ပန်းလှေလမ်းခွဲ

Wednesday, February 18, 2009

ဒါ..ပန်းလှေလမ်းခွဲရဲ့ ..နောက်ဆုံးပို့စ်ပါ

လကွယ်ည
ကံ့ကော်တန်းမှာ၊ဆုံလာခဧ
ပျော်ခဲ့ကြသည်၊မရည်ရွယ်ပဲ
ရင်ထဲစွဲနစ်၊ခင်မင်ဖြစ်ကြ
တဒင်္ဂပင်၊စွဲမှတ်ထင်လည်း
အမြဲတမ်းတ၊သတိရစွာ
ဝေးကွာခြင်းကိုအနိုင်ယူစို့ ။

ဖြူစင်လက်တွဲ၊ခွဲမထွက်ရက်
နှုတ်ဆက်လက်ပြ၊လမ်းခွဲရချိန်
မတည်ငြိမ်စိတ်၊အရိပ်လိုလှန့်
ရပ်တံ့အပြုံး၊နှလုံးပွက်ဆူ
ဘယ်သူကူမလဲ၊သူတို့လည်းလေ
လွမ်းနေမှာလား၊ယုံစားချင်တယ်။

ကံ့ကော်အိပ်မက်၊မက်ခဲ့အတူ
ကြည်ဖြူနေ့များ၊ချန်မထားရက်
လှမ်းထွက်ခြေလှမ်း၊ယောင်ရမ်းနောက်လှည့်
ပြန်ခဲ့လိုက်ချင်၊ရင်ခွင်အေးစက်
အသက်မဲ့စွာ၊လှမ်းခဲ့ပါပြီ
အသိဘ၀ပင်လယ်..ဆီ။

ရာသီလှိုင်းကြမ်း၊စခန်းဘယ်မှာ
သူ..ငါ..ဦးတည်၊ရည်ရွယ်ထားရာ
မတူပါလည်း၊စေညွှန်ရာလမ်း
ကြိုးစားလှမ်းရင်း၊ရင်တွင်းတမ်းတ
သတိရနော်၊အတိတ်ပေါ်က
ပျော်ခဲ့ကြသည့်၊တက္ကသီလာ
မြကျွန်းသာ…ကို..။

ခေါင်းလောင်းသံချို
ရင်မှာငိုချင်
မကြာခင်ပဲ……….။ ။
မနော်ဟရီ


အမေ့မွေးနေ့

မာရသွန်ညများစွာကိုကျော်ဖြတ်
မရပ်မနားသွားနေခဲ့
ကြယ်တာရာများ..ရဲ့..အမေ.။

ရာဇ၀င်များစွာကိုထုဆစ်
ခေတ်များစွာကိုကျော်လွှားလာခဲ့
ခြင်္သေ့..တွေရဲ့..အမေ..။

ကျောက်အုတ်များစွာတည်ဖြစ်
ကဏ္ဍသစ်များစွာဖြစ်စေနိုင်ခဲ့
အုတ်ချပ်..များစွာတို့ရဲ့..အမေ..။

ပန်းများစွာကိုမွှေးပျံ့စေရင်း
ဥယျာဉ်ပန်းခင်းများစွာဖြစ်စေခဲ့
ပန်းများစွာတို့ရဲ့ ..အမေ..။

အိပ်မက်များစွာကိုပေးအပ်
အကန့်အသတ်မဲ့ပျော်ရွှင်စေခဲ့
သက္ကရာဇ်ခြေရာတို့ရဲ့အမေ..။

လှိုင်းကြမ်းညများစွာကိုတင်းခံ
မာန်..ဆိုတာကိုပေးဝေခဲ့
ခရမ်းပြာ..တို့ရဲ့..အမေ..။

ယုံကြည်မှုတွေအပ်နှင်း
ရဲရင့်ခြင်းတွေပေးဝေ
သူရဲကောင်း..တို့ရဲ့..အမေ..။

အမေ..
အမေ..
အမေ..
မြင်နေရလား
ဟိုရှေ့နားမှာ
တရွေ့ရွေ့လာနေတဲ့အချိန်
စိန်ရတု..တဲ့
ထုဆစ်ခဲ့မှုသရုပ်
ဖန်တီးထုတ်လုပ်မရ
ဒီဇင်ဘာ (၁)ရက်
၁၉၉၅ခုနှစ်
အဲဒါ..
အမေ့ရာပြည့်အကြိုမွေးနေ့
စိန်ရတုနေ့လေ.။ ။
မနော်ဟရီ
(၁၉၉၅ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း)


ပန်းလှေစစ်ပွဲ

ရုန်းထွက်လွတ်မြောက်ဖို့မဖြစ်နိုင်တဲ့
တဒင်္ဂလမ်းခွဲ
ထာဝရတည်မြဲသွားတော့မလား။

နစ်မျောသွားခဲ့တဲ့
တက္ကသိုလ်ရဲ့အိပ်မက်ရှည်ထဲ
မူးယစ်ပျော်ဝင်နေဆဲ
မတည်မြဲတဲ့တရား
နာကြားလိုက်ရချိန်မှာ
မယုံကြည်နိုင်စွာ
ခေါင်းခါရင်းငြင်းဆို
အချိန်တွေကိုမုန်းတီး
တားဆီးရပ်တံ့ထားချင်တယ်။

အဲဒီလိုနဲ့
ကုန်ဆုံးခဲ့တဲ့အချိန်တွေနဲ့စစ်ခင်း
စစ်တလင်းမှာ
အခါခါ..ကျရှုံးနေခဲ့ပါတယ်။
မနော်ဟရီ

စကားသ၀ဏ်
ပန်းလှေလမ်းခွဲကဗျာစာအုပ်ထုတ်ဖြစ်ရန်အတွက်
အင်တိုက်အားတိုက်ကူညီပေးခဲ့ကြသော
ရာစုသစ်မြစ်ကျဉ်း ကဗျာအုပ်စုနှင့်
ဒီဇိုင်းကိုယ်မောင်မြင့်တို့အား
မှတ်မှတ်ရရကျေးဇူးတင်………..
မနော်ဟရီ


13 Comments:

အိုင်လွယ်ပန် said...

ထပ်လာဖတ်သွားတယ်အစ်မ ...
လကွယ်ညကို
တော်တော်ကြိုက်တယ် ....
ချမ်းမြေ့ပါစေအစ်မရေ ......

မောင်bee said...

အမေ့မွေးနေ့လေးကြိုက်တယ် အမ။

Moe Myint Tane said...

အမရေ ပန်းလှေလမ်းခွဲကဗျာတွေကို အားပါးတရဖတ်သွားပါတယ် အမရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Sein Lyan Tun said...

မနော်ရဲ့ ကဗျာတွေအကြောင်း ကိုတီချယ်မီးမီးက ပြောပြလေ့ရှိတယ်..
တီချယ်မို့ ..
တီချယ်မီးမီး..
တီချယ်ဆွေ..
တို့ က ကျွန်တော်တို့အားလုံးအရမ်းချစ်တဲ့ဆရာမတွေပါ..
ကျွန်တော်ပိုစ်ရေးရင်သူတို့ အကြောင်းလေးတွေပါမှာပါ..

လင်း said...

လကွယ်ညကိုကြိုက်ပါသည်။

လင်းဒီပ said...

မြင်နေရလား
ဟိုရှေ့နားမှာ
တရွေ့ရွေ့လာနေတဲ့အချိန်
စိန်ရတု..တဲ့
ထုဆစ်ခဲ့မှုသရုပ်
ဖန်တီးထုတ်လုပ်မရ
ဒီဇင်ဘာ (၁)ရက်
၁၉၉၅ခုနှစ်
အဲဒါ..
အမေ့ရာပြည့်အကြိုမွေးနေ့
စိန်ရတုနေ့လေ.။ ။

အဲဒီအမေကို အဝေးကနေ ခဏခဏ ငေးကြည့်ခဲ့ဖူးတာ..

kay said...

၉၄ နှစ်လည် စာအုပ်မှာလည်း မနော် တပုဒ်ပါတယ်။ ကျမလက်ထဲမှာ စာအုပ်ရှိတယ်..ယူမလား။ ပြန်ရောင်းမယ်။

နှင်းပွင့်ဖြူ said...

ကဗျာလဖတ်သွားတယ်အစ်မ
အပေါ်ကပြောသွားသလိုပဲ လကွယ်ညလေးကို ပိုနှစ်သက်မိတယ်.

Phyo Evergreen said...

ပန်းလှေစစ်ပွဲဆိုတဲ့ကဗျာလေးကြိုက်တယ်....။ နေမတောင်းဘူးလား....။

emayarKhin said...

မရဲ့ကဗျာတွေကို...အေးအေးဆေးဆေးလာဖတ်တယ်
လကွယ်ညကိုတော်တော်ကြိုက်တယ်...မရေ...
ပျော်ရွှင်ပါစေ။

Kaung Kin Ko said...

အမေ့မွေးနေ့ ကို အကြိုက်ဆုံးပဲ။

NLS said...

အဲဒီ ပန်းလှေလမ်းခွဲဆိုတဲ့ စာအုပ်ကို မဖတ်ဖူးပေမယ့် အဲဒီနာမည်လေးကို ကမ်းခြေမြို့တော်သူ စာအုပ်ထဲမှာ ဖတ်ဖူးကတည်းက ကြိုက်နေတာ။ အမရွေးတတ်လိုက်တာလို့။ လှလွန်းလို့။

Anonymous said...

မေခရေ

ပန်းလှေလမ်းခွဲဖတ်ရင် ငါ ကျောင်းကြီးကိုပြန်ပြန်လွမ်းလာတတ်တယ်
ရှင့်လောက်ကျောင်းကြီးပေါ်မတွယ်တာတတ်ခဲ့ပေမယ့်
ဒီကဗျာတွေဖတ်တိုင်း အဲဒီအချိန်တွေပြန်လွမ်းခဲ့တယ်
ဒီကဗျာတွေဖတ်တိုင်း ကဗျာစာအုပ်ရှည်မျောမျောလေးတွေကိုပြန်သတိရတယ်
ဒီကဗျာတွေဖတ်တိုင်း ကဗျာစာအုပ်အတင်းလာရောင်းတတ်တဲ့ရှင့်ကိုသတိရတယ်
ဒီကဗျာတွေဖတ်တိုင်း ကျောင်းတော်ကြီးရဲ့သားသမီးတွေ ခံစားချက်တွေကို ရေးချဖွင့်ချပြနိုင်ခဲ့တဲ့ အချိန်တွေကိုလွမ်းတယ်
အခု ကလေးတွေ ဒီလိုအခွင့်တွေ ရနိုင်ပါရဲ့လား
ကျောင်းကြီးထဲကိုဝင်လိုက်ရင် အမေတစ်ယောက်ရဲ့နွေးထွေးမှုကို ရသလိုခံစားနိုင်ကြပါတော့မလားမသိ ..........
ဘယ်လိုပြောပြော နောက်ဆုံးတော့ ..................
အချိန်ဆိုတာ လွမ်းဘို့ဖြစ်လာသလား..............


ဂျူ