australia ကနေ ဝယ်ခဲ့ပါပေါ့။ ဘာညာ နဲ့ ဆွေးနွေးလိုက်ကြတာ မည်သို့ လုပ်လိုက်သည်မသိ ။ သူတို့နှစ်ယောက် အပြန်အလှန်ပေးမယ့်လက်ဆောင်ကို ဝယ်ပေးရမယ့်သူက အမေ ဖြစ်သွားတယ်။ (ဘုရားဘုရား… ) ဒါ အကင်းပဲရှိပါသေးတယ်။ အမေ အသက်ကြီးလာရင် ကျွေးထားကြမှာလား မေးမိပါတယ်။ တစ်ယောက်က တစ်ယောက်ကို မေးတယ်။ ဘယ်သူက ဟင်းကျွေးမှာလဲ ဘယ်သူက ထမင်းကျွေးမှာလဲတဲ့။ ကြည့်ကြပါဦး ။ တစ်ယောက်က ထမင်းကျွေးဖို့ မေ့ရင် နောက်တစ်ယောက်က အော် ထမင်းမှ မရှိတာ ဟင်းဘာလုပ်တော့မလဲ ဆိုပြီး ဒီတိုင်းထားမယ်ထင်ပါတယ် ။ ဟင်းကျွေးမယ့်သူ မရှိရင်လည်း အော် ထမင်းချည်းတော့ စားမယ်မထင်ပါဘူးဆိုပြီး ထားသွားမယ့်ပုံတွေပါ။

ခု သူ ဆယ်နှစ်။ အမေ သိထားတာတွေသာ သူ စိတ်မဝင်စားရင်ရှိမယ်။ သူသိထားတာတွေ အမေ မသိရင် အမေက သိပ်ညံ့တယ်လို့ ထင်ချင်သူပါ။ ဒီတော့ သူ့အမေ ဖြစ်ဖို့အတွက် ကျွန်မက Harry Potter ရဲ့ these and that တွေကို သိထားရသလို၊ Dragon Ball တို့၊ Bleach တို့ Naruto တို့ Ben Ten တို့လည်း သိထားရပါတယ်။ အမှန်တကယ်က တစ်စက်လေးမှ စိတ်မဝင်စားပါဘူး။ ကျွန်မ ကြိုက်တဲ့ကာတွန်းကား တွေက တစ်မျိုးပါ။ Pooh လို Pink Panther လို၊ ကာတွန်းမျိုးတွေပါ။

မနှစ်က သူ့မွေးနေ့ ပို့စ် တင်တော့ အတော်များများက ခေတ်နေ အကြောင်းလေး ရေးပါလို့ ပြောကြပါတယ်။ ကျွန်မ ကိုယ်တိုင်က စာရေးပျင်းတတ်ပြီး ဒီလို Personal ရေးတဲ့နေရာမှာလည်း ညံ့တတ်လို့ မရေးဖြစ်ခဲ့ ပါဘူး။ ခုနှစ် မွေးနေ့ကျမှပဲ ရေးဖြစ်ပါတော့တယ်။ အများက သိချင်နေတဲ့ ခေတ်နေရဲ့ မြန်မာစာပါရမီကတော့ အထူးကို ပြည့်ဝပါတယ်။ ငယ်ငယ်တည်းက အဲဒီ ဝိုင်းဝိုင်း စက်စက် ရှုပ်ရှုပ်ခတ်ခတ်တွေက တော်တော် ခက် ဆိုပဲ။ သူတို့ သူငယ်ချင်း အုပ်စု ညည်းညူပုံပါ။ ခုလည်း မြန်မာစာလေ့ကျင့်ပေးရင်း ဟိုနေ့က သူ့အဖေ ရေးခဲ့တဲ့ စကား ၆၄ပွင့် ကို သူ့ကို ဖတ်ခိုင်းပါတယ်။ ကြောင်အမ်းသွားသည် ဆိုရင် .. ကြောင်အန် သွားသည် တို့၊ မိမရှိ ဖမရှိ ဆိုရင် မိ - မ - ရှိ - ဖ - မ- ရှိ လို့ တစ်လုံးချင်း ဖတ်တာတို့၊ တစ်ကောင်ကြွက်ဘဝ နဲ့ ဆိုတာကို တစ်ကောင်က သပ်သပ်။ ကြွက် ဘဝနဲ့ ဆိုတာက သပ်သပ် ခွဲဖတ်တာတို့ကို လုပ်ပါတယ်။ အဝေးရောက်သွားလို့ အဲလို ဖြစ်သွားတယ်လို့ မထင်လိုက်ပါနဲ့ ။ ဟိုမှာလည်း ကျွန်မတို့က သူ့ကို ကျမ်းစာက အစ မြန်မာလို သင်တာပါ။

တလောက ဟာကျူလီ အကြောင်းကာတွန်းကားလာတော့ ကျွန်မက သူ့ကို ခေါမ ဒဏ္ဍာရီအကြောင်း ပြောပြပါတယ်။ ဒါတော့ စိတ်ဝင်စားတဲ့ပုံမို့ သူ့ကို ခင်မောင်ကြီးရဲ့ ခေါမဂန္ထဝင် စာအုပ်ပေးဖတ်ပါတယ်။ ဟင့်အင်း၊ ဗမာလိုတွေ၊ ဖတ်ချင်ဘူးဆိုပဲ။ ဒါနဲ့ Theosophy ကို လှူထားမိတဲ့ Dictionary of Mythology ကို ပြန်ကူးဖို့ လုပ်ရပါတော့တယ်။ ခက်တာက မြန်မာစာ မတတ်လည်း ဘာအရေးလဲ ဆိုတဲ့ မိဘထဲ ကျွန်မ မပါတာပါပဲ။ သူအဲလိုဖြစ်နေတာကို ကျွန်မက ရှက်နေတတ်တာပါ။ မေးလိုက်ရင်တော့ အဖေနဲ့အမေက စာရေးဆရာ၊ စာရေးဆရာမှ ဗမာစာရေးဆရာ၊ သားက ဗမာစာ သိပ်မတတ်ဘူး ဆိုတာမျိုး ကျွန်မ အဖြစ်မခံချင်လို့ သူ့ကို စာတွေသင်နေရပါတယ်။ နားလည်းသွင်းရပါတယ်။ ဘယ်နားနေနေ၊ ဘယ်နိုင်ငံရောက်ရောက်၊ ဘာကြီးဖြစ်နေနေ သားဟာ ဗမာပြည်ဖွား၊ ဗမာ ပြည်သား တစ်ယောက်ဖြစ်တဲ့အတွက် ဗမာလိုတော့ ကောင်းကောင်းကိုတတ်နေရမယ် မမေ့နဲ့ လို့ မှာရတာလည်း အာပေါက်မတတ်ပါပဲ။ ပြောရင်တော့ လက်ခံခေါင်းညိတ်ပါတယ်။ တိုးတက်မှု သိပ်ရှိမလာတာ တစ်ခုတည်း ပါပဲ။

ခု ဒင်းကလေး ဆယ်နှစ်ပြည့်ပါပြီ။ ကျွန်မ ဆယ်နှစ်မှာ ဘာတွေသိနေပြီလဲ၊ သူ ဆယ်နှစ်မှာ ဘာတွေ ဖြစ်နေပြီလဲ ပြန်ဆန်းစစ်ကြည့်မိပါတယ်။ ကျွန်မ ဆယ်နှစ်မှာ ကမ္ဘာကြီးကို စာအုပ်တွေထဲကနေ ရှာဖွေ နေတုန်းပါ။ သင်ထောက်ကူပစ္စည်း အကူအညီ တစ်ခုမှ မပါပဲ ကျွန်မတို့ အားလုံးကို ဖြစ်အောင် လေ့လာခဲ့ကြရတယ်။ ကမ္ဘာ့သမိုင်းတွေ ပထဝီ ကျောင်းစာအုပ် စာမျက်နှာတွေကနေတဆင့်ပေါ့။ သူကတော့ ကမ္ဘာကြီးကို လက်တွေ့ ပတ်နေခဲ့ရ ပါပြီ။ သင်ထောက်ကူ များစွာနဲ့ ကျောင်းတွေမှာလည်း တက်နေရပါလျက်နဲ့ စိတ်ကို မဝင်စားတာပါ။ သူ စိတ်ဝင်စားတာဆို အသေးစိတ်က အစ သိနေတတ်ပြီး စိတ်မဝင်စားတာဆို ဘာမှ မသိပါဘူး။ ဥပမာ ပြောရရင် Tom and Jerry ကို ဆွဲတဲ့ လူနှစ်ယောက် ဘယ်ကောင်က ဘယ်သူဆွဲတာ ဆိုတာက အစ သိနေပေမယ့် အိုဘားမား ဆိုတာ ဘယ်သူလဲ ဆိုတာ သူမသိပါဘူး။

လောလောဆယ် သူက ( ခုခေတ် ကလေးတော်တော်များများလိုပဲ ) ရွေးချယ်ခွင့်တွေ သိပ်များတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီး ရွေးချယ်မှု မှန်သမျှ ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်နေတတ်တဲ့ အမေ တစ်ယောက်ကိုလည်း သူပိုင်ဆိုင်ထားပါတယ်။ ကျွန်မကလည်း ကျွန်မတို့ ငယ်စဉ်က မရရှိခဲ့တဲ့ အရာအားလုံးကို သူ့ကို ပေးနိုင်အောင် ကြိုးစားနေခဲ့မိတာကိုး။ တန်ဖိုး ကိုသိတတ်ဖို့ လေ့ကျင့် သင်ကြားပေးဖို့လည်း လိုနေပါသေးတယ်။ သူ့ရဲ့ ညံ့ဖျင်းမှု အားလုံးဟာ ကျွန်မနဲ့ တိုက်ရိုက်သက်ဆိုင် နေပြီး သူ့ရဲ့ ထူးချွန်မှု အားလုံးဟာ သူ့ပင်ကိုယ်အရည်အချင်းနဲ့ပဲ တိုက်ရိုက်ပတ်သက်တယ်လို့လည်း ကျွန်မ လက်ခံထားပါတယ်။ နောက် ရှေကဆက်လာမယ့် နှစ်များစွာအတွင်းမှာ ကျွန်မ သူ့ကို တန်ဖိုးတွေ အကြောင်း အများကြီး ပြောပြဖို့ လိုအပ်သလို မြန်မာစာကိုရော မြန်မာစကားကိုပါ ကျွမ်းကျင်စွာ ပြောတတ်ဖို့ သင်ကြား ပေးရပါဦးမယ်။ သိုးကလေးရဲ့ အရေခွံကို သိထားဖို့လိုသလို ဝံပုလွေတစ်ကောင်ရဲ့ အစွယ်အကြောင်းလည်း သူသိထားသင့်တာပါပဲ။ နောက်ကျောက ဓားတွေအကြောင်းလည်း သူသိလာမှာ ဖြစ်သလို ပျက်ယွင်း နေတဲ့ အဇတ္တတွေကို ဘယ်လိုကွေ့ရှောင်သွားရမယ်ဆိုတာလည်း သူသိလာမှာပါပဲ။ အချိန်တွေ အများကြီး ကျန်သေးသလို အချိန်လည်း သိပ်မရှိတော့ပါဘူး။ ကိုယ့်အချိန်ကိုယ် အကျိုးရှိစွာ အသုံးချတတ်တဲ့ သူတစ်ပါးရဲ့ ရှင်သန်မှုကို မထိခိုက်ပဲ ကိုယ့်ဘာသာကိုယ် ငြိမ်းအေးစွာ ရှင်သန်တတ်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့လည်း ကျွန်မ အများကြီး ကြိုးစားရပါဥိးမယ်။

ချစ်သော သားကလေး ပျော်ရွှင်ဖွယ်မွေးနေ့များစွာ ပိုင်ဆိုင်ပါစေ။

ချစ်သော

မေမေ





၁။ မွေးနေ့ကိတ်



၂။ ပလာတာ


။ဆိတ်သား

၎။ကြက်သား ( ဆိတ်သားမစားသူများအတွက်)


၅။ ပဲဟင်း



၆။ ကြက်သွန် နဲ့ အချဉ်



၇။ strawberry ice cream


၈။ လှီးထားတဲ့ မွေးနေ့ကိတ်

(ဒါက တစ်ယောက်ကိုတစ်ယောက်ကြည့်နေတာနဲ့ စားဖို့ မေ့ကျန်ခဲ့တဲ့ ဟို ကဗျာဆရာမ သေးသေးလေးရဲ့ မုန့်ပါ )


40 Comments:

Zephyr said...

Happy Birthday Bro,

Wishing you all the best ...
May God Blez U.

With Peace,
Z

Ree Noe Mann said...

ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ ကိုကို

khin oo may said...

သူပလာတာကို ပဲဟသ်းနဲ့ဘဲစားသွားရင်အခက်..

khin oo may said...

သားလေးသည်ပျော်ရွင်ချမ်းမြေ့တဲ့ဘဝ..အမြဲဖြစ်ပါစေ။

လွမ်းသုရင် said...

Happy Birthday Ko Ko!

ကလေးမွေးနေ့လာပြီး အမေတစ်ယောက်ရဲ့ ရင်တွင်းဖြစ်တွေကို စိတ်ဝင်တစ်စားဖတ်သွားမိတယ်။

မနှစ်ကဆိုတဲ့အချိန်အထိ... ကိုယ်ကိုယ်တိုင် မွေးဖွားပြုစုပျိုးထောင်ရတဲ့ ရင်သွေးတစ်ယောက်ရဲ့ မိခင်ဘ၀ကို လိုချင်ခဲ့ဖူးတယ်။ ခုတော့... မိခင်လုပ်ဖို့ ကြောက်တယ်။

:P said...

ပဲဟသ်း ဆိုတာ ဘာဟင်းလဲစဉ်းစားတာ ကလေးမွေးနေ့ ဆုတောင်းဖို့တောင် မေ့သွားတယ်။

ပျော်ရွှင်၊ ကျန်းမာသော မွေးနေ့ နှစ်တစ်ရာတိုင်ပါစေ။

sdl

နွေးနွေးသဲမွန် said...

Happy Birthday ပါ...ကိုကိုခေတ်နေ..လေးရေ..း-)

tin min htet said...

မင်္ဂလာမွေးနေ့ပါ ကိုကို ..
တောင်းတဲ့ဆု မတောင်းတဲ့ဆု အားလုံးပြည့်ပါစေ ..

အတွေ့အကြုံတွေက လုံးဝကြီး မဟုတ်တောင် အတော်လေး တူသားပဲ။ သမီးကလည်း ၁၀ နှစ် ပြည့်ခါနီးဆိုတော့ ခေတ်ပြိုင်ခံစားမှု စစ်စစ်တွေ ဖြစ်နေတော့တာပဲ။

သမီးကို အစားရွေးလှချည့် အောက်မေ့နေတာ ခုတော့ တော်တော် အားရှိသွားပြီ :P

tin min htet said...

မေ့သွားလို့ ထမင်းချည်း ကျွေးမယ့်သားရော၊ ဟင်းသပ်သပ် တာဝန်ယူမယ့် သားရော တချက်စီ ခေါက်လိုက်ပါ :P

သင်း said...

၁၀နှစ်ခရီးမှသည်
ပျော်ရွှင်ခြင်း၊ငြိမ်းချမ်းခြင်း၊တတ်သိလိမ္မာခြင်းတွေနဲ့အတူ
အမေ ဖြစ်စေချင်တဲ့သားတစ်ယောက်အဖြစ်
နောင်နှစ်ပေါင်း၁၂၀အထိခရီးဆက်နိုင်ပါစေ..လို့
ဆုတောင်းပေးပါတယ်..

ရဲမေ

သင်း said...

၁၀နှစ်ခရီးမှသည်
ပျော်ရွှင်ခြင်း ငြိမ်းချမ်းခြင်း တတ်သိလိမ္မာခြင်းတွေနဲ့အတူ
အမေ ဖြစ်စေချင်တဲ့သားတစ်ယောက်အဖြစ်
နောင်နှစ်ပေါင်း၁၂၀အထိခရီးဆက်နိုင်ပါစေ....

ရဲမေ

ဆောင်းယွန်းလ said...

မိခင်ကောင်းတယောက်ရဲ့ ရင်တွင်းဖြစ်စစ်စစ်တွေကို တွေ့လိုက်ရပါတယ် မနော်..
သားလေးခေတ်နေ”ချမ်းမြေ့သာယာတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ပါစေ”လို့ ဆုတောင်းပေးပါတယ်

ခင်မင်လျက်
ဆောင်းယွန်းလ

phoe thu taw said...

" သူ့ရဲ့ ညံ့ဖျင်းမှု အားလုံးဟာ ကျွန်မနဲ့ တိုက်ရိုက်သက်ဆိုင် နေပြီး သူ့ရဲ့ ထူးချွန်မှု အားလုံးဟာ သူ့ပင်ကိုယ်အရည်အချင်းနဲ့ပဲ တိုက်ရိုက်ပတ်သက်တယ်လို့လည်း ကျွန်မ လက်ခံထားပါတယ်။ " ဆိုတဲ့ စာသားလေးတော့ ကြိုက်တယ် မနော်.... ပျော်ရွှင်ပါစေ ကိုကို..

မောင်သူတော် ( ၄.၄.၂၀၁၀ )

Julian said...

ံကိုကို

နောက်ထပ်တစ်နှစ်လောကကြီးထဲကိုခြေတစ်လှမ်းချတော့မယ်
တစ်နှစ်ထက်တစ်နှစ် မေခရဲ့သားသေးသေးလေးကနေ သားကြီးဖြစ်လာခဲ့ဘီ

မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ ပျော်ရွင်ကျန်းမာသောဘ၀ကိုပိုင်ဆိုင်ပါစေ

အခက်အခဲဆိုတာအမြဲရှိတဲ့လောကကြီးမှာ ခက်ခဲခြင်းဆိုတာတွေကို လွယ်လွယ်ကူကူမှန်မှန်ကန်ကန်ကျော်လွှားနိုင်ပါစေ

ရွေးချယ်ခွင့်အများကြီးရှိတဲ့ကလေးတစ်ယောက် မှန်မှန်ကန်ကန်ရွေးချယ်တတ်အောင်လမ်းပြနေတဲ့ လမ်းပြကြယ် အမေကို အမြဲချစ်ခင်ရိုသေပါစေ။

လက်ထဲမှာတကယ်ကိုရှိနေတဲ့အခွင့်အရေးရွေးချယ်ခွင့်တွေကိုအမြဲအသုံးချတတ်ပါစေ။

အန်တီဂျူ

tg.nwai said...

သားလေးရေ... ဆယ်နှစ်ပြည့်မွေးနေ့မှသည် ပျော်ရွှင်ချမ်းမြေ့သော မွေးနေ့ပေါင်းများစွာကို ချစ်တဲ့ သားမေမေနဲ့ အတူတူ ပိုင်ဆိုင်ပါစေ ကိုကိုရေ....။

မနော်ရေ...ဟဲဟဲ.. တိုက်ဆိုင်တာလေးတွေ သဘောကျသွားပါတယ်။ အိမ်မှာ ကလေးသုံးယောက်ဆိုတော့ သုံးမျိုးပေါ့... ဒိုင်ခံ နားထောင်ဖြေရှင်းနေရတာက အမေတွေပဲပေါ့လေ.. သူတို့တွေရဲ့ Ben Ten တို့ Pokemon တို့တွေထဲက ဇာတ်ကောင်မျိုးစုံနံမယ်တွေ သိကို မသိပါဘူး မနော်ရယ်.. ကိုယ်ပြောရင် သူတို့တွေက ရယ်ကြရော...

မနော် သားနှစ်ယောက် လက်ဆောင်လဲတာ ၀ယ်ပေးရတာက အမေဆိုလို့ ရီလိုက်ရတာ.. ဟုတ်ပ... အမေဆိုတာ ဒီလိုချည်းပဲနော်.. ဒါလည်း ကျေနပ်နေရတာပဲလေ..:))

မယ့်ကိုး said...

ချစ်စရာကောင်းလွန်းတဲ့ သားကလေးကိုကို ရာသက်ပန်ပျော်ရွှင် ငြိမ်းချမ်းပါစေ...
မြန်မာစာတွေ အများကြီးတတ်လို့ ဖေဖေနဲ့မေမေလို လှပကြွယ်ဝတဲ့စာတွေ အများကြီး ဖန်တီးနိုင်ပါစေ...

ချစ်တဲ့
=)

Andy Myint said...

ကလေးတွေက မခေဘူး။ တစ်ယောက် တစ်မျိုး သူ့ဇနဲ့သူ လာတာပဲကိုး။ ၁၀ နှစ်ဆိုတော့ အတော်လေး ခရီးပေါက်နေပြီတောင် ပြောလို့ရမည်။ ဒါမှမဟုတ် နောက်အဆင့်တစ်ခုကို ရောက်တော့မည့် သဘောပဲ။ သားလေး Happy Birthday ပါ။

"ကိုယ့်အချိန်ကိုယ် အကျိုးရှိစွာ အသုံးချတတ်တဲ့ သူတစ်ပါးရဲ့ ရှင်သန်မှုကို မထိခိုက်ပဲ ကိုယ့်ဘာသာကိုယ် ငြိမ်းအေးစွာ ရှင်သန်တတ်တဲ့ ကလေးတစ်ယောက် ဖြစ်လာ" ပါစေလို့ အစ်မ စကားကိုပဲ ငှားသုံးပြီး ဆုတောင်းပေးလိုက်ပါတယ်။

MANORHARY said...

သားZ, ရီနိုမာန်၊ မခင်ဦးမေ၊ စိမ်း(လွမ်းသုရင်)၊ မတွေ့တာကြာပြီ ဖြစ်တဲ့ SDL, ညီမလေး နွေးနွေးသဲမွန်၊ သူငယ်ချင်း တင်မင်းထက်၊ အိန္ဒြာရဲ့ ချစ်သော ရဲမေ၊(သင်း)၊
ကိုဆောင်း၊ မောင်သူတော်၊ ချစ်သူငယ်ချင်းကြီး ဒေါ်ဂျူလီယန်၊ ချစ်သောမသိဂီ င်္ မယ်ကိုး၊ ကိုAndy (wesheme) တို့ကို သားကလေး ကိုယ်စား ကျေးဇူးတင်တဲ့ အကြောင်း ပြော ပါရစေ။ အားလုံးပြီးရင်တော့ ပို့စ်ရော ကွန်မင့်တွေရော ပရင့်ထုတ်ပြီး တစ်လုံးချင်းဖတ်ခိုင်းလိုက်ပါ ဦးမယ်။း))

pandora said...

အန်တီပန် အီးမေးလ်ထဲမှာ ဆုတောင်းထားတဲ့အတိုင်း.. (ချွေးမလှလှလေးကိုတော့ မေမေငိုမှာစိုးလို့ ထုတ်လိုက်ပါတော့။)

NangNyi said...

သူမှ မစားတာပဲလေ ဆိုပြီး အသားတွေချည်းရွေးစားသွားတယ်.. တကယ်တော့ ကြေးအိုးဆီချက်လေးပဲ စားချင်တာပါလေ

AMK said...

ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ ညီငယ်ကလေးရေ

လင်းဒီပ said...

ဟတ်ပီးဘတ်ဒေးပါ ကိုကိုရေ...။

ရွှန်းလဲ့ said...

ခေတ်နေ...ပျော်ရွှင်ဖွယ်မွေးနေ့ ပေါင်းများစွာကို ချစ်မေမေနဲ့ အတူတူဖြတ်သန်းနိုင်ပါစေ။

မေငြိမ်း said...

သားကလေး မွေးနေ့များစွာ ချစ်တဲ့ မေမေနဲ့ တူတူ ပျော်ရွှင်စွာ ဖြတ်သန်းရပါစေ..။
သားကလေးရဲ့မေမေလည်း.. နောက်ထပ် နှစ်တွေ အများကြီး အများကြီးကို အင်အားအပြည့်နဲ့ ဖြတ်ကျော်နိုင်ပါစေ...။

ဒဏ္ဍာရီ said...

ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေ ကိုကိုရေ..။
မမရဲ့ မိခင်ပီသတဲ့ မိခင်စိတ်လေးကို လေးစားမိပါတယ်။ မိဘတိုင်း ဒီလိုပဲ ဖြစ်မယ်နော်။ မမပိုစ့်လေးဖတ်ပြီး အိမ်က မေမေ့ကို သတိရသွားတယ်။
သားလေးခေတ်နေ ဒီနေ့မွေးနေ့ကစပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့အတူ မိဘကျေးဇူး သိတတ်လိမ္မာတဲ့ သားလေး တစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လေးစားလျှက်

MANORHARY said...

ချွေးမချောချောလေးမွေးပေးမည် ဆိုလျင် ဆုတောင်းကို လက်ခံပါမည် တီပန်ဒိုရာ ..း)
ညီညီ .. ကြွေးကို ဘလော့ခ်ပေါ် တင်တောင်းပါတယ်း))
AMK လင်းဒီပ ရွှန်းလဲ့ အမ မေငြိမ်း .. ကျေးဇူး တင်ပါတယ်။

ကိုရင်နော်ခင်လေးငယ် said...

သားလေး ခေတ်နေ...
ဦးနော်နဲ့တီငယ်က သားအကြောင်းကို သိပ်စိတ်ဝင်စားတာ..
ဆိုဒ်ဘားက သားပုံလေးကိုလည်း သိပ်ချစ်တာပေါ့..
ဒီပိုစ့်လေးဖတ်ရတော့ သားပုံစံလေး ပိုပေါ်လာတယ်.. သားမေမေက ချွေးမလောင်းလေးတွေ ဝိုင်းဝိုင်းလည်မှာ စိုးလို့ ထင်ပါရဲ့ သားအကြောင်း သိပ်မရေးဘူး..း)
ကပ်စေးနဲတဲ့ သားကြီးကတော့ ဂေါ်မစွံကြီး ဖြစ်မယ့်ပုံ..း)

သားလေး ခေတ်နေ
ကျန်းမာချမ်းသာပါစေ..
ပျော်ရွှင်လန်းဆန်းပါစေ..
မေမေ အားကိုးရတဲ့ သားလိမ္မာကြီး ဖြစ်ပါစေ..
ဖေဖေ၊ မေမေ၊ ကိုကို တို့လို စာရေးဆရာကြီး ဖြစ်ပါစေနော်..။

ချစ်တဲ့
ဦးနော်၊ တီငယ်၊ မမကလေးလေး

kay said...

ကိုကို တို့ သားအမိ ဆီ..ခုမှ အပြေးရောက်လာတယ်.. တောပြန်နေလို့..း)
အခု တောက..လှမ်းနှုတ်ဆက်တာပေါ့..
၁၀ စုနှစ် တခု ပိုင်ဆိုင်သွားတဲ့..ကိုကို ..
ဖေ..မေ တို့လို မြန်မာစာ တော်တဲ့..စာရေးဆရာ လေး တယောက် ( မြန်မာလို မရေးရင်တောင်မှ ပေါ့လေ) ဖြစ်လာမလားလို့.. စိတ်ဝင်စား လျက်.. ဆုမွန်ချွေပါတယ်လို့...

မနော်ရေ... မလွယ်ပါလား..ဒါဆို..း)

မိုးခေတ် said...

မင်္ဂလာမွေးနေ့လေးဖြစ်ပါစေ ခေတ်နေလေးရေ... မြန်မာစာတော့ ဖြစ်ဖြစ်မြောက်မြောက်တတ်အောင် သင်ပေးလိုက်ပါ ဆရာမ ရယ်...။

Mogok Thar said...

HAPPY BIRTHDAY!!!!!!!!!!!!

KO KO.....

ကောင်းကျိုးလိုရာဆန္ဒ အားလုံးးးး...
ပြည့်စုံကြပါစေ... လို့.....

Unknown said...

(: မွေးနေ့ post ကိုဖတ်ပြီးသဘောလည်းကျ အမေ့ကိုလည်း သတိရသွားပါတယ်..
ကိုကို ဆိုတဲ့ ကလေးလေးတစ်ယောက် စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ နဲ့ အမေ့ကို လုပ်ကျွေးနိုင်တဲ့ ၊ လုပ်ကျွေးချင်တဲ့ ၊လုပ်ကျွေးခွင့် လည်းရတဲ့ ကလေး လေး ဖြစ်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်..
from,
with love,V_V
melodyphyO

Sein Lyan Tun said...

ဟိဟိ


ကိုကို ရေ...


ပျော်စရာရက်တွေ အများကြီးကို ချစ်သော မေမေနဲ့ တူတူ ကျော်ဖြတ်နိုင်ပါစေ.

နောက်ဆုံးမှ ဆုတောင်းပေမယ့် စိတ်က ရှေ့ဆုံးကနေ ရောက်နေတယ်။ ပလာတာဆီပေါ့...။

သြော်... ကိုကိုလည်း အရွယ်ရောက်ပြီးပဲနော်..

မေမေ ဒေါ်မေခ ပိုက်ပိုက် များများ ရှာထားပါကွယ်.

ခုခေတ် ကောင်မလေးတွေက လိုချင်တာ များမှ များရယ်။။။



ကိုကို ပျော်ပါစေ။

Cameron said...

Happy Birthday ပါ ကိုကို...။
တီတီ ကြက်သားပလာတာအ၀ စားသွားတယ်နော်..။
(မနော်သားလေး ချစ်ဖို့ကောင်းတယ်)

ခင်မင်စွာဖြင့်
အန်တီမိုးငွေ့

Kyaw Nyo Thway said...

ညီလေး ဘ၀မှာ ကျန်းမာပျော်ရွှင်စွာနဲ့ အောင်မြင်မှု့တွေကို လက်ဆုပ်လက်ကိုင်နိုင်ဖို့ ဆန္ဒပြုပါတယ်။

(ကိတ်မုန့်နဲ့ ရေခဲမုန့်ကို ကစ်သွားလေရဲ့) :P

sonata-cantata said...

သားသားခေတ်နေ
ပျော်ရွှင်ဖွယ် မွေးနေ့ပါ

မနော်ရေ ဒီပို့စ်လေးကို ဖတ်ရင်း ကူးယူထားချင်စိတ်ပေါ်မိတယ်။
မိခင်တိုင်းဟာ ကိုယ့်ရင်သွေးနဲ့ ပတ်သက်တဲ့ ခံစားချက်၊ မျှော်လင့်ချက်လေးတွေရှိကြပါတယ်။ အဲ့ဒါတွေကို စာလုံးတွေအဖြစ် ပြေပြေပြစ်ပြစ် ချရေးဖို့ မလွယ်ကူပါဘူး။
ကျေးဇူးနော် မနော်

ီရင်ထဲကနေ ဆုမွန်ကောင်းများစွာ တောင်းသွားပါတယ်...
(ချမရေးတတ်တာ ခွင့်လွှတ်ပါ)

rose of sharon said...

သားလေးအတွက်မွေးနေ့ဆုတောင်းကို facebook မှာဘဲလုပ်ဖြစ်ပြီး အခုမှဘလော့လာဖတ်ဖြစ်တော့နောက်ကျသွားတယ်... sorry နော်.... အမေတွေရဲ့ရင်တွင်းဖြစ်ခံစားချက်နဲ့စေတနာတွေကို သားသမီးတိုင်းနားလည်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်....

မိုးခါး said...

မကြီးနော်ရေ
၎ရက် နောက်ကျသွားတယ် ..း)
ရီဒါမှာပဲ ဖတ်ပြီး ဘလော့ဆီ မရောက်လိုက်လို့း)
ခွင့်လွှတ်နော်
ကိုကို မွေးနေ့ကစပြီး ပျော်ရွှင်ခြင်း ကံကောင်းခြင်းတွေနဲ့ တွေ့ဆုံပါစေ ..း)
ကျေးဇူးတရားသိတတ်တဲ့ အမှန်တရား မြတ်နိုးတဲ့ သားလိမ္မာလေး ဖြစ်ပါစေ ..
သားအမိနှစ်ယောက်လုံး အမြဲတမ်း ကျန်းမာ ပျော်ရွှင် စိတ်ချမ်းသာပါစေး)

ချစ်ခင်စွာဖြင့်
မိုးခါးး)

sweetpeony said...

ဖဘ က ဆုတောင်းအတိုင်းပဲ...
ဟိ...
ကဗျာဆရာမလေး မစားသွားတဲ့ မုန့်ကို မီးမီး စားသွားတယ်..း)
ခဏခဏ မကြည့်ဘူးးးး သွားရည်ကျလို့...
း(

Anonymous said...

ညနေကတည်းက မန့်နေတာ မန့်မရလို့ဗျို့။
နောက်ကျနေတော့လည်း တကူးတက ဆုတောင်းမပေးတော့ပါဘူး။ စိတ်ထဲကပဲ ပေးလိုက်ပြီ။
ဖတ်လာရင်း ဖတ်လာရင်းနဲ့ စနောက်ပြီး ပြောမယ်လို့ စဉ်းစားထားတဲ့ စကားလုံးတွေက များလွန်းလို့.. ဘယ်လို ပြောရမှန်းတောင်မသိတော့။ ညီလေးအတွက် ပို့စ်က ရှည်ကြီးရယ်။ ဖတ်လို့ကောင်းထှာ။

အိန္ဒြာ said...

သူများမေ့ကျန်ခဲ့တာ ဗိုက်ပြည့်သွားလို့
တစ်ယောက်မျက်နှာများတစ်ယာက်ကြည့်ရတာ ပျင်းလွန်းလို့ ဟီးးးးးးးးးး( ကျန်အကြောနဲ့နော်)