အလွမ်းဖျား

Tuesday, January 20, 2009

ခုတလော..(နေမကောင်းခင်တည်းကပါ)စိတ်ထဲကရွတ်နေဖြစ်တဲ့ကဗျာလေးတစ်ပုဒ်ရှိတယ်
အဲဒါသူငယ်ချင်းစမ်းသီတာရေးတဲ့ကဗျာပဲ..အလွမ်းဖျား..တဲ့..အဲဒီကဗျာကိုသူ ၁၉၉၃မတိုင်
ခင်လောက်တည်းကရေးခဲ့တာပါ။မဂ္ဂဇင်းမှာလည်းပါတယ်။သူ့ကဗျာစာအုပ်လေး..(မိုးချိုသင်းက
ပုံဆွဲ၊သူကကဗျာရေးတဲ့စာအုပ်လေး)မှာလည်းပါတယ်။ခုကျွန်မတို့သုံးယောက်ပေါင်းထုတ်တဲ့
မြစ်ကျဉ်းသုံးခု မှာလည်းပါတယ်။
ဖတ်ကြည့်ပါဦး..။ဆားချက်တာတော့မဟုတ်ပါဘူး။တကယ့်ကိုစိတ်ထဲရှိနေတဲ့ကဗျာလေးမို့တင်
ပေးတာပါ။စာတွေလည်းအများကြီးရေးချင်နေလျက်နဲ့မရေးနိုင်သေးဘူး...ရေးဖြစ်တော့မယ်လို့
တော့ထင်ပါတယ်။

အလွမ်းဖျား

အလွမ်းဖျား
တအားခံခက်
အသက်မဲ့စွာနေလို
ရင်ကိုနှဲ့သလား
ဝေးသွားခြင်းဒါဏ်
နှလုံးသားကိုမှန်တယ်။
ရံဖန်ရံခါ
တမ်းတသံကိုယ်စား
နက်ရှိုင်းသွားတဲ့
ပင့်သက်များစွာ
သူ့အနားမှာကျန်နေချင်တယ်။
ပျားရည်တို့ခါးသက်သွား
ချိုသာတဲ့စကားများလည်း
နားဝင်မခံသာ
သူ့အသံမဟုတ်တော့။
ဖျော့တော့တော့
နှုတ်ခမ်းပေါ်ကအပြုံး
သူနဲ့ခွဲခွာတုန်းကတည်းက
ခန္ဓာကိုယ်ထဲပုန်းစေခဲ့တယ်။
နှင်းဆီပွင့်တွေရဲ့
ပျံ့သင်းတဲ့ရနံ့
ရှိုက်သွင်းမရပြန်ဘူး။
လွင့်မျောသော
လွမ်းမောခြင်းများ
ဆီးနှင်းလို
ရင်ကို
ပြင်းစွာရိုက်တယ်။
ခပ်စိပ်စိပ်လှမ်းလာတဲ့
(သူ့ကို)တမ်းတတဲ့စိတ်ဟာ
ဆိတ်ငြိမ်တဲ့ဆောင်းညမှာလို
စိတ္တဇဆန်နေလိုက်တာ။
လေထဲမှာပျံ့လွင့်လို့
သူ့စကားတချို့
သူ့အကြည့်တချို့
သူ့ပုံရိပ်တို့ဟာ
(သူနဲ့)
ဝေးကွာနေချိန်မှာ
အကြိမ်ကြိမ်နှိပ်စက်တယ်။
သတိရခြင်းအပါး
ငါ..ရပ်နားမိလို့
အလွမ်းဖျားဒါဏ်သင့်ရပြီ။ ။
စမ်းသီတာ


13 Comments:

ဇနိ said...

အမရေ ... အဆင်ပြေ နေကောင်းပါစေ...
ဒါနဲ့ မချိုသင်းက ပုံဆွဲတတ်တယ်ပေါ့နော်...း)

ဆောင်းယွန်းလ said...

ဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ..
နေကောင်းပါစေပေါ့မနော်ရေ။။။
ခင်မင်လျက်

D Soe said...

အစစ အရာရာအားလုံးပဲ အဆင်ပြေပြီး နေကောင်းပါစေ အမရေ...။

Anonymous said...

မနော်.. သေချာ.နားလည်ပေးနိုင်တယ်..
အဆင်ပြပါစေ နော်..

Anonymous said...

အလွမ်းဖျားက...ကြာတယ်..ဆေးလဲ မရှိ။ ဖျားကာစ ဆို..ပတ်ဝန်းကျင်ကလည်း အရောင်တွေ ပြောင်းနေတတ်တယ်။ နေရာအသစ်ဆို ရင်တော့.. မပြောနဲ့တော့..။
အချိန်ထဲမှာသာ ကိုယ်ဖော့ထားလိုက်.. သူ့ဖာသူ သယ်သွားလိမ့်မယ်။

မချိုသင်းဆွဲတဲ့ပုံ ဆိုလို့ စိတ်ဝင်စားသွားတယ်။း)

:P said...

အစ်မ..
တကယ်လည်း ဖျားနေလား...။
ကျန်းမာ၊ပျော်ရွှင်၊ အဆင်ပြေပါစေ....။

ခင်မင်းဇော် said...

မနော်..
ရေပြောင်းမြေပြောင်း..
ဝန်းကျင်ပြောင်းသမို့ အလွမ်းဖျားလို့ သတ်မှတ်တာလား...
အားတင်းထား...နော်

Moe Cho Thinn said...

စမ်းသီတာရဲ့ ကဗျာလေး ပြန်တင်တာ ဖတ်ရတော့ တကယ်ကို အလွမ်းဖျား ဖျားသွားပြီ။ တကယ့် အမှတ်တရပါပဲ။
တို့ဆွဲတဲ့ ပုံကွိကျိကွကျလေးတွေတော့ မတင်လိုက်ပါနဲ့နော်။ အဟီး..
အဲဒီတုန်းက သူငယ်ချင်းကို ချစ်စိတ်နဲ့ အတင်းဆွဲမယ် လုပ်တာ။ ကလေးဆွဲသလိုမျိုးမို့ မြင်ယောင်ပြီး ရှက်ရီ ရီိနေမိပြီ..

Anonymous said...

အလွမ်းဖျားတွေ ဝေးလွင့်သွားပြီး နေရာသစ်၊ ၀န်းကျင်သစ်မှာ မြန်မြန်အသားကျပါစေ...

Zephyr said...

့မြန်မြန်သက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ... အစ်မရေ ...။
ကဗျာလေးကလည်း ... ကြေကြေကွဲကွဲ လှနေတယ်လို့ ခံစားရပါတယ် ....။


Get Well Soon ...

pandora said...

နေကောင်းသွားပြီလား မ ရေ။
ဘာပဲဖြစ်ဖြစ် ကိုကို အနားမှာရှိတာပဲ။ အားဆေးလေးပေါ့။

Anonymous said...

ဟမ်

ဘယ်သူ့ကိုလွမ်းတာလဲ
မြန်မာပြည်ကိုလား

အင်း .........
ယုံလိုက်မယ်နော်

ဟားဟား...... ဂျူ

Unknown said...

မေ၀င်း
ရှင့်ရဲ့ Blog ကို ရှာဖွေတွေ့ရှိထားတာ သိပ်မကြာသေးဘူး
ဖတ်ပြီးတဲ့ အခါကျတော့လည်း စာရေးမလို့ စဉ်းစားထားပြဲီး မရေးဖြစ်သေးဘူး
စမ်းသီတာရဲ့ကဗျာကို ပြန်ဖတ်ရတော့မှ မရေးပဲ မနေနိုင်တော့တာ အဲဒီကဗျာလေးက ကျုပ်ရဲ့ ကဗျာစာအုပ်ထဲမှာ ကူးထားတယ်။ ကျုပ်က အခု Nauru မှာ ရောက်နေတယ်၊၊ အဲဒီစာအုပ်လည်း မပါလာဘူး။ မာလာဝင်းကိုလည်း သတိရနေတယ်။
ကျေးဇူး။
မီ