သူရဲကောင်းလမ်းမ

Monday, May 16, 2016

ထွက်ပြေးလွတ်မြောက်ရန်ကြံစည်သူတစ်ဦး လက်ရဖမ်းမိ
ခု သူ ငါ့ကိုမှန်ထဲကနေ လှမ်းကြည့်နေတယ်  အရူးတစ်ယောက်ကိုကြည့်သလို

အနီရောင်တုန်လှုပ်မှုတွေကကင်းဘတ်စ်ပေါ် တရစပ် စီးဆင်းသွား
ကျေးဇူးပြုပြီးစကားခပ်တိုးတိုးပြောပေးပါ သူ့ရင်ဘတ်မှာက ဒါဏ်ရာတွေနဲ့  …

ငှဲ့ ထည့်လိုက်မိတဲ့ဝိုင်ခွက်က လူမသိသူမသိသွေးလို အဖြူရောင် 
အမှောင်ထဲကြိတ်ပြုံးရတာလောက် အရသာမဲ့တာ လောကမှာ ရှိသေးလို့လား ..

မပြောဖြစ်ခဲ့ပေမယ့်ပဲ့တင်ထပ်ကြားကြားနေတဲ့ စကားတစ်ခွန်း 
အဲဒီ ချောက်ကမ်းပါးစွန်းမှာမရပ်နဲ့ ဆိုလား …..

အခါးသက်သက်တွေချည်းညက်နေအောင် ဝါးစားနေကျဆိုတော့
သကာခဲတွေကိုအဆိပ်သင့် ပစ္စည်းလို မြင်လာတယ် 

တစ်စက်လေးမှလျှော့ချပစ်လိုက်လို့ မဖြစ်ဘူး သိလား .. …
တောင့်တင်းထားတဲ့စိတ်တွေမာခဲ အေးစက်သွားကြ ငါမရယ်ဖြစ်တာ ကြာပြီ။

ကိုယ့်ကိုယ်ကိုနီနီထားရတဲ့ မီးပွိုင့်ကလေးလို စိမ်းလန်းအိပ်မက်ကို ခိုးခိုးမက်နေမိ
နေမထိထိုင်မသာနေ့ရက်တွေမှာ မကြာခဏ ဖျားနာတယ်  ..

ခွေးဟောင်သံတွေကျယ်လွန်းလို့  ဒီည လမသာဘူး တဲ့လား 
တိမ်ဆိုးတိမ်ညစ်တွေကြားသူ့ခမျာ ပြေးလွှားနေရတာ နာကျည်းစရာ ..

မသေချာတဲ့လမ်းတွေကို လျှောက်ရင်း ကြယ်တွေကို တက်တက်နင်းမိတယ်
ကြယ်ဆိပ်တက်နေတဲ့လမ်းမတွေကတော့ ယောင်ကိုင်းလေးလံလို့  …

မကြာပါဘူးထားရစ်ခဲ့တဲ့လမ်းမကို ငါပြန်ရောက်လာခဲ့တယ်
ငါ့ကိုယ်ငါတစ်နေရာရာမှာ မှောက်ကျ ကျန်နေခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ မသိလိုက်ကြဘူး ။ 

မနော်ဟရီ
၁၈၊ ၉ ၊၂၀၁၄
ည ၉း ၅၂


0 Comments: