ခရမ်းရောင်ဝတ်ရုံလွှာ

Tuesday, November 3, 2009




စိတ်ဒီရေသည် .. လရောင်အတက်အကျနှင့်သာဆိုင်သည်။

အထက်ပါ စာသားကို ငြင်းဆိုချင်ပါသည်။


အောက်ပါဝါကျများအား အငြင်းဝါကျ အဖြစ်ပြောင်းလဲပါ။
ပြောင်းလဲခြင်းသည် လွယ်ကူသော်လည်း ငြင်းဆို ခြင်းသည် တစ်ခါတစ်ရံတွင်ခက်ခဲတတ်သည်။ ခရမ်းရောင်ရင့်ရင့်ဆန်သောအိပ်မက်များနှင့် ဘယ်သူမှ မိုးလင်း ချင်ကြလိမ့်မည်မထင်။ (မှတ်ချက် - ဤနေရာတွင် ငြင်းဆန်ခြင်းအား ခရမ်းရောင်ဟု သတ်မှတ်ပါ။)

ဖွဖွညင်သာသော ခြေလှမ်းများကတော့ သိပါလိမ့်မည်။ ညို့မှိုင်းသောဝင်းတံခါးလေးနှင့်အတူ၊ မျှော်လင့်တတ်သော နှလုံးသားနှင့်အတူ၊ နာရီလက်တံတို့နှင့်အတူ၊ ကော်ဖီခွက်ထဲမှ တိတ်ဆိတ်မှုနှင့်အတူ သူမကို ငေးမျှော်စောင့်ဆိုင်းနေတတ်သော သက္ကရာဇ် တစ်ဆင်စာတို့သိလိမ့်မည်။
အထက်ပါစာသားများကို ငြင်းဆိုသည်။

ကြယ်ကြွေတွေကိုကောက်ကြရအောင် ....။နှင်း မြို့တော်ခရီးများ ရှည်လျားတွန့်လိမ်…။ ဓားကျိုးတစ်လက်၏ ရာဇ၀င်မှ ချရားနံ့များ…။ ထုံသင်း မွေးမြနေသော ဒဏ္ဍာရီဆန်ဆန်နေ့ရက်များ ။

အခက်အလက်များသည့် ကြယ်များ ကောင်းကင်အစိမ်းမှကြွေကျလာကြသည်။ နှင်းမြို့ရိုးတစ်လျှောက် ပန်းတွေမှောက်မှားနေပုံက ရနံ့တွေပင် ပျယ်လို့။ လာခြင်း ပြန်ခြင်း အောင်ပွဲခံခြင်း ..ရံှု့းနိမ့်ခြင်း အရာအားလုံးသည် ရာဇဝင်သံချပ်သံများနှင့် ရောယှက်နေသော အောင်ပွဲရ ဓားသွေးသံများနှင့် ရောထွေး ကျန်နေရစ်ခဲ့သည်။
အထက်ပါဝါကျများအား ငြင်းဆိုပေးပါ။

ကျန်နေရစ်ခဲ့သည်။ …. ကျန်နေရစ်ခဲ့သည်။ သောကစွန်းထင်သော ပန်းပွင့်သံတစ်စလို ကျန်နေရစ်ခဲ့သည်။.... အစွန်းအထင်းကင်းသော အဖြူရောင်များဖြင့် ကျန်နေရစ်ခဲ့သည်။ ကျိုးပဲ့ကြေမွသောစိတ် ဖြင့် ခါးသက်မှေးမှိန်စွာ ကျန်နေရစ်ခဲ့သည်။ ကျန်ရစ်ခဲ့ခြင်းသည် ငြင်းဆိုခံရခြင်းလည်း ဖြစ်နိုင်သလို ငြင်းပယ်ခြင်း၏ ရလဒ် တစ်ခုလည်း ဖြစ်နိုင်နေသေးသည်။

သောကြာကြယ်၏ အလင်းကတော့ပျောက်သွားခဲ့ပြီ။အိပ်ကပ်ထဲတွင် ငွေကြေး တစ်ပြားတစ်ချပ်မှမရှိသလို ..အိပ်ကပ်နောက်တွင်လည်း နှလုံးသားတစ်ခုရှိမနှေပါ။ အထက်ပါ ၀ါကျများကို ဒုတိယအကြိမ် ငြင်းဆိုပါသည်။

မင်နီကြက်ခြေခတ်များနှင့် ရဲနေသော အငြင်းဝါကျများသည် မှန်သည်။ အငြင်းမခံရသော နှလုံးသားတွင် ထပ်မံပျောက်ကျစရာ အလွမ်းအပိုမကျန်ရစ်ခဲ့ပါ။ ချစ်ခြင်းနှင့်သက်ဆိုင်နေသည်ဆိုသော အို အချင်း သောကြာကြယ် …. သင့်အား နံနက်ဦးတွင် ငါမမြင်လိုပြီ။ ငါ့အား ကျွမ်းကျင်စွာ ဆွံအ ထုံထိုင်းခွင့်ကိုပေးပါ။

အလင်းစက်များ ဖြန့်ကြဲ ပေါက်ရောက်ရာ တောင်ကုန်းမို့မို့လေးတစ်ခု ။ ခရမ်းရောင်နုရောင်ပန်း တစ်ပွင့် ။ တေးသံများ စတင်ကြားနာဖို့လိုအပ်နေခဲ့ပြီ ...။ မည်သူမှမရွေ့ခင် .. အရုဏ်ကဖြင့် ရွှေ့သွားခဲ့ပြီ။ အရုဏ်အရွေ့ထဲတွင် ဝေ့ကျလာသော နေခြည် အကျိုးအပဲ့စများက လှပစွာ နေရာယူထားကြသည်။ ဥသြငှက်တစ်ကောင်၏ နွေရာသီကိုမှ ခိုးဝှက်ထားသူများ . သူတို့မျက်ရည်စက်များခမ်းခြောက်နေမှုအတွက် မည်သူ့တွင်မှ တာဝန်မရှိခဲ့ပါ။ အလွမ်းမိုးများခေါင်သော အရပ်သည် အမှန်တကယ် နေထိုင်သင့်သော အရပ်ဖြစ်နေခဲ့ပါလျက်နှင့် …

ကြွေခဲလွန်းသော ခရမ်းရောင်ပန်းတစ်ပွင့်၏ အတ္ထုပ္ပတ္တိဆန်သော သမိုင်းသည် အလွမ်းဖြစ်သည်။ (အငြင်းဝါကျကိုပေးပါ ) နွေရာသီ နည်းနည်း စုံနံ့သာမြိုင်ရှာတော်ပုံနည်းနည်း နှင့် မထိတထိကျဲပြန့်နေသော နေရောင်များ တိတ်တဆိတ် လက်ဖြာလင်းအေးနေပုံက ရင်နင့်စရာ။ (ထပ်မံငြင်းဆိုပါဦး ) ရင်ထဲသို့ဖိတ်စင် လျှံကျလာသော မျက်ရည်တချို့အားဖြင့် နွေ၏ အပူသည် ငြိမ်းနိုင်ပါမည်လား။ (အဖြေပေးရန်မလိုအပ်တော့ပါ)။


ဖြစ်ရိုးဖြစ်စဉ်များအတွင်း အကောင်ပြမှ အရိပ်ထင်သော စိတ်သည် တစ်စစီ ကျိုးပဲ့ပြိုကျလာသည်။ ဖဿပစ္စယာဝေဒနာမျှသာ…။ ကြေးစည်သံများ စည်ဝေဆူပွက်သွားသည်။ တတိယအကြိမ် ငြင်းဆိုမည်။ အထက်ပါစကားလုံးများကို။

အနှုတ်နှင့် အနှုတ်တွေ့လျင် ရူပဗေဒ နိယာမအရ တွန်းကန်သည်။ သချာင်္ဗေဒအရ အပေါင်း ဖြစ်သွားသည်။ အငြင်းပေါ် အငြင်း ဆင့်လျင်ရော …။ မစဉ်းစားခြင်းနိယာမကို ဤနေရာတွင် မြုပ်နှံပစ်ခဲ့လိုက်သည်။မိမိစိတ်ကို ငြင်းဆန်သူတို့သည်သာ ရိုးသားကြသည်ဟု လိမ်ညာပြောဆိုခဲ့ဖူးသည်။ ဤမုသားဖြင့်သာ အရိုးထုတ်တော့မည်ဟု မိုက်မဲစွာ သံနိဌာန်ကိုချလိုက်မိချိန်တွင်…. အရာရာသည် နောက်ကျနေခဲ့ပြီ။

ညှို့မှိုင်း အှုံဆိုင်းနေသော ကောင်းကင်တစ်ခု ပြိုကျလာသည်။ ကောင်းကင်ကို ထမ်းပိုးတင်ထားသော စိတ်တို့ စည်ဝေ ဆူပွက်နေကြ၏။ လေးလံညွတ်တွဲနေသော အိပ်မက်များ၏လားရာသည် အပြာရင့်ရောင်သစ္စာတရားဆီ ..။ အခါခါ ရုန်းထွက် လွတ်မြောက်ချင်နေမိရင်း အခါခါတိုးဝင်ငြိတွယ်နေမိရင်း..။ အရောင်များစွန်းထင်းလာသော နံနက်ခင်းသည် တကယ်တော့ သစ္စာတရားတို့နှင့်သာ ပြာလွင်နေခဲ့သင့်သည်။

လေးကိုင်းမှ ရုန်းကန်ဆန်ထွက်လာသော မြားတစ်စင်းလို တွေးခေါ်နေစရာ အချိန်မလုံလောက်ခဲ့ပါ ...။ ရွေးချယ်ခွင့်မရခဲ့သော ကံစီမံရာ မြူနှင်းများအောက်တွင် တစ်သီးပုဂ္ဂလ အလင်းများမှိန်လျော့သွားခဲ့ပြီဖြစ်သည်။ နောက်ထပ် တစ်ခုခု ရွေးချယ်ခွင့်ရမယ်ဆိုရင်... နှုတ်ဆက်အနမ်း တစ်ခုကလွဲရင် ဘာပဲဖြစ်ဖြစ်လက်သင့်ခံချင်နေမိသည်။ သို့သော် ရွေးချယ်ခွင့်သည် နှုတ်ဆက်အနမ်းထက် တန်ဖိုးကြီးမားနေခဲ့ပြန်၏။

ငြင်းဆန်မှုများ ပြီးဆုံးသွားသည့်အခါ တမ်းတခြင်းဒီရေများ တရိပ်ရိပ်ထိုးတက်လာခဲ့သည်။ အထားအသိုလွဲမှား နေခဲ့သော မာနများနှင့် မတ်မတ်မော့ထားသော ဦးခေါင်းဆီ ဖြတ်ကျော်တက်မသွားခင်ကလေးး.... မှာကြားခဲ့ပါရစေ .... အချစ်နှင့်တကွ အရာအားလုံးကို ဘဝဆက်တိုင်း ငြင်းဆိုနိုင်သောကိုယ် ဖြစ်ရပါလို၏ ...။

မနော်ဟရီ၊ Zephyr


16 Comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ကျတော်သေချာဖတ်သွားခဲ့ပါတယ် ဒေါ်မနော်ဟရီ
ကျေးဇူးနော်

မယ့်ကိုး said...

ငြင်းဆန်မှူ
ကျိုးပဲ့ကြေမွနေသောစိတ်
နှုတ်ဆက်ခြင်း
ခရမ်းရောင်စိုစွတ် အိပ်မက်များ
အလွမ်းတွေ

ဒါဟာ ဘဝကို ဆက်ထားတဲ့
ကြိုးထုံးတွေလား။
သည်းမခံနိုင်တော့...။

ယောနက်သန် said...

လာဖတ်သွားပါတယ်။

Eaindra said...

ကျန်နေရစ်ခဲ့သည်။ …. ကျန်နေရစ်ခဲ့သည်။ သောကစွန်းထင်သော ပန်းပွင့်သံတစ်စလို ကျန်နေရစ်ခဲ့သည်။....
အစွန်းအထင်းကင်းသော အဖြူရောင်များဖြင့် ကျန်နေရစ်ခဲ့သည်။ ကျိုးပဲ့ကြေမွသောစိတ် ဖြင့် ခါးသက်မှေးမှိန်စွာ ကျန်နေရစ်ခဲ့သည်။
ကျန်ရစ်ခဲ့ခြင်းသည် ငြင်းဆိုခံရခြင်းလည်း ဖြစ်နိုင်သလို ငြင်းပယ်ခြင်း၏ ရလဒ် တစ်ခုလည်း ဖြစ်နိုင်နေသေးသည်။
(ကျန်ရစ်ခဲ့ခြင်းများ..ချန်ရစ်ခဲ့ခြင်းများနှင့်....တစ်စတစ်စ မူးနောက်ရီဝေလာစေသော တိမ်တိုက်တို့
ကိုယ့်တသီးပုဂ္ဂလကောင်းကင်ထက်က..ညနေကြယ် တစ်ပွင့်ရဲ့ အလင်းများပေါ် အုံ့ပျက်လာသော်..)
------------------------------
ဓားကျိုးတစ်လက်၏ ရာဇ၀င်မှ ချရားနံ့များ
( အနာတရ ဓါးတစ်လက်က..ထက်မြနေတဲ့ လက်ကျန်အသွားတွေကို ယုယုယယ သနေခဲ့ချိန်)
------------------------------
အခက်အလက်များသည့် ကြယ်များ ကောင်းကင်အစိမ်းမှကြွေကျလာကြသည်။
( ကြယ်.....ကြွေတယ်ဆိုတာ..အစိမ်းရောင် စူးရှလွန်းတဲ့ ဝေဒနာလား။ ........တစ်ခုခုပေါ့)
-------------------------------
နွေရာသီ နည်းနည်း စုံနံ့သာမြိုင်ရှာတော်ပုံနည်းနည်း နှင့် မထိတထိကျဲပြန့်နေသော နေရောင်များ တိတ်တဆိတ် လက်ဖြာလင်းအေးနေပုံက ရင်နင့်စရာ။
(အလင်းက အလွမ်းနဲ့ နည်းနည်းနွေးနေတယ်..)
---------------------------------
လေးကိုင်းမှ ရုန်းကန်ဆန်ထွက်လာသော မြားတစ်စင်းလို တွေးခေါ်နေစရာ အချိန်မလုံလောက်ခဲ့ပါ ...။ ရွေးချယ်ခွင့်မရခဲ့သော ကံစီမံရာ မြူနှင်းများအောက်တွင် တစ်သီးပုဂ္ဂလ အလင်းများမှိန်လျော့သွားခဲ့ပြီဖြစ်သည်။
(မြားတစ်စင်းရဲ့ရွေးချယ်ခွင့်ဟာ..ပစ်မှတ်တစ်ခုတည်းတဲ့..။ သူ့ဦးတည်ရာသူ..ဆောက်တည်ရာမရ...စွဲနစ်စူးစိုက်လို့)
---------------------------------
အချစ်နှင့်တကွ အရာအားလုံးကို ဘဝဆက်တိုင်း ငြင်းဆိုနိုင်သောကိုယ် ဖြစ်ရပါလို၏ ...။
(အချစ်ဟာ...ဘေးထွက်ဆိုးကျိုးများတဲ့ ဘ၀ရဲ့..မြိန်ရည်ယှက်ရည် ၀င်းမှည့်နေတဲ့ သွားရည်စာတစ်ခုပဲပေါ့..။)

Mogok Thar said...

ဖြစ်ရိုးဖြစ်စဉ်များအတွင်း အကောင်ပြမှ အရိပ်ထင်သော စိတ်သည် တစ်စစီ ကျိုးပဲ့ပြိုကျလာသည်။ ဖဿပစ္စယာဝေဒနာမျှသာ…။ ကြေးစည်သံများ စည်ဝေဆူပွက်သွားသည်။ တတိယအကြိမ် ငြင်းဆိုမည်။ အထက်ပါစကားလုံးများကို။

(ခရမ်းရောင်ဖြာနေသော အငြင်းဝါကျများသည် ကြေးစည်နှင့်အတူ ကခုန်တုန်ရင်နေကြပြီ။)

ငြင်းဆန်မှုများ ပြီးဆုံးသွားသည့်အခါ တမ်းတခြင်းဒီရေများ တရိပ်ရိပ်ထိုးတက်လာခဲ့သည်။ အထားအသိုလွဲမှား နေခဲ့သော မာနများနှင့် မတ်မတ်မော့ထားသော ဦးခေါင်းဆီ ဖြတ်ကျော်တက်မသွားခင်ကလေးး.... မှာကြားခဲ့ပါရစေ .... အချစ်နှင့်တကွ အရာအားလုံးကို ဘဝဆက်တိုင်း ငြင်းဆိုနိုင်သောကိုယ် ဖြစ်ရပါလို၏ ...။

(ခရမ်းရောင်ဖြာနေသော အငြင်းဝါကျများသည် ရုပ်နာမ်တရားများ၏ ဖြစ်တည်ပျက်မှုကို ရှုမှတ်နေကြလေတော့သည်)



ချစ်ခင်လေးစားစွာဖြင့်

WWKM said...

မီးသေခြာဖတ်သွားပါတယ်... ဒါပေမယ့် ဝေဖန်ပေးနိုင်လောက်အောင် မီးက ဥာဏ်မမှီဘူးကွယ်.း(
ကိုယ့်ကိုယ်ကိုယ်တောင် သနားလာပြီ.. အဲလို လေးလေး
နက်နက်ကြီးတွေ တွေးနိုင်ရေးနိုင်ရသလား.. တော်ထှာ

အချစ်နှင့်တကွ အရာအားလုံးကို ဘဝဆက်တိုင်း ငြင်းဆိုနိုင်သောကိုယ် ဖြစ်ရပါလို၏ ...။

အဲဒါလေးတော့ စွဲသွားတယ်.း)

ဝါ

Anonymous said...

ဥသြငှက်တစ်ကောင်၏ နွေရာသီကိုမှ ခိုးဝှက်ထားသူများ . သူတို့မျက်ရည်စက်များခမ်းခြောက်နေမှုအတွက် မည်သူ့တွင်မှ တာဝန်မရှိခဲ့ပါ။ အလွမ်းမိုးများခေါင်သော အရပ်သည် အမှန်တကယ် နေထိုင်သင့်သော အရပ်ဖြစ်နေခဲ့ပါလျက်နှင့် …

ဒဏ္ဍာရီ said...

"ကြွေခဲလွန်းသော ခရမ်းရောင်ပန်းတစ်ပွင့်၏ အတ္ထုပ္ပတ္တိဆန်သော သမိုင်းသည် အလွမ်းဖြစ်သည်" ဆိုတဲ့ စာသားလေးကို ကြိုက်တယ် မမ။
မမပြောတဲ့ ရူမဗေဒနဲ့ သချာင်္ဗေဒအရ စဉ်းစားပုံလေးကိုလည်း နှစ်သက်တယ်။
လွဲမှားတဲ့ မာနတွေနဲ့ တခါတလေမှာလည်း ချောင်ထိုးထားတဲ့ မာနတွေက များနေတတ်တယ် မမရယ်။

ခင်မင်လေးစားလျှက်

အိုင်လွယ်ပန် said...

ငြင်းဆန်မှုများ ပြီးဆုံးသွားသည့်အခါ တမ်းတခြင်းဒီရေများ တရိပ်ရိပ်ထိုးတက်လာခဲ့သည် ...

စိတ်ဒီရေသည် .. လရောင်အတက်အကျနှင့်သာဆိုင်သည်။
အထက်ပါ စာသားကို ငြင်းဆိုချင်ပါသည် ...

ဖြစ်နိုင်မည် ဆိုပါက
ဘဝဆက်တိုင်း နှစ်နှစ်ကာကာ ငြင်းဆိုချင်ပါသည် ..။။

လင်းဒီပ said...

ငြင်းဆိုပါသည် ငြင်းပယ်ပါသည်..မအောင်မြင်ပါ...
ငြင်းဆိုခြင်း ငြင်းပယ်ခြင်းကြောင့် ဖြစ်လာသည့် ရလာဒ်များသည် ပိုဆိုးသောကြောင့် အငြင်းကိုသာ ငြင်းဆိုလိုက်မိ ပါသည်..။

phoethutaw said...

ကိုရဲ ရေးတဲ့ပုံစံမျိုးနဲ့ ဆင်တယ်နော်.. သေချာတော့မသိပါဘူး :p

emayarKhin said...

ငြင်းဆန်မှုများ ပြီးဆုံးသွားသည့်အခါ တမ်းတခြင်းဒီရေများ တရိပ်ရိပ်ထိုးတက်လာခဲ့သည်။ အထားအသိုလွဲမှား နေခဲ့သော မာနများနှင့် မတ်မတ်မော့ထားသော ဦးခေါင်းဆီ ဖြတ်ကျော်တက်မသွားခင်ကလေးး.... မှာကြားခဲ့ပါရစေ .... အချစ်နှင့်တကွ အရာအားလုံးကို ဘဝဆက်တိုင်း ငြင်းဆိုနိုင်သောကိုယ် ဖြစ်ရပါလို၏ ...။

ဘဝဆက်တိုင်းဆက်တိုင်းကိုငြင်းဆိုနိုင်ချင်ပါတယ်...

နွေးနွေးသဲမွန် said...

အထားအသိုလွဲမှား နေခဲ့သော မာနများနှင့် မတ်မတ်မော့ထားသော ဦးခေါင်းဆီ ဖြတ်ကျော်တက်မသွားခင်ကလေးး.... မှာကြားခဲ့ပါရစေ .... အချစ်နှင့်တကွ အရာအားလုံးကို ဘဝဆက်တိုင်း ငြင်းဆိုနိုင်သောကိုယ် ဖြစ်ရပါလို၏ ...။<--- သတိရမိသည့် ခေတ္တခဏများအားလုံးကိုပါငြင်းဆိုနိုင်ချင်ပါသည်...

လေးစားလျှက်

ညီမငယ်

tg.nwai said...

အက်ဆေးလေး လာဖတ်သွားပါတယ် မနော်..

အလွမ်းမိုးများခေါင်သော အရပ်သည် အမှန်တကယ် နေထိုင်သင့်သော အရပ်ဖြစ်နေခဲ့ပါလျက်နှင့် …

ရွေးချယ်ခွင့်မရခဲ့သော ကံစီမံရာ မြူနှင်းများအောက်တွင် တစ်သီးပုဂ္ဂလ အလင်းများမှိန်လျော့သွားခဲ့ပြီဖြစ်သည်...

အထားအသိုလွဲမှား နေခဲ့သော မာနများနှင့် မတ်မတ်မော့ထားသော ဦးခေါင်းဆီ ဖြတ်ကျော်တက်မသွားခင်ကလေးး.... မှာကြားခဲ့ပါရစေ .... အချစ်နှင့်တကွ အရာအားလုံးကို ဘဝဆက်တိုင်း ငြင်းဆိုနိုင်သောကိုယ် ဖြစ်ရပါလို၏ ...။

လှလိုက်တာ...ခရမ်းရောင်ဝတ်ရုံလွှာလေးက..

Lilas Conuts said...

Hello from Nouméa
Lovely header, sorry couldn't read
the ¤

ဇော် said...

အယ် ..
ခေါင်းစဉ်ရွေးပုံချင်းလာတူနေတယ် ..
ကျနော်က ဒီခေါင်းစဉ်ကို ကြည့်ပြီး စဉ်းစားမိတာမဟုတ်ပါဘူးဗျာ ..
ကျနော်အခုဖတ်နေတဲ့ The Color of Purple ဆိုတဲ့ ခေါင်းစဉ်ကို နှစ်သက်မိလို့ ခရမ်းရောင်လို့ ပေးဖြစ်ခဲ့တာပါ ..
ဆောရီးပါဗျာ ..