နတ်သမီးပုံပြင် (အပိုင်း ၃)

Saturday, January 30, 2010


(၃)

“ လူဆိုတာ အပြောင်းအလဲတော့ ရှိသင့်တာပေါ့ ”

ရုတ်တရက် ရင်ဘတ်ထဲမှ ထိုးဖောက်ထွက်လာသလို ကြားလိုက်ရသော အသံကြောင့် ကျွန်မ လန့်ဖျပ်သွားရသည်။

“ အိုး .. ဧရာမ ကြက်တူရွေးကြီးပါလား ”

ထိုကြက်တူရွေးကြီးပေါ်တွင် ဆာရီအနီရောင်ဝတ် မိန်မလှတစ်ဦး။ သူ့ကို ကျွန်မ သိပါသည်။ လက်ရှ်မီး ( Lakshmi ) မယ်တော်ဟု လူသိများသူဖြစ်သည်။




မြန်မာပြည်တွင် တော့ တချို့က သူရဿတီနှင့် လက်ရှ်မီးကို မကွဲချင်ကြပါ။

“ အပြောင်းအလဲ ဟုတ်လား ”

ကျွန်မ မျက်မှောင်ကြုတ်ကာ တအံ့တသြ ပြန်မေးလိုက်မိသည်။ သူမက..

“ ဟုတ်တယ်လေ မင်းခုလိုဖြစ်လာဖို့ မင်း ဖြစ်ချင်ခဲ့တဲ့ အရာတွေကို စွန့်လွှတ် ပြောင်းလဲခဲ့ရတာ မဟုတ်လား ”

“ ဟုတ်ပါတယ် ဒါပေမယ့် အပြောင်းအလဲတိုင်းဟာ အလကားမရဘူး ကျွန်မ အများကြီး နာကျင်ခဲ့ရတယ် ”

“ ခုလည်း မနာမကျင်ပြောင်းလဲရမယ်လို့ မင်းထင်လို့လား ”

“ မထင်ပါဘူး ”

“ ဒါပေမယ့် မင်းရဲ့ ကံကြမ္မာကို ငါက ပြုပြင်ပေးနိုင်တယ် ”

“ ကျွန်မ ကံကြမ္မာကို ဟုတ်လား ”

“ ဟုတ်တယ်လေ ကံကြမ္မာဆိုတာ လည်နေတဲ့ ဘီးလိုပဲ အကောင်းကနေ အဆိုးကို မရောက်ဖို့ပဲ ဂရုစိုက်ရမှာ ဒါတွေကို ငါက ဖန်တီးပေးနိုင်တယ် ”

“ ဟင့်အင်း ကျွန်မ ဘာမှ မပြောင်းလဲချင်တော့ဘူး ”

“ မင်းက မပြောင်းလဲချင်တော့တာလား ဘယ်လိုပြောင်းလဲလိုက်ရင် ကောင်းမလဲ ဆိုတာ မသိတာလား ”

“ နှစ်ခုလုံးပါပဲ ”

ကျွန်မကို သူမ စိုက်ကြည့်နေပုံက ကျွန်မ အရည်ပျော်ကျသွားမလား မှတ်ရသည်။ သူမကို ကိုးကွယ်ဆည်းကပ်သူများကို သူမက ပြည့်စုံကြွယ်ဝသည့်ဘဝသို့ ပြောင်းလဲပေးတတ်သည် ဟု ကျွန်မ ဖတ်ဖူးသည်။ သူမ၏ သင်္ကေတကိုက Change (ပြောင်းလဲခြင်း) ဖြစ်သည်။

သို့သော် ကျွန်မက ထိုပြည့်စုံကြွယ်ဝမှုများ၏ အသုံးမဝင်ပုံကို လက်တွေ့ခံစားခဲ့ရသူပီပီ ခေါင်းမာနေခဲ့သည်။ သူမက ကျွန်မကို ..

“ မင်း ခုလို ခေါင်းမာနေပုံနဲ့တော့ မင်းကို ဗီးနပ်(စ) (Venus) နဲ့ တွေ့ပေးရမယ် ”

“ အတော်ပါပဲ ကျွန်မကလည်း တွေ့ချင်နေတာ ”





“ အော် မင်းက ခေါင်းသာမာတာ အချစ်ကိုကျတော့ ယုံကြည်သလား ”

“ ဟင့်အင်း မယုံပါဘူး ခုဟာက ကျွန်မ သူ့ကိုမေးစရာရှိလို့ပါ ”

ကျွန်မ၏ စကားအဆုံးတွင် နီလွင်တောက်ပသောဝတ်ရုံ တင်ပါးကျော်ရှည်လျားမည်ဟု ခန့်မှန်းရသည့် ရွှေရောင်ဆံပင်ဖျော့ဖျော့များနှင့် အချစ်နတ်သမီးသည် ကျွန်မရှေ့ရောက် လာခဲ့သည်။ သူ၏ သင်္ကေတက Love .

“ မင်းလား ငါ့ကို မေးစရာရှိတယ်ဆိုတာ ”

“ ဟုတ်တယ် ”

ကျွန်မ သူမ၏ ကျော်စောလှသော အလှတွင် မင်သက်နေမိသေးသည်။ ပြီးမှ ကျွန်မ သတိဝင်လာကာ မေးခွန်းမေးရန်ပြင်တော့ သူမက လက်ကာတား၏။

“ မင်းမေးမှာကို ငါသိနေတယ် ဒါပေမယ့် ငါ မဖြေချင်ဘူး ။ မင်းနားလည်မှာပါ မင်းလည်း အရာရာကို အသားကျမှုတွေကနေ ပြောင်းလဲမပစ်ချင်ဘူး မဟုတ်လား ငါ့ကိုလည်း ဒီအတိုင်းထားလိုက်ပါတော့ မင်း အကူအညီလိုရင်သာ ငါ့ကို တ သ လိုက်ပါ ငါတတ်နိုင်တာဆို ကူညီပါ့မယ် ”

သူမ၏ စကားအဆုံးတွင် ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။ လက်ရှ်မီးသည် ကျွန်မနှင့် ဗီးနပ်စ ကို နားမလည်သလို ကြည့်နေဆဲ။ သူမ၏ ကြက်တူရွေးကြီးက အရှိန်နှင့် ထပျံသွား သဖြင့် သူမလည်း လိုက်ပါသွားတော့သည်။

တကယ်တော့ အက်ဖရိုဒိုက်တီဟု အမည်ရသော ဗီးနပ်စ သည် အလှဆုံး နတ်ဘုရားမ တစ်ပါးဖြစ်သည်။ သို့သော် ဇူးနတ်မင်းကြီးက အလှမာန်တက်မှာစိုးသဖြင့် ခြေတစ်ဖက် မသန်သည့် ဟီဖက်စတပ် နှင့် ပေးစားခဲ့သည်။ ကျွန်မ သူမကို မေးချင်သည်က အချစ်နတ်သမီးဟု အများက တင်စားခေါ်ဝေါ်သည့် သူမကိုယ်တိုင်ပင် ဟီဖက်စတပ် ကို တကယ်ပင် ချစ်မြတ်နိုးခဲ့ဖူးပါသလား ဟူသော မေးခွန်းပင်။

ကျွန်မ မေးခွင့် မကြုံလိုက်ပါ။

“ ဘဝကို အသစ်က ပြန်စချင်စိတ်ရော မရှိဘူးလား ”

ဒူး နှစ်ဖက်ပေါ် မျက်နှာအပ်ထားကာ စိတ်ပျက်လက်ပျက် ဖြစ်နေမိသော ကျွန်မ..။ အသံကြောင့် မော့ကြည့်မိသည့်အခါ ကျွန်မတို့ နယ်စပ်မှ ရဝမ်လိုလို လီဆူးလိုလို ဂါဝန် အစင်းကားကားကြီးဝတ်ထားပြီး အနီရောင် ပုဝါရှည်ကို ပတ်ရစ်ထားကာ ရွှေရောင်သရဖူ ဆောင်းထားသော အင်မတန်အပြစ်ကင်းစင်သည့် မျက်နှာနှင့် မိန်းမလှလေးကို တွေ့လိုက်ရသည်။

ကျွန်မ သူ့ကို မသိပါ။

“ မင်း ငါ့ကို မသိဘူး မဟုတ်လား ။ အမှန်က မင်းသိပါတယ် မင်းပုဂံရောက်တုန်းကတောင် ငါ့ရုပ်တုများ တွေ့မလားလို့ ရှာခဲ့သေးတာပဲ ”

“ အို… ဒါ .. ဒါ .. တာရာ နတ်သမီး ”

“ ဟုတ်တယ် ငါဟာ တာရာ (Tara) နတ်သမီးပဲ ”



တာရာဒေဝီခေါ် တာရာနတ်သမီးသည် တိဗက်လူမျိုးတို့၏ နတ်ဘုရားမဖြစ်သည်။ ဝမ်းနည်း ကြေကွဲမှုများကို ဖြေသိမ့် ကုသပေးနိုင်ပြီး တောင်းဆုများကို ဖြည့်ပေးနိုင်သည်ဟု တိဗက်များက ယုံကြည်ကြသည်။ သူမ၏ သင်္ကေတက အစပြုခြင်း ( Beginning) ဖြစ်သည်။ ကျွန်မကတော့ သူမ၏ ထူးခြားလှသော မုဒြာ ဟန်တစ်မျိုးနှင့် ဆင်းတုတော်ကို ရရန် ရှာဖွေခဲ့ခြင်းဖြစ်သည်။ သို့သော် ပုဂံဈေးသည်များက တာရာနတ်သမီးကို မသိကြပါ။

“ ဘဝကို အသစ်က ပြန်စလို့ရလား ”

“ ရတာပေါ့ ငါ စွမ်းဆောင်ပေးရင်လေ ”

“ မဖြစ်ပါဘူး အားလုံးကို ပြန်ရင်ဆိုင် နာကျင်နေရဦးမယ် ”

“ မင်း ခု ကြောက်လန့်နေတဲ့ ကံကြမ္မာတွေအားလုံးကိုလည်း ချန်ထားလို့ ရနိုင်လိမ့်မယ် ”

“ ကျွန်မ … ဘာကိုမှ မကြောက်လန့်ဘူး ”

“ မင်းညာတာ ”

“ ကျွန်မ မညာပါဘူး ”

“ ဒါဆို မင်းဘာလို့ချိုးကွေ့ခဲ့တာလဲ မင်းကွေ့ခဲ့တဲ့လမ်းတွေကို မင်းကျေနပ်လို့လား ”

တာရာနတ်သမီးက ကျွန်မကို လေသံ နူးနူးညံ့ညံ့လေးနဲ့ ချိုချိုသာသာလေးမေးတာပါ။ ကျွန်မရင်ထဲမှာတော့ ဗုံးတစ်လုံး ပေါက်ကွဲသလို ခါးသက် ကျယ်လောင်လွန်းလှသည်။ သို့သော် ခေါင်းမာ ဟန်ဆောင်မှုများတွင် အသားကျခဲ့ပြီးသော ကျွန်မက နှုတ်ခမ်းကို တင်းတင်း စေ့ထားကာ ခေါင်းကို ခပ်ဆတ်ဆတ်ညိမ့်လိုက်တော့ တာရာနတ်သမီးက ပြုံးသည်။

“ ကျွန်မ အသားကျနေပါပြီ ”

“ အသားကျမှုဟာ ကျေနပ်မှု မဟုတ်ဘူး ”

“ အဲဒါဆို အစက ပြန်စတာဟာလည်း နဂိုဖြစ်တည်မှု မဟုတ်ဘူး ”

ကျွန်မ၏ အရိုးစွဲနေသော အကျင့်အတိုင်း နှုတ်လှန်ထိုးမှုကို တာရာနတ်သမီးက စိတ်မဆိုးပါ။ စိတ်ရှည် လက်ရှည်နှင့် တရားချနေပါသည်။ ကျွန်မကတော့ သူ့တရားရေအေးများကို အာရုံ မဝင်စားနိုင်တော့ပါ။ ကြယ်တာရာများကို ခြုံရုံ ဝတ်ဆင် ထားသော ကြယ်တာရာဝတ်ရုံနှင့် နတ်သမီးတစ်ပါးသည် ခြင်္သေ့ အထီးအမ တစ်စုံကို အဖော်ပြုကာ တရွေ့ရွေ့နီးကပ်လာနေသောကြောင့် ဖြစ်ပါသည်။


14 Comments:

Moe Z said...

အပိုင်း ၃ ...ပုံပိုရှားလာ ....။
.... လက်ခ်ျမီး ဆီက Credit တစ်ကဒ်လောက်တောင်းလာရမှာ။

အက်ဖရာဒိုက်စ်ဆီက ရေမွှေးနဲ့ ...
Tara ဆီက လူ့ဘ၀မဖြစ်ခင် အစပိုင်း ... ပြန်တောင်းခဲ့ရောပေါ့။

Zephyr said...

Venus ကရော ခြေပြတ်လက်ပြတ်ကြီးလား ...။ ရုပ်တုထဲကလို .... :P

Sein Lyan Tun said...

နတ်သမီးတွေက ယောက်ျားလေးတွေကိုရော အတွေ့ခံတယ် မလား... တွေ့ချင်စမ်းပါဘိ...

မြန်မြန်ဆက်ပါ..

အတွေးထဲမှာ ဘယ်နတ်သမီးဆီက စွမ်းအားတွေ တောင်းရမလဲဆိုတာ စဉ်းစားနေတာ

Anonymous said...

:) နောက်ထပ်နတ်သမီးတွေအကြောင်းနဲ့
စာရေးသူက ဘယ်လိုတုံ့ပြန်နှုတ်ထိုးလှန်ဦးမလဲဆိုတာ ဆက်မျှော်နေမယ်....

မယ့်ကိုး said...

တာရာ (Tara) နတ်သမီးနဲ့ Venus ဘယ်သူ ပိုလှလဲ ချစ်မမ :)

ဒဏ္ဍာရီ said...

မမရေ... စိတ်ဝင်တစား ဆက်ဖတ်နေပါတယ်။ မေးတဲ့သူကလည်း မေးတတ်တယ်နော်။ ရှားပါး ပုံလေးတွေနဲ့ စာထဲက နတ်သမီးတွေရဲ့ စွမ်းအားကလည်း ထူးခြားပါပေ့။

ခင်မင်လေးစားလျှက်

Cameron said...

အမ...ကျူးပစ်နတ်သားလေးက ဗီးနပ်ရဲ့သားဆိုတာဟုတ်လား....။


ခင်မင်စွာဖြင့်
မိုးငွေ့

Moe Myint Tane said...

နောက်ထပ် အပိုင်းတွေကို ဆက်စောင့်နေပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Julian said...

လက်ခ်ျမီး ၊ ဗီးနပ်စ်နဲ့ တာရာ ကို ကိုယ်အခုတွေ့နေတယ် ဒါဘဲဒါဘဲ

ဂျူ

နွေဆူးလင်္ကာ said...

တရာနတ်သမီးတဲ့လား။

လင်းဒီပ said...

လက်ခ်ျမီးကို ကျွန်တော်လည်း ခုမှ သိတာ။
သူရဿတီကို ပညာနဲ့ ပတ်သက်ပြီး သိတယ် ။
ဗီးနပ်နတ်သမီးကိုယ်တိုင်ကော ချစ်တတ်ခဲ့ရဲ့လား..။

loverstar said...

မျှော်နေပါတယ်...ဆက်ရန်ကို..

ကိုရင်နော်ခင်လေးငယ် said...

နတ်သမီးတွေတိုင်းမှာ ရှိနေတတ်တဲ့...
အရာလေးတွေကို...
ဖတ်ရင်း ရင်ခုန်လာသလိုပဲ..

အပိုင်း (၄) အတွက် ကြိုပြီး ရင်ခုန်မိနေမိပေါ့..

emayarKhin said...

စိတ်ဝင်စားနေတယ်...
ကိုရီးကားလိုပဲ...
ဆန့်ငင်ဆန့်ငင်နဲ့......