ပန်းလှေလမ်းခွဲ

Wednesday, February 18, 2009

ပန်းလှေလမ်းခွဲ ၎
ဖွင့်ဟတုန်ခါနေကြတဲ့
နှုတ်ခမ်းပါးတစ်စုံ
ရင်ခုန်နေခဲ့ပါတယ်။
ဘယ်သောအခါမှမခွဲကြဘူးလို့
ရည်စူးမထားခဲ့ကြပေမယ့်လည်း
ခွဲခွာဖို့အရေးလည်း
ကြိုမှတွေးမထားပဲ..
ရင်ထဲမှာ
ကြေကွဲစွာ
သံစဉ်တည်မရတဲ့ဂီတတို့ပေါက်ကွဲ
တုန်ခါ
ဘယာနကတွေနဲ့စစ်ခင်း
သိင်္ဂါရမြစ်တစ်စင်းကို တမ်းတ
အိပ်မက်လှလှဆက်မက်ချင်နေတယ်။

ချစ်သူတို့ရယ်
ဘယ်လိုအင်အားတွေကများ
ငါတို့တွေကိုဝေးသွားစေနိုင်မလဲ
ဘယ်လောက်ပဲဝေးကွာ၊ဝေးကွာ
နီးစပ်နေကြမှာ
ငါတို့ရဲ့ဖြူစင်ဝိညာဉ်
သံယောဇဉ်တွေပဲမဟုတ်လား။

စေလိုက်ကြမလား
ဂျပ်ဆင်လမ်းကြားကပြေးထွက်လာမယ့်
တစ်ရံတစ်ခါဆီက ငါတို့ရဲ့ရယ်မောသံတွေ
“အဓိပတိ ”မြေကိုကျော်
“ စစ်ကိုင်းလမ်း”ပေါ်ဖြတ်
“ ပုဂံလမ်း”ထိမရပ်တန့်
“ သထုံလမ်း”ထိခရီးဆန့်
အမြဲတည်တံ့နေလိမ့်မယ်။

ဖျောက်ဖျက်မရ၊ပြုပြင်မရ
တဒင်္ဂပေမယ့်လည်း
ထာဝရတည်မြဲလှပနေ
ငယ်အိပ်မက်တွေကိုတမ်းတ
သတိရလိုက်တိုင်းသက်ဝင်
ရင်ခွင်ငြိမ်းချမ်းသွားကြပါစေလေ။ ။
မနော်ဟရီ


ပန်းလှေလမ်းခွဲ ၅
“ ဝေးကွာခြင်းက
တို့အတွင်းထဲမှာ.. ”တဲ့
ကိုနေ၀င်းရဲ့သီချင်းတစ်ပုဒ်နားထောင်ရင်း
ပြိုဆင်းလာတဲ့နာကျင်ခြင်းတွေကို
အားတင်းမောင်းထုတ်နေရတယ်။

ခဏခဏမှားယွင်းနေတဲ့
လက်ကွက်တွေကိုဖိကိုင်တီးခတ်ရင်း
“ တချို့တွေ
နေနိုင်လွန်းတယ်”လို့ဆိုညည်းလျက်
“နောက်ဆုံးအိပ်မက် ”တစ်ခု
အဖော်ပြုနေရတယ်။

ရင်ခုန်သံအိပ်မက်ရှည်ထဲ
စွဲနစ်မျောပါ
တကယ်ထင်လာခဲ့မိတာ
မိုးသောက်တော့မယ့်အချိန်
ကျိန်တွယ်ပြောရဲပါတယ်
ငါ..ပြင်းထန်စွာတုန်လှုပ်မိ
သတိမပြုလိုက်မိခင်မှာပဲ
ဒါဏ်ရာတွေနဲ့ပြည့်နှက်
ထွက်သက်ကိုစောင့်စားနေခဲ့ရပြီ။

မတားကြပါနဲ့နော်
အပျော်ဆိုတာတွေဆိတ်သုဉ်း
ပျောက်ဆုံးတော့မယ့်
“ ကံ့ကော်အိပ်မက်”ရဲ့အဆုံးနား
မိုးသောက်မသွားခင်လေး
သွေးအေးအောင်ကုစားနေမိတာ။

ယုံကြည်မှုတွေနဲ့ကုစား
ဝေးကွာသွားခဲ့ကြလည်း
သတိရမြဲသတိရ
ခိုင်မြဲမြဲ ခိုင်မြဲ
တွဲလက်တွေမဖြုတ်စတမ်း
လက်တစ်ကမ်းမှာ
ငါတို့ပြန်ဆုံကြမယ်လို့မျှော်လင့်
ပင့်သက်သံကိုယ်စား
သံစဉ်များစွာဖန်တီး
(လက်ရှိတဒင်္ဂကို)
မေ့ပျောက်ပြီးနေချင်တယ်။ ။
မနော်ဟရီ


ပန်းလှေလမ်းခွဲ ၆

အနာဂါတ်သန္ဓေလောင်းဟာ
ငါတို့ခွဲခွာရမယ့်အကြောင်း
အပ်ကြောင်းထပ်လှမ်းပြောနေတယ်။

သူမွေးဖွားလာတဲ့ခါ
ငါတို့ဟာ
တစ်နေရာစီ
သံစဉ်မညီနိုင်တော့တဲ့ဂီတတွေနဲ့
ကြေကွဲနေကြရမယ်တဲ့
ခြိမ်းခြောက်သေးတယ်။

မနီးမဝေးက
ရှုပ်ထွေးလှတဲ့မြစ်လက်တက်များစွာ
အဲဒါ..ငါတို့လမ်းခွဲပါတဲ့
လှောင်ရယ်နေခဲ့တယ်။

ပျက်ကြွေသွားတဲ့
ငါတို့ရဲ့နုပျိုခြင်းနဲ့
ကံ့ကော်နာရီတွေဟာ
အနာဂါတ်သန္ဓေသားအတွက်
အသက်..ဆိုပဲ
ခပ်ရဲရဲစားသုံးနေတယ်။

သူငယ်ချင်းတို့ရေ
စိမ်ခေါ်နေခဲ့ပြီ
ဘယ်လိုယုံကြည်ချက်တွေနဲ့
ငါတို့အနိုင်ယူခဲ့ကြမလဲ
တည်မြဲသေချာတဲ့လမ်းကတော့
ငါတို့ကိုစောင့်နေခဲ့
မငိုတတ်ဖို့ပဲလိုပါတယ်
ဘယ်သောအခါမှ
မရှုံးကြသလိုမျိုးပေါ့….။ ။
မနော်ဟရီ


ပန်းလှေလမ်းခွဲ ၇

တိတ်ဆိတ်ခြင်းဖြင့်
ပယ်ငြင်းမရ၊တဒင်္ဂလေ
ပန်းလှေလမ်းခွဲ၊တည်မြဲနိဂုံး
အဆုံးသတ်ချိန်၊ကျိန်တွယ်ဆိုရဲ
ဆိုခဲမြဲစေ၊ငါလွမ်းနေမယ်။ ။
မနော်ဟရီ


ပန်းလှေလမ်းခွဲ ၈

တည်ဆောက်နေဆဲအိပ်မက်တွေမှ
စိတ်တိုင်းကျမလှပနိုင်ခင်
ပြင်ဆင်ထားခဲ့သမျှဆုံးရှုံး
အပြုံးတွေဝေးလွင့်ပျောက်ကွယ်
မိုးသောက်တော့မယ်လေ..
ကြယ်တွေညီလာခံပြီးဆုံး
အဝေးဆုံးအရပ်တွေဆီ
ဦးတည်လမ်းခွဲထွက်ခွာကြရ
နောက်တစ်ညဆိုတာ
လှပတဲ့အိပ်မက်တွေ
မက်နိုင်ခြေရှိသေးတယ်လို့
ဘယ်သူကအာမခံနိုင်မှာ မို့လဲ…။

ယုံကြည်လို့မရတဲ့နံနက်ခင်း
အလင်းသစ်တွေကိုစိုးရွံ့ 
ဆွံ့အ သွားတော့မယ့်အိပ်မက်
ပြိုပျက်သွားတာနဲ့အတူတူပါပဲ။
လမ်းခွဲမှာခြေစုံရပ်
ပြတ်သားတတ်မှုတွေပျောက်ဆုံး
အတွေဝေဆုံးအတွေးတွေနဲ့
လေးဖင့်နေခဲ့တဲ့ခြေလှမ်း
ပင်ပန်းနွမ်းနယ်နေခဲ့ပြီ။

ဒါပေမယ့်လေ
ရာသီလှံတံတွေကြားဖြတ်သန်းရင်း
စခန်သင့်
ပြန်ဆုံခွင့်ရကြမယ့်
အနာဂါတ်ရဲ့ညတစ်ည
တောင့်တမျှော်လင့်ကြမယ်နော်..။ ။
မနော်ဟရီ


ပန်းလှေလမ်းခွဲ ၉
ကံ့ကော်အိပ်စက်၊အဆိပ်တက်ည
တ ,သမူးရီ၊ယုံကြည်ရည်စူး
ထူးကဲအသိ၊ခံစားထိသိ
အသိတရား၊ပိုင်းခြားထားလျက်
သတိလက်လွတ်၊တမ်းမွတ်ရှိုက်ငို
အိပ်မက်ပြိုနေ၊နေခြည်ဝင်ရောက်
မိုးသောက်တော့မယ်။

ကံ့ကော်နိုးထ၊နေ့သစ်စပြီ
ယုံကြည်မရ၊တိမ်တစ်စလို
နှစ်လိုအိပ်မက်၊အိပ်စက်နေချင်
ဆိုချင်မလား
“ အတ္တစားသောက်၊တစ်ယောက်သူရူး”
လွန်ကြူးဆိုဆို၊မညိုပဲငို
တိမ်တိုက်ပြိုပြီ၊မှုန်ရီနံနက်
မိုးဖျက်တော့မယ်။

ကံ့ကော်နွမ်းလျက်၊မိုးစက်ထိစို
ငါ..ငိုနေတယ်၊ကယ်တင်လှည့်ပါ
ခါ ခါမြည်ဆို၊မနှစ်လိုဘူး
အရူးလိုပဲ၊လှမ်းဆဲခြေလှမ်း
စစ်ကိုင်းလမ်းထက်၊ရှေ့ဆက်မရ
နွမ်းလျရီဝေ၊မှုန်ဝေအကြည့်
သိသိဝေးကွာ..။

နေရာဒေသ၊ခွဲခွာကြလည်း
သိမ်ဆည်းရင်ခုန်၊ရသစုံညီ
သီလာမြကျွန်း၊ကွန်းခိုခဲ့ရာ
ဒီကမ္ဘာကို..
ဝှက်သိုသိမ်းဆည်း၊ရင်ထဲနွမ်းလျ
တမ်းတညမှာ၊တာရာစုံညီ
ယုံကြည်အိပ်မက်၊ဟန်ဆောင်မက်ရင်း
ရင်တွင်းဖြေသိမ့်ကြမယ်လေ။ ။
မနော်ဟရီ


7 Comments:

Kaung Kin Ko said...

ကဗျာလေးတွေ လာဖတ်သွားပါတယ်။ လမ်းခွဲရမယ့်သူတွေသာ ဖတ်ရင် မျက်ရည်ကျမှာ အသေအချာပဲ။

Anonymous said...

စိတ်မခိုင်လို့  အဆုံးထိ မဖတ်သွားဘူး အံတီ။
အားပေးလျက်ပါ။

ဆောင်းယွန်းလ said...

ကောင်းလိုက်တဲ့ကဗျာတွေဗျာ...အားလုံးကိုနှစ်သက်ပါတယ်..

ယုံကြည်မှုတွေနဲ့ကုစား
ဝေးကွာသွားခဲ့ကြလည်း
သတိရမြဲသတိရ
ခိုင်မြဲမြဲ ခိုင်မြဲ
တွဲလက်တွေမဖြုတ်စတမ်း
လက်တစ်ကမ်းမှာ
ငါတို့ပြန်ဆုံကြမယ်လို့မျှော်လင့်
ပင့်သက်သံကိုယ်စား
သံစဉ်များစွာဖန်တီး
(လက်ရှိတဒင်္ဂကို)
မေ့ပျောက်ပြီးနေချင်တယ်။ ငယ်နူစဉ်ကခံစားချက်တွေလားလို့ မေးပြန်ရင်လည်း အခုအသက်ကြီးနေပြီလို့ဆိုလိုတယ်ဆိုပြီး လာရန်တွေ့မှာကိုလည်း စိုးထိတ်မိပါရဲ့မနော်ရေ...

စိုင်းစိုင်းလားရှိုး said...

ယုံကြည်အိမ်မက် ဟန်ဆောင်မက်မယ်တဲ့ ကောင်းတယ်ဗျာ

Anonymous said...

လာဖတ်သွားပီမနော်ရေ
ဖတ်ရင်းနဲ့ တောင် ငိုချင်တယ်
း((
လူကို အဲလိုလုပ်ရဘူး
စိတ်မခိုင်တဲ့သူကို
ငိုရင်ချော့ရမှာနော်

ဖတ်ရင်းနဲ့ မတတ်ခဲ့ဖူးတဲ့ အမတို့  ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို မြင်ယောင်ခံစားသွားပါတယ်......

လင်းဒီပ said...

ပန်းလှေလမ်းခွဲ (၇)နှင့်(၉)လေးလုံးစပ်လေးနှစ်ပုဒ်က အားပါလိုက်တာ...

ကျော်ဦး said...

အားပေးလျှက်ပါ ဆ၇ာမ မနော်ဟ၇ီ