မဟာရန်ကုန်သံခိပ်
Monday, May 16, 2016
မဟာရန်ကုန်သံခိပ်
(ရက်မလွန်ခင်နာရီများ)
တကယ်လို့ ခင်ဗျားဟာပေါက်ကွဲဖို့အသင့်ဖြစ်နေတဲ့ ဗုံးတစ်လုံးဖြစ်နေမယ်ဆိုရင် ကုန်တိုက်တွေ၊ စီးတီးမတ် တွေထဲကတစ်ဆင့်ခင်ဗျားကို ကမ္ဘာကြီးက စောင့်ကြည့်နေမှာဖြစ်ကြောင်း၊ နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်များဟာကမ္ဘာ့ စီးတီးမတ်များကို ကာကွယ်နေတာဖြစ်ကြောင်း ခင်ဗျားသတိပြုပါ။ သတိပေးစာတမ်း ကပ်မထားတဲ့ရက်လွန်အစားအစာတွေကို ကောက်ကိုင်ကြည့်မိတဲ့အခါ ခင်ဗျား သိပ်ကိုနောက်ကျနေပြီဆိုတာသိလိုက်တော့မှာ မဟုတ်ပါဘူး။ 
(ရန်ကုန်ဖိစီးမှု)
အပူချိန်တအားပြင်းတယ်။လူတွေဟာ လျှောက်သွားရင်းနဲ့ တငွေ့ငွေ့လောင်နေတယ်။ လောင်ကျွမ်းမှုတွေက ကြည့်လို့  အ ကောင်းသား။အနီအဝါအပြာ စသဖြင့် တငွေ့ငွေ့ တလျှံလျှံ။ စကားပြောရင်းနဲ့ ရေဓာတ် ခန်းခြောက်လာတယ်။ကားတွေက လမ်းမတွေပေါ်မှာအပြည့် လှုပ်မရပြုမရ ကျပ်ခဲကြီး အငွေ့ပျံနေတယ်။ ကိုယ့်စိတ်ကိုကိုယ် ရစ်လုံးကကြိုးလို လျှော့လိုက် ပြန်ရစ်လိုက် ပြတ်ထွက်သွားမှာ လည်းစိုးရတယ်။ ငါတို့ခေါင်းတွေထဲမှာယင်ကောင်တွေတလောင်းလောင်းပဲ အော်မြည်နေတာ။ အကျဉ်းကျနေတဲ့ စိတ်က မောင်းမထုတ်နိုင်ဘူး။သံခြေကျင်းတွေကို ငုံ့ငုံ့ကြည့်နေရတာ မအားဘူး။ ဒီတော့ ဦးနှောက်ကို ဝိုင်းတွတ်ကြမယ်။မီးရထားဟိုတယ်ရှေ့နားမှာ မြို့ကိုသွေးပေါင်တိုင်းထားတာ မော့ကြည့်မိရင်းနဲ့ ကိုယ်တိုင်ဦးနှောက်     သွေးကြော ထောင်းခနဲပြတ်သွားမယ်။ အရုပ်ကြိုးပြတ်။ ရှေ့တည့်တည့်ကြည့်။ နေထွက်ရာအရပ်ကိုခဏမေ့ထား။ ခင်ဗျား  နောက်ကျောမှာ စိတ်ချောက်ချားနေတဲ့ အောက်ခြေ သန်းတစ်ဝက်လောက် ရှိတယ်။ ခင်ဗျားရှေ့မှာ ဘဝင်မြင့်နေတဲ့      အပေါ်ထပ် အဆောက်အအုံကြီးတွေ ရှိတယ်။ ဖြတ်သွားဖြတ်လာတွေရဲ့အပြုံးအရယ်ထဲ ငါတို့အားကျမိတာ သမိုင်းထဲပါသွားပြီ။ မနေ့က  ‘မအ’အောင်လို့ အဆိုအငိုလှခဲ့တဲ့ ချစ်သောသူများ  ဒီနေ့ ‘အ’နေတဲ့ အထက်တန်းစားများအဖြစ် ပန်းဆိုးတန်းဘက် ဖမ်းကွေ့လိုက်တယ်။  ရုတ်တရက်  ကတ္တရာလမ်းနဲ့  ကားဘီးပွတ်သံက  ဖြိုလက်စ  တိုက်အိုကြီးရဲ့   နံရံမှာ      အစင်းကြောင်း   ထင်သွားတယ်။ ဖြတ်သွားဖြတ်လာတွေက ခြေဦးတည့်ရာလှမ်းကျိန်ဆဲလိုက်တယ် “အရိမေတ္တယျဘုရား အဖူးရစေ” ။     တက္ကစီသမားက မှန်အလုံပိတ်ပြီး ပြောနေတယ် ။ ဒါပေမယ့် ခင်ဗျားပြောနေတဲ့ စကားပဲတစ်မြို့လုံးပြောနေ  ကြတာပဲ ခင်ဗျားကျမှ။ ဟုတ်ပါတယ် ကူးစက်လွယ်ပါတယ်။ လူကိုလောင်စေတာကတော့ပေါ့ဆတာပဲ။ ခင်ဗျားရဲ့အေဒီ ၅ရာစုထဲကမုတ်ဆိတ်တွေ နှုတ်ခမ်းမွေးတွေ ဘယ်သူရိတ်သွားတာလဲ။ကမ္ဘာကြီးမှာ လူနှစ်မျိုးတည်းရှိတယ် မဟုတ်လား။ စူပါမင်းနဲ့ စပိုက်ဒါမင်းတွေကတော့ ဘယ်တော့မှသမ္မတဖြစ်လာမှာမဟုတ်ဘူးလေ။   မျက်နှာပြောင်စပ်စပ်နဲ့အသည်းကွဲရတာ ဘေးလူတစ်ယောက်အတွက် အရသာမရှိလှဘူးဆိုပါတော့။    တစ်ယောက်တစ်လေပဲ လောင်ကျွမ်းရတာကို သဘောမတူတဲ့အတွေးအခေါ်မျိုး ရှိနေလေတော့ အစုလိုက် အပြုံလိုက် တွေခေတ်စားလာတယ်။ မာရ်နတ်ရဲ့စကြ်ာတွေဘယ်အင်ပါယာမှာ နန်းစိုက်ခဲ့တာပဲဖြစ်ဖြစ် ပေါ့ပ်ယဉ်ကျေးမှုမှာ ရက်လည်နေကြပြီ။ ၂၀၁၄မှာလည်းဝင်းမော်ဦးလေး အမျှမျှော်နေတုန်းပဲလား။ လက်ကိုင်တုတ်တွေကိုလည်း ရှိသအမျှတွေ ဝေပေးလိုက်ရင်ကောင်းမလား ...၊ ခုနက ဘရိတ်အုပ်လိုက်တာ တိုက်နံရံမှာ အစင်းကြောင်းထင်ပြီးမှ ခုတော့မိပြီ။ ရပ်သွားပြီ။ တုတ်ကိုင်လက်ကလည်း လျှောက်သွားရင်းနဲ့ တငွေ့ငွေ့လောင်နေတာပါ။ ငါတို့ကိုယ်၌ကပလဂ်ကျွတ်နေသလို လွတ်နေသလိုမျိုးပေါ့။ နာဇီတစ်ယောက်နဲ့ နှစ်ပေလောက်အကွာမှာ ကျွိကနဲထိုးရပ်သွားတာကိုကငါတို့ကံကောင်းပါတယ် ၊ကမ္ဘာကြီးကံကောင်းပါတယ်။ ရန်ကုန်မှာပြုတ်ကျရင် ပြန်တက်ဖို့မလွယ်တော့ဘူး။ဟိုနေ့က နေပြည်တော်ရုံမှာလေတိုက်လို့ ဆိုင်းဘုတ်ကြီးပြုတ်ကျနေတာ၊  စပိုက်ဒါမင်းတစ်ယောက် အခု ရန်ကုန်တောအုပ်မှာ တာဇံလိုလစ်နေပြီ။ amazing ။ သက်တော်ရာကျော်ရှည်ပါစေ။ အာမင်။ 
ဖိစီးမှုတွေအားလုံးကိုရန်ကုန်လို့ ခပ်တည်တည် အမည်တပ်ပစ်လိုက်တယ်။ သံသာလေကမ်းတိုင်ထိ အတူကူးမယ့် ဖိစီးမှု တွေ။ ကျွိကနဲထိုးရပ်သွားအပြီးမှာ သံသရာက ဆက်မလည်တော့ဘူးဆိုရင် .. ?? ခပ်တည်တည်နဲ့ ငါတို့ခုန်ဆင်းချသွားကြရုံ .. ။ ခုတော့ အလွတ်တည် ကန်ထည့်လိုက်တဲ့ ဘောလုံးတောင်မှ မဝင်တဲ့ဘဝ။ ငါ့ကို အနီကဒ်ပေးပါ။ ဒီတောအုပ်က    ထွက်ခွင့်ပြုပါ။ ငါဟာ တစ်ရွာပြောင်းမှ သေခွင့်ရမယ့်ကျားလည်းဖြစ်နေနိုင်တာပဲ မဟုတ်လား။ လက်သည်းချွန်တွေနဲ့ တားရော့ကဒ် တစ်ကဒ်ကို ကုတ်ဆွဲယူလိုက်တယ်။ ပါးစပ်ဖြဲဟ ခံထားရတဲ့ ခြင်္သေ့တစ်ကောင်။ “ညောင်”အော်သံနဲ့ အတူ   ကြောင်နက်တစ်ကောင်ခုန်ဆင်း ပြေးထွက်သွားရဲ့ ။ သံသာလေကမ်းထိ တဲ့။ ထုံးစံအတိုင်း ပလီပလာတွေ လှမ်းပြောသွား သေးတယ်။ကျင့်သားရနေတဲ့ လက်ကတော့ လှန်ထားတဲ့ကဒ်ကို ပြန်ဆွဲမှောက်ပစ်လိုက်ရင်း တွေးနေမိတယ်။ ပြည်ဖုံးကားဆိုတာ တစ်ထစ်ခြင်း ကျကျလာတဲ့ ကန့်လန့်ကာမျိုးကို ခေါ်တာလား။ 
မတရားမှုတွေကိုတရားမျှမျှတတ ခင်ဗျားရော ကျုပ်ရော ကျောကော့ခံခဲ့ပြီးမှတော့ ဘာကို ကဗျည်းထိုးနေတော့မလဲ။ စိတ်ထဲက အပူတွေ တငွေ့ငွေ့ တလျှံလျှံ တောက်လောင်ကျွမ်းနေပုံတွေက အရောင်တော့ စုံသား။ကြက်မ တစ်ဝပ်စာတောင် တိမ်မည်းမရှိအောင် ကောင်းကင်ကြီး ကြည်ကြည်လင်လင် လောင်ကျွမ်းနေပုံကမယုံကြည်ချင်စရာ။ လာပါ။ အဲဒီလောင်ကျွမ်းမှုတွေကို နာမည်လှလှလေးတစ်ခု ကင်ပွန်းတပ်မယ်။သတင်းစာထဲ ထည့်ကြော်ငြာမယ်။ ဆွေစဉ်မျိုးဆက်တွေ ခင်းကျင်းပြီး ကျေးဇူးတင်ထိုက်သူတွေကိုကျေးဇူးတင်ပစ်လိုက်မယ်။ တခန်းတနား။ God bless burning, God bless flame, Godbless you, God bless me, သာဓု သာဓု သာဓု သာဓု ( ခွင့်လွှတ်ပါ အရှိန်လွန်ပြီး တစ်လုံးပိုသွားခဲ့တယ်။ပိုတဲ့ သာဓုတစ်လုံးကို နောက်တစ်ကြိမ်အတွက် သေချာ သိမ်းထားပေးပါ။ ) 
(ဗစ်တိုးရီးယားရဲ့လျှို့ဝှတ်ချက်)
မိုးရွာထားပြီးပေမယ့် ညဟာ အေးလှတယ် မဟုတ်ဘဲ အပူငွေ့ပြန်သလိုလို၊ တနေ့ခင်းလုံး  ပူထားခဲ့တာကြောင့်လား။  ညဥ့်နက်နေပြီ၊ အိမ်မီးတွေကပျက်နေပြီး လမ်းမီးတွေကပဲလင်းနေလေတော့ ညကပိုနက်သယောင်။ လမ်းသွယ်လေးကတော့  ရေအစိုဓာတ်လေးကဲလို့ ဟိုတကွက် ဒီတကွက် ပြောင်လက်။ ဒီဘက်ဝရန်တာလေး ကနေ တခြားဝရန်တာတွေဆီ၊ဟိုဟိုဒီဒီအကြောင်းမဲ့ငေးကြည့်ရတာကလည်း ဒီလိုညနဲ့ အတော်လိုက်ဖက် သားလို့။ မိုးရေစိုတိစိုစွတ်ကြောင့်လားမသိလမ်းပေါ်မှာခွေးတွေလှဲနေတာတောင် မတွေ့ရဘူး။ ဆိုက်ကား တစ်စီးဖြတ်သွားတော့ ပါလာတဲ့ခရီးသည်လူကြီးတစ်ယောက်ဖုန်းနဲ့စကားအကျယ်ကြီးပြောသွားတာ အဆဲ အဆိုတွေ့နဲ့။ ဘာသာစကား မှာ အဆဲအဆိုတွေသာမရှိရင်အတော်လေးခြောက်ကပ်နေမှာလားလို့ တွေးမိတာ။ ကားပုလေးတစ်စီးက တွန့် ဆုတ်တွန့် ဆုတ်တွန့်နဲ့လမ်းထဲဝင်လာတုန်း မှောင်ရိပ်ထဲက      ကြောင်လေးတစ်ယောက် ထွက်လာတာ ဘာတိုက်ဆိုင်ပတ်သတ်မှုမှမရှိဘူး။လမ်းထဲမှာ ညအိပ်ထိုးထားပြီဖြစ်တဲ့ ကားတွေကပြည့်နေ လေတော့ လွတ်တဲ့နေရာကို ကြွက်အစာရှာနေသလိုကားလေးကရှာနေတာကလား။ ဒါပေမယ့် အိပ်ချင်နေတဲ့ ကလေးတစ်ယောက်လိုမျိုးပဲ မြန်မြန်သူ့အိပ်ရာကိုရောက်ချင်နေတဲ့ပုံကားလေးနေရာလွတ်လေးကိုရှာနေတာ။ ကားမီးတန်းရဲ့ခပ်လှမ်းလှမ်းမှာ မှောင်ရိပ်ထဲကထွက်သွားတဲ့ကောင်လေးဆေးလိပ်မီးကို ရဲခနဲ လမ်းမပေါ် ပစ်ပေါက်သွားတော့ ခံတွင်းချဉ်တဲ့စိတ်က လျှာဖျားဆီရောက်လို့။မလွတ်တလွတ်နေရာလေးမှာ ကားလေး ဖင်စောင်းထိုးထည့်နေတာ စိတ်မရှည်ချင်စရာ။ ကားရပ်ထားပြီးမှကားပေါ်ကတစ်ဦးတစ်ယောက်မျှ ဆင်းမလာသေး။ ကျောပိုးအိပ်လေးတွေလွယ်လျက်သား အတွဲတစ်တွဲ တရွေ့ရွေ့ဖြတ်လျှောက်လာတာက ကြိုးနဲ့ပူချည်ထားသလိုမျိုးပဲ။ ခြေသံကလွဲလို့ သူတို့ဆီမှ ဘာသံမှမကြားရ။ပတ်ဝန်း ကျင်ကို  မေ့လျော့ထား ရင်းက အနမ်းချင်း  ကျစ်ကျစ် ချည်ထားသလိုမျိုး ရပ်လိုက် လျှောက်လိုက်  တရွေ့ရွေ့။   ညကို  လျို့ဝှတ်ချက် တို့ဖြင့်ဖန်တီး ထားပါက မှောင်နေသော ပြတင်း ပေါက်များရဲ့နောက်ကွယ်၊အေးစက်စက်ဝရန်တာလက်ရန်း များရဲ့အတွင်းဘက်၊ လှမ်းမြင်နေရသော အလင်းမရှိတရှိအိမ်ခန်းများ၊ယိုင်နဲ့နဲ့အမှောင်မှီတင်းနေထိုင်သော နံရံထောင့်ချိုးများ၊ ရက်စက်သောအလင်းများအောက်ကကိုယ်ယောင်ဖျောက်ထားသော အမှောင်များ ၊ အလုံးစုံသောညကာလ အခင်းအကျင်းများဖြင့် အေးစက်သောလျို့ဝှက်မှုများ။ညကြီးထဲ အမှောင်ရဲ့အနံ့ အရသာတို့ ငြိမ်သက်နေကြတုန်း ရုတ်ချည်းဝေ့ဝဲ တိုက်ခတ်လာသော တဖက်စောင်းနင်းလေပြင်းလေးကြောင့်ဝရန်တာများ ပြတင်းပေါက်များမှာ လှိုင်းပုတ်ခံလိုက်ရသလိုပင်။ လေးပြင်းလေးအရှိန်ကြောင့်စိုတိစိုစွတ် လမ်းလေးထဲမှာ အမှောင်လှိုင်ကြီး တလိပ်လိပ်ဖြတ်နင်းသွားသလိုလို၊ အလင်း  တွေခါသွားကြ၊အသံ တွေတုန်ယင်သွားကြ။ လမ်းမပေါ်ကန့်လန့်ဖြတ် တန်းထားတဲ့ ဓာတ်ကြိုးတန်းတွေးယိမ်းထိုးလို့။ဒီအခြေ အနေမှာ မီးတိုင်နဲ့ မလှမ်းမကမ်းကကားဖြူလေးရဲ့အမိုးပေါ် ပဝါတစ်ထည်လို ပြုတ်ကျလာတဲ့ပန်းနုရောင် အဝတ်တစ်စ။ ဘယ်နေရာကပြုတ်ကျလာသလဲလို့ တွေးနိုင်မယ် မထင်ဘူး။ ကားအမိုးပေါ်မှာလုံးထွေးနေတဲ့အဝတ်က နောက်ထပ် လေအရှိန်ရှိနေတာနဲ့ ထပ်ရွေ့ပြီး အမိုးစွန်းနားမှာ ပြန့်ကားလို့။အောက်ခံ ဘောင်းဘီလေး။ညအလင်းရောင်အောက်မှာ ထင်ရှားတဲ့ ပန်းနုရောင် အတွင်းခံသန့်သန့်လေး၊ကားဖြူလေးပေါ်မှာအထီးကျန်စွာ။ နောက်ထပ်များ လေတစ်ချက် ဖြတ်ရိုက်သွားရင်ဖြင့် စိုစွတ်နေတဲ့လမ်းအောက်ကျလွင့်လို့ မသတီစရာအမှောင်နဲ့ရောထွေးပြီး ညစ်ပေသွားရမယ့်ဖြစ်ခြင်း။ နောက်ထပ်ရင်မဆိုင် ချင်သော ရင်မဆိုင်သင့်သော အခြေအနေများအတွက် ရှောင်လွှဲရန် လူတိုင်းလူတိုင်းအတွက် အခွင့်အရေးတစ်ကိုက်စာ ရှိထားပြီးသား။ ဒါကြောင့် ဒီအခြေအနေကို ဒီနေရာမှာပင် မရပ်တန့်ခင်သနားစရာဘောင်းဘီလေးကို နှုတ်ဆက်လိုက်ပါ၊ နောက်ထပ်လေမတိုက်ခင် ဒီအရေးအသားကို ဒီမှာ ရပ်စဲလိုက်ပါတယ်။
အရေးအသားကိုရပ်စဲလိုက်ပေမယ့်သဘာဝတရားက ရပ်စဲလိုက်လို့မရဘူး။ ပြဇာတ်တိုင်းဟာ ကြိုတင် ဇာတ်တိုက်ထားခွင့်ရတတ်တာမှမဟုတ်ပဲ။ အထူးသဖြင့် ဟိုဇာတ်ဆရာကြီးရဲ့ ဇာတ်တွေများဆို နောက်တစ်နာရီ ဘာဖြစ်မယ်တောင်ကြိုသိခွင့်မရ။ မျက်ကန်းတွေ လျှောက်တဲ့လမ်းလို စမ်းတဝါးဝါးနဲ့ လျှောက်လာခဲ့လိုက်တာ။ ဆန်အိုးတိုးမိတဲ့သူက တိုးမိ၊ ချောက်ကမ်းပါးပေါ် ကပ်လျှောက်နေတဲ့သူကလျှောက်၊ ချောက်အောက်ရောက်လို့ ရောက်နေမှန်းမသိသူက မသိနဲ့  ။ လောကရဲ့လှည့်ကွက်လို့ အမည်တပ်ခံထားရတဲ့ ဖြစ်ရပ်တော်တော်များများဟာ ဇာတ်တိုက်ထားစရာမလိုပဲဖြစ်လာခဲ့ကြတာ။ ကိုယ့်ကော်ဖီခွက်ခါးသက်နေတာက သူ့ကော်ဖီခွက်ထဲ သကြားထဲ ပိုရောက်သွားလို့မှမဟုတ်ပဲ။ မည်သူမပြု မိမိမှုလို့ ရွတ်ဆိုရင်းက ဒီသံသရာကိုပဲ အပတ်ပတ်လှည့်နေမိကြ။အမှတ်သညာနည်းတဲ့ သူတွေလို။ အလို .. ယိုင်ကျသွားတဲ့ အလင်းတန်းတွေကမှ ပိုလှသတဲ့လား။ဒါထက် စကားမစပ် .. ပိုးကျပျက်စီးနေတဲ့ ကံကြမ္မာ သီးထပ် သီးညှပ်အခင်းတွေ အမှောင်ထဲမှာ  ပိုအသားကျနေလိုက်ပုံက မမြင်ရတဲ့အရောင်တွေစုံလို့။ တဖြည်းဖြည်း ပိုပိုနက်လာတဲ့ညရဲ့ အမှောင်က ပိုပြီး  ကြောင်တောင်တောင် နိုင်လာတယ်။ အရာရာကို မသိကျိုးကျွံပြုရင်းပြုရင်းကတုံဏှိဘာဝေ ဖြစ်သွားတဲ့ လူတစ်ယောက်ရဲ့  အရောင်မျိုး။     ပူစပ်ပူလောင်နိုင်တဲ့ အေးစက်မှုအတုကြီးကအဲဒီညကို အရသာခံပြီးပြုံးကြည့်လို့။ ကြယ်တစ်လုံးတစ်လေမှ ထွက်လာခွင့်မရတဲ့ညက ကျိန်စာသင့်ခံထားရတဲ့သံစဉ်တစ်ခုလိုပဲ။ အထစ်ထစ် အ,အအ ၊ အကျိုးကျိုး အပျက်ပျက်။ ထွက်သက် ဝင်သက်ကိုမှတ်ရင်းဖြတ်တိုက်လာတဲ့ လေတစ်ချက်ကိုအသက်အောင့်ပြီး ငေးမောကြည့်နေမိတယ်။ လွင့်ထွက်သွားတဲ့လျို့ဝှက်ချက် သန့်သန့်လေးကို ဘယ်လိုမှ မတားဆီးလိုက်နိုင်ခဲ့ဘူး။ ဒီတော့ အရေးအသားကိုပဲရှေ့ဆက်လိုက်ကြရအောင် ။ 
(သတိရခြင်း )
 ပြီးခဲ့တဲ့နှစ်ကာလတွေဆီကခိုတစ်ကောင်ကိုသတိရမိတယ်။ ဒါပေမယ့် သတိရခြင်းတွေက ငါ့လိပ်စာ မေးပြီးရောက်မလာ  ခင်မှာပဲငါ သတိရမိတာ။ ကမ္ဘာမှာ နာမည်မရှိတဲ့ ခွေးတွေကြောင်တွေ ဘယ်လောက်များ ရှိနေမလဲ။ အဲဒီခိုတစ်ကောင်  ကတော့နာမည်ရှိပါတယ်။ ခိုလေး၊  ခိုလေးရေ မင်းကို သတိရလိုက်တာ။ငါတို့စောင့်နေလိုက်ရတဲ့ ရက်တွေကို ဂိုဒေါ့သိပါ တယ်။ သေခြင်းတရားသိပါတယ်။ ငါ ရပ်စောင့်နေရစ်မိတာသတိရခြင်းပဲ။  ကားမှတ်တိုင်မှာ ဝန်အပြည့်နဲ့ကားတွေ၊ ဝန် မရှိတော့တဲ့ကားတွေ ဆိုက်လာထွက်သွား၊သတိရခြင်းပါမလာဘူး။ ငါ ရပ်စောင့်နေမိတယ်။ အေးစက် ရက်စက်တဲ့ တစ်ရက်မှာ သတိရခြင်းထဲကခိုတစ်ကောင်ဟာ ငါ့အလင်းခိုပေါက်လေးမှာ အချမ်းနင်နေခဲ့တယ်။ အဲ့ဒီခိုလေးရဲ့ရင်ဘက်ကိုအေးစက်မှုတွေက တဒေါက်ဒေါက်ခေါက်လို့။ ငါက အေးခဲနေတဲ့လရောက်ကိုမှီလို့ ၊ ငါ့စိတ်တွေကအေးခဲလွန်းလို့ ခိုလေးကို မမြင်နိုင်ခဲ့ဘူး။ ခိုလေးဟာ ငါ့အမှောင်ရဲ့ထောင့်ကျဉ်းလေးထဲအေးခဲပြုတ်ကျလာတယ်။ ငါ -ခိုလေးကို မမြင်နိုင် ခဲ့ဘူး။ ငါ လန့်ဖျပ်သွားရတယ်။ သတိရခြင်းပြုတ်ကျလာလို့အေးခဲ့နေတဲ့ လရောင်ဟာ တုန်ခါသွားရတယ်ဆိုတာ။ 
                  သတိရခြင်းနဲ့ ငါတို့ရဲ့ကြားမှာအသက်လုနေရတဲ့နေရက်တွေ၊ ပရိဒေဝနေကြာခင်းတွေ၊ စိမ်းလန်းတဲ့   ရူးသွပ်မှုတွေ၊ မှော်ဆန်တဲ့အလွမ်းတွေ။ တချို့သတိရခြင်းတွေက အထိအခိုက်မခံတဲ့ ဆပ်ပြာပူပေါင်းလေးတွေ။ မင်း သတိရဦးမလားမသိဘူး၊စစ်ကြီးတစ်ခုအတွင်းက ရေးခဲ့တဲ့စာတွေကိုလေ၊ ရေးခဲ့တဲ့သူတွေလည်း စစ်ကြောင့်ကျဆုံး၊ သေဆုံးကြ        မရှိကြတော့ဘူး။ စစ်ကြီးလည်းပြီးရော လိပ်စာရှင်တွေနဲ့ စာရေးတဲ့ သူတွေမရှိကြတော့လို့မရောက်တော့တဲ့စာတွေက လမ်းခုလတ်တင်ပလူပျံလို့၊ ပိုင်ရှင်မဲ့နေတဲ့ သတိရခြင်းတွေလေ။
              ငါ့သတိရခြင်းတွေကတော့ အေးစက်စွာနဲ့ပဲမောကြီးပန်းကြီးရောက်လာခဲ့တယ်။ ဒါပေမယ့် သတိရခြင်းနဲ့ ငါ့ရဲ့ဇာတ်လမ်းဟာလည်း တေ့လွဲကလေးများနဲ့ဇာတ်အိမ်ဖွဲ့ပြီးသားမို့ မဆုံဖြစ်ခဲ့ဘူး။ ဒီတော့ ငါ့အိမ်တံခါးရွက်မှာ အမြဲတမ်း အေးခဲနေတဲ့စာရွက်တစ်ရွက် ကပ်လျက်သားတွေ့လိုက်ရတာက “သတိရခြင်းလာသွားတယ်”  ။
            တံခါးဝက အေးခဲနေတဲ့ စာရွက်ကို ဒီတိုင်းထားပစ်ခဲ့လိုက်တယ်။ နောက်ထပ် ရောက်လာရန်ရှိတဲ့ သတိရခြင်းတွေ အဖော်ရှိအောင်၊ မတော်တဆများကံအားထောက်မစွာ နေရောင်ခြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ရင် နွေးထွေး ပျော်ကျခွင့်ရအောင်လို့ပေါ့။ဇာတ်ညွှန်းအရ ငါတို့ချင်းဆုံဖို့ မဖြစ်နိုင်တောင် သတိရခြင်းချင်းတော့ ဆုံခွင့်ရှိပါစေလေဆိုတဲ့ ကိုယ်ချင်းစာနာကျင်မှုတွေနဲ့ … ။ အချိန်တန်တော့လည်း သုညအောက် ဒီဂရီ ၃၀ကျော်အေးခဲမှုတွေနဲ့ပဲ  ရှေ့ကို ချီတက်ကြရတာပါပဲ။       ဘာကြောင့် သတိရခြင်းတွေက ခုထိ ပဲ့ကြွေမသွားသေးတာလဲ ဆိုတာကပဲ စဉ်းစားချင်စရာ (ဒါပေမယ့်မစဉ်းစားဖြစ်ခဲ့ဘူး) ။ မျှော်လင့်ထားတဲ့ နေရောင်ခြည်နုနုလေးတွေ ရေခဲပြင်ကြီးထဲ ပိတ်မိနေတာကိုတော့   မမြင်ချင်ယောင်ဆောင် ပစ်ခဲ့လိုက်တယ်။ တစ်နေ့မှာလွတ်မြောက် လာနိုင်နိုးဆိုတဲ့ မျှော်လင့်ချက်မျိုး   ငါ့မှာရှိမနေဘူးလို့ ငါလည်း အာမ မခံပါဘူး။ အဲဒီ လည်ပင်းကိုလာလာစွပ်တဲ့ ကြိုးကွင်းတွေနဲ့တူတဲ့မျှော်လင့်ချက်တွေနဲ့ပဲ ဘဝဟာ ယားယံနေခဲ့တာပဲ မဟုတ်လား။ 
            မလှုံပဲ ဖိုဖြစ်ခဲ့ပြီး တငွေ့ ငွေ့ ကျန်နေရစ်ခဲ့တဲ့မီးဖိုလေး တစ်ခုနဲ့ ခုထိ စာလုံးပေါင်းသတ်ပုံ မှန်မလာသေးတဲ့ သတိရခြင်းတွေက လက်ရေးလက်သားတစ်စက်မှ တက်မလာသေးတဲ့ သံသရာလမ်းလေးပေါ်မှာ။ ဘယ်တော့မှ ပေါက်မလာခဲ့ဖူးတဲ့ နွေဦးတွေကိုသတိရရင်း မယုံကြည်ဖြစ်ခဲ့တဲ့ ပိုင်ရှင်မဲ့ သစ္စာတရားတွေအကြောင်းတွေးနေမိတယ်။ နာကျင်အချိန်ပိုဆိုတာလူတိုင်းရတဲ့ ဆုလာဘ်ပဲလား …။     အဲလို အချိန်တွေမှာ စောင့်ဆိုင်းခြင်း  အတတ်ပညာကို  နားမလည်တဲ့      သတိရခြင်းတွေကို ကျေးဇူးတင်မိတာ အမှန်ပါပဲ။ နှင်းကြွင်းနှင်းကျန်တွေကလည်းခါးတယ်။ 
(ရန်ကုန်အက်ဖ်အမ်)
အမိန့်ရအပေါင်ဆိုင်ဝမှာထောင်ထားတဲ့ တရုတ်လက်ရေးစာလုံးကြီးကိုငေးကြည့်လိုက်မိတယ်၊ ဘာမှန်းမသိပေမယ့်လို့ ကြည့်လို့အကောင်းသား။ရေစိုနေတဲ့ ခပ်နွမ်းနွမ်းမိန်းမကြီးတစ်ယောက် အဲဒီဆိုင်းဘုတ်နားမှာ မိုးခိုနေတာ ဓာတ်ပုံလှမ်းရိုက်ချင်စိတ်ဖြစ်သွားတယ်၊ ခုနတရုတ်လက်ရေးစားလုံးရဲ့ ဘက်ဂရောင်းကြောင့်လည်း ဖြစ်မယ်ထင်တယ်။ကားဆရာက ရေတိမ်တဲ့ဘက်ကို ယူချင်လို့ လမ်းအလယ်ကို တက်ဖို့ပြင်လိုက်တယ်၊ နောက်မှာလည်းဟွန်းသံတွေဆူညံလို့။ မီးပွိုင့်နဲ့လည်း နီးလာတော့ ပိုပြီး အားတက်လာတယ်။ ကားချိုးလိုက်တော့ဖွင့်ထားတဲ့မှန်တစ်က မိုးရေတွေ တဖြန်းဖြန်းဝင်လာလို့ မှန်တွေ ပြန်တင်လိုက်ပြီး ဒီနေ့ညကမ္ဘာ့ဖလားဖွင့်ပွဲမီပါ့မလားဆိုတော့ ကားဆရာက ဖိုင်နယ်ပွဲတော့မီမှာပါဆိုပြီး ပြန်နောက်တယ်။ပြောရင်းဆိုရင်း ဂျနီဖာလိုပက်ဇ် ဖွင့်ပွဲမှာ ပြန်လည်ဖျော်ဖြေမယ် ဆိုတာကို သတိရလိုက်သေးတယ်၊ဘာပဲဖြစ်ဖြစ် ဘရာဇီးပွဲ ကြည့်ရဦးမယ်၊ ဟော်လန်ပွဲလည်း ကြည့်ရဦးမှာပါလားလို့ အားတက်သွားတယ်။အိမ်မရောက်ခင် တစ်ဆိုင်ဆိုင်ဝင်ပြီး ညဘောပွဲကြည့်ရင်း စားစရာ သောက်စရာ တစ်ခုခုဝင်ဝယ်ရကောင်းမလား။ 
ကားက မီးပွိုင့်ကျော်သွားတော့ခရီးကနည်းနည်း အလျှင်မီသွားတယ်။ ကားဆရာကလည်း နည်းနည်းအသက်ရှူ ချောင်သွားတဲ့ပုံပဲ ရေဒီယိုတွေဘာတွေဖွင့်လိုက်တော့ ယဉ်ကြောပိတ်ဆို့မှု တိုက်ရိုက်ထုတ်လွှင့်နေပါသတဲ့။ အစီအစဉ်တင်ဆက်နေတဲ့မိန်းခလေးအမည်က ဗဂျီတဲ့၊ စကားပြောနေရင်း အမည်ပါ ထည့်ထည့်ပြောသွားတာပဲ။ တောင်ဥက္ကလာ မြင်သာဘက်မှာရေကြီးကားပိတ်နေတာကို အငှားယာဉ်မောင်း မတရုတ်မက ပြီးခဲ့တဲ့ငါးမိနစ်က သတင်းပေးသွားပါတဲ့၊ကိုယ်သွား တဲ့လမ်းနဲ့ တခြားစီပေမယ့်လို့ ရေကြီးကားပိတ်နေတာကိုတော့ မြင်ယောင်လိုက်ရလို့မဆိုးဘူးလို့ ကျေနပ်သွားရသေးတယ်။  ကမ်းနားလမ်းဘက်ကနေကားကကွေ့ချသွားတော့ မြင်လမ်းကျယ် မြင်ကွင်းကျယ်ထဲ ရောက်သွားပြန်တယ်။ မိုးရေထဲမှာ ငြိမ်သက်နေတဲ့ရန်ကုန်ဆိပ်ကမ်းဘက်က အဆောက်အအုံတွေ     အစီစဉ်လိုက်ကို မြင်လိုက်တော့ ဆိုဗီယက်ခေတ်က စက်ရုံတွေကိုမြင်နေရသလိုမျိုးပဲ ဝေဒနာတစ်ခုခု ရနေတယ်။ တာမွေအဝိုင်းဘက်မှာလည်း ငါးဖက်ငါးတန် ကားတွေပိတ်နေပြီးကျိုက္ကဆံလမ်း ဘက်မှာလည်း ကားလမ်းပိတ်ဆို့နေပါတယ်လို့ လွန်ခဲ့တဲ့သုံးမိနစ်က  အငှားယာဉ်မောင်း ဦးဟစ်တလာက သတင်းပို့ထားပါတယ်ရှင့်ဆိုပြီး ထုတ်လွှင့်နေတဲ့ နှာသံလေးနဲ့ အသံနွေးနွေးလေး။ ပန်းဆိုးတန်းဘက်က ကြယ်ငါးပွင့်       သ င်္ဘောကြီးရဲ့ အပေါ်ပိုင်းကို လှမ်းမြင်လိုက်တော့ အင်္ဂလိပ်တွေ   ရန်ကုန်ကို   စသိမ်းပိုက်တဲ့ရက်ပြန်စဉ်းစား ကြည့်တာ    ခပ်မေ့မေ့ရယ်၊ ဟိုတုန်းက အလွတ်ကျက်ခဲ့ဖူးတဲ့ဟာ။ ရန်ကုန်ဆိပ်ကမ်းပေါ်ကိုကျတဲ့အင်္ဂလိပ်အမြောက်ဆံတွေကိုမြင်       ယောင်ကြည့်ပြီး ရယ်ချင်သလိုဖြစ်လာတယ်။ အင်္ကျီအိပ်ထဲကဖုန်းမှာမစ်ကောသံတစ်ခုမြည်လာလို့ ကြည့်လိုက်ပြီးတော့      ပြန်မခေါ်ဖြစ်တော့ပြန်ဘူး၊ ဒါနဲ့ ဖေ့စ်ဘွတ်ခ်ဖွင့်ကြည့်လိုက်မိတယ်။ ကားပေါ်မှာ ဘိုသီချင်းတစ်ပုဒ်ပဲ ကြားနေတယ်၊ ကားဆရာတစ်ခုခုပြောလိုက်သလားလို့မသဲကွဲပေးမယ့်ပြန်မေးမနေတော့ဘူး။ ဖုန်းပေါ်မှာ နည်းနည်းစောင့်လိုက်ရပြီးတော့မှ ပုံတချို့တက်လာတယ်။လမ်းပေါ်မှာရေလွှမ်းပြီး ကားတွေနဲ့ပုံတွေ၊ အမျိုးသားရေးကိစ္စတွေ၊ ဘာသာရေးအရှုပ်အရှင်းပိုစ့်တွေနဲ့စုံလို့။ ဟိုက်- ဒီပုံလေးတွေကိုမြင်တော့ ရင်ထဲ ယားကျိကျိဖြစ်သွားတယ်။ မိုးရေထဲမှာ ကားပိတ်နေတုန်းကားအနက်တစ်စီးပေါ်မှာရိုက်ထားတဲ့ပုံ။ ကိုယ်က တခွိခွိနဲ့အုပ်ရယ်နေတော့ ကားဆရာက နောက်ကြည့်မှန်ကနေကြည့်ပြီးလှမ်းမေးတယ် ကားအမိုးပေါ်မှာ အတွင်းဘောင်းဘီလေးနဲ့ ကိုယ်ဟန်ပြနေတဲ့ အမျိုးသမီးအကြောင်းသူ့ကိုပြောလိုက်တယ်၊ အေဒီမီးပွိုင့်ဘက်နားမှာ ကားပိတ်နေတုန်း ဒီအမျိုးသမီး ဘယ်လိုစိတ်ကူးပေါက်သွားတယ်မသိဘူးလို့။ ဓာတ်ပုံရိုက်တင်တဲ့ သူတွေက    လည်း ကားကြိုကားကြားကနေရိုက်ထားသေးတာ။ အောက်လမ်းမီးပွိုင့်မိနေတုန်း ဖုန်းကိုကားဆရာဆီ ပေးပြလိုက်တယ်၊ သူ့မှာခွက်ထိုးခွက်လှန် ရီလိုက်တာဆိုတာ။အဲ့ဒါ ဘယ်တုန်းကလဲဆိုတော့ လွန်ခဲ့တဲ့ ၃နာရီလောက်က တင်ထားတာပဲလို့   ဖုန်းထဲကိုပြန်ကြည့်ပြီးပြောလိုက်တယ်။ ကိုယ်ဟန်က ခပ်ပြည့်ပြည့်နဲ့ အလန်းမဟုတ်ပေမယ်လို့ အတော်စိတ်ကူးကောင်းတဲ့အမျိုးသမီးပါတဲ့၊    အီရန်တို့ ဘာတို့မှာ  ဆိုရင်တော့ ကမ္ဘာကျော်မလားတောင်   မပြောတတ်ဘူးတဲ့   ကားဆရာ က   မှတ်ချက်တွေပေးနေတယ်။ 
အောက်လမ်းမှာ   နည်းနည်းလေး   ပိတ်နေလေတော့ ကားဆရာက     ဘာရယ်မဟုတ်ဘူး ထင်ပါတယ် ရေဒီယိုကို အသံနည်းနည်းထပ်ချဲ့လိုက်ပြန်တယ်။မိုးရေထဲမှာ အလုပ်ကြမ်းသမားတချို့ ရေလွှတ်မြောင်းထဲကနေ တစ်ခုခုကို ကြိုးနဲ့       ဆွဲထုတ်နေတယ်။လေးငါးယောက်ဝိုင်းဆွဲနေတာ ဘာကြီးကိုလည်းမသိဘူး၊ လုပ်ငန်းခွင်ဦးထုတ်လည်းမပါ၊ တစ်ဖက်မှာ      ကလည်းလုပ်ငန်းခွင်တစ်ခုရှိနေပြန်တယ်၊ အဲဒီလုပ်ငန်းခွင်ထဲက အဝါရောင်ရွှံ့ရေတွေ လမ်းမပေါ်လျှံထွက်နေတယ်။ ဒီတစ်ချက်ပိတ်နေတာလေး ကျော်ရင်တော့ ကားလမ်းက သိပ်မဆိုးတော့ဘူး။ သီချင်းသံရပ်သွားပြီးဗဂျီဆိုတဲ့မိန်းခလေးရဲ့အသံ ထွက်လာပြန်တယ်။ ကားကြီးနှစ်စီး တိုက်မှုတစ်ခုဖြစ်ထားလို့လမ်းပိတ်နေတဲ့အကြောင်း လွန်ခဲ့တဲ့ နှစ်မိနစ်က ကိုယ်ပိုင် ကားမောင်းသူ တစ်ယောက်က သတင်းပို့ထားတဲ့အကြောင်းပြောသွားတော့ ကားဆရာကိုမရှင်းလို့ထပ်မေးရတယ် ဘယ်နားမှာလဲလို့။ အေးဗျာ ကမ္ဘာ့ဖလားမီမယ်လို့တော့ထင်တာပဲ၊ သူပြောသွားတဲ့အတိုင်းဆို ကားတိုက်လို့ပိတ်နေတာ ကျနော်တို့ ရှေ့နားလေးမှာတဲ့။ဒီအတိုင်းဆို ဟိုကွေ့ဒီကွေ့ လုပ်ဖို့စဉ်းစားရဦးတော့မယ်ပေါ့၊ ဘေးဘီကြည့်လိုက်တော့ သူလိုကိုယ်လိုကားတွေ တဖြည်းဖြည်း ပြည့်ခဲလာလိုက်တာ မိုးရေထဲမှာ ။  နည်းနည်းမွန်းကျပ်လာလို့ ကားတံခါးဟလိုက်တော့    ဟွန်းသံတွေဆူညံနေကြပြီ။ နေမဝင်သေးဘူးလို့ ထင်ရပေမယ့် ကမ္ဘာ့ဖလားပွဲကို မီပါ့မလားလို့ ရီစရာမပြောရဲတော့ဘူး။ ဒီလိုအခြေအနေမှာ ဘယ်လိုအမျိုးသမီး တစ်ယောက်ယောက်ကများ မထင်မှတ်ဘဲထွက်လာဦးမလဲလို့ ကားခေါင်မိုးတွေပေါ်လှမ်း ကြည့်နေမိတယ် သူလိုကိုယ်လို။ 
သူလိုကိုယ်လိုရေတွေစိတ်အလျဉ်ထဲ ဝေါကနဲ ပြည့်လျှံလာတာကို ငေးကြည့်နေမိတယ်။ ကိုယ်တိုင် စီးမျောပါသွားတာမသိလိုက်သလို စိတ်ကြီးကလည်း ဝင်နေသေး။ ခပ်ရေးရေးမြင်နေရတဲ့ ကုန်းမြေပေါ်မှာ နော်ဧရဲ့လှေကြီး ။ သူလည်း ရေမျောကမ်းတင် ဖြစ်သွားပုံပဲ။ သားရဲတွေနဲ့ ပြည့်ကျပ်နေတဲ့ မြို့တော်ဟာဒီလို ကားပိတ်နေတဲ့ အချိန်အခါမှာ ပိုပြီး အန္တရာယ်များ တယ်။ ပိုက်ဆံတောင်းမရလို့ကားကို သံချွန်နဲ့ပွတ်ဆွဲသွားတာမျိုးကအစ၊ ဒေါသမောဟစိတ်တွေနဲ့ ထိုးထွက်လာတဲ့ ကား  ခေါင်းတွေအလယ်၊ရေဝင်လို့ ထိုးရပ်သွားတဲ့ ကားတွေအဆုံး  အကုန်လုံးကအန္တရာယ်ကြီးပဲ။ နေသားကျနေသူတွေအတွက်ကတော့ အန္တရာယ်တောကလည်း ပျော်မောစရာ။ ဟော ရေဒီယိုကသီချင်းသံထွက်လာတယ်။စုံတော စုံတောသာယာ သားရဲစုံလှစွာ တဲ့ .. ။ ဒီသီချင်း ဘယ်တုန်းက စာသားပြင်လိုက်ပါလိမ့်။
တလိမ့်လိမ့်ပြေးဝင်သွားတဲ့ဘောလုံးကို လှပသေသပ်စွာဖမ်းအပြီး ဂိုးတိုင်ရင်းမှာချထားတဲ့ lucky coin လေးကိုလေထဲတစ်ချက် ပစ်မြှောက်လိုက်တဲ့ ဂိုးသမားကြီး ချီလာဗတ်ကို မြင်ယောင်မိတယ်။ ခေါင်းလားပန်းလားဘာနဲ့ ပြန်ကျလာလဲ မသေချာတဲ့ ကံကောင်းခြင်းအကြွေစေ့လေးက သူ့လက်ထဲမှာ။ ဘယ်တော့မှ မြင်လိုက်ရမှာမဟုတ်တဲ့ကံကြမ္မာကို မြင်ချင်မိသလိုမျိုး မဖြစ်မိတာကိုက ထုံပေခြင်းရဲ့ အစပဲ လို့သိနေတယ်။ စိတ်ကြိုးတွေ လွတ်ထွက်မသွားအောင် ထိန်းထားရင်း နေသားတကျတွေ အေးခဲကုန်ကြတာပါပဲ။အရင်က ရန်ကုန်မြို့ရဲ့ ရေနှုတ်မြောင်းကြီးတွေက လူတစ်ရပ်မကနက်သတဲ့။ အဖွားကို သူမမီနိုင်တော့တဲ့rap သီချင်းတွေ မဖွင့်ပြဖြစ်ပေမယ့် အဖွားကတော့ ကိုယ်မမီလိုက်တဲ့ ခေတ်ကြီး အကြောင်းမကြာခဏ  ဆိုဆိုပြတယ်။ အမှိုက်တွေလှဲပြီးရင်   ပလက်ဖောင်းက ရေစီးပေါက်ထဲ ထိုးထိုးထည့်တတ်တဲ့   တံမြက်လှည်းသမားတွေကို   ဗျောက်အိုးသေနတ်နဲ့ ချိန်ချိန်ပစ်တာ တစ်ယောက်မှမထိဘူး။ နောက်ဆုံးမှာသူတို့ပါ အဲဒီအပေါက်ထဲ ဆင်းဝင် ပိတ်ဆို့သွားကြတယ်။ ရန်ကုန်မြစ်ထဲ တဝေါဝေါ စီးဆင်းသွားကြတဲ့မည်းနက် နောက်ကျနေတဲ့ ရေတွေလိုပဲ ကောင်းကင်ကြီးက ခုထိမဲသဲနေတုန်း။ ရွာရန်ရာနှုန်းကတော့သူမဟုတ်သလို ပြုံးပြုံးကြီးကြည့်နေလေရဲ့ ။
အဲဒီ ရေဒီယိုထဲကအသံရှင်ကောင်မလေးနာမည်က ဗဂျီတဲ့။ တက္ကဆီသမားလက်မှာ ထိုးထားတဲ့ တက်တူးက အောင်စိုးတဲ့။လင်းဝဏ္ဏကိုသိလားလို့ အူကြောင်ကြောင်နဲ့မေးမိတော့ သူက ခေါင်းခါတယ်။ သူ့ ဆရာက စန္တိနိကေတန်ကျောင်းဆင်းလို့ သူ့ဘယ်လက်ဖျံပေါ်က တက်တူးကို ကြည့်ပြီးဆက်ပြောတော့ ကားဆရာက ဒီညကန်မယ့်နိုင်ငံထဲက တစ်နိုင်ငံလားလို့ မေးတယ်။ သူကန်လိုက်တဲ့ အလွတ်တည်ကန်ဘော တည့်တည့်ကြီးချော်သွားတာကိုတစ်ဘက် အသင်းသား တစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ငေးကြည့်နေလိုက်တယ်။ အချိန်ပို ၁၅မိနစ်လေးရဖို့မိနစ်ကိုးဆယ်လုံးလုံး ကံတရားနဲ့ သားရေကျ နေဖို့ ဆိုတာ လွယ်တဲ့ ကိစ္စမှမဟုတ်ပဲ။ဒီကားတန်းကြီးကို ထိုးဖောက်ထွက်ဖို့က သိပ်တော့မလွယ်လှဘူးတဲ့။ သူက ခပ်ဖွဖွညည်းတယ်။အသက်ရှူမဝတဲ့အတွက် မှန်ကိုပဲ ထိုးဖောက်ချင်နေတဲ့အတွက် သူမသိအောင် မှန်ကို ခိုးချလိုက်တယ်။မိုးစက်တွေနဲ့ ရောတဲ့ လေတစ်ချို့ဝင်ပြန်လာတယ်။  ရေကြီးနေတဲ့ လမ်းမပေါ် ရေကူးကန်လို သဘောထား ကူးခတ်နေတဲ့ကလေးတွေကိုကြည့်ပြီး မှန်တံခါးကို အမှတ်တမဲ့ ပြန်ပိတ်လိုက်မိတယ်။ ရုပ်ရှင်တွေထဲမှာတော့ရေကူးကန်တွေက ပြာလဲ့လို့ ။ ခု ကလေးတွေ    ကူးခတ်နေရတဲ့ ရေကတော့ ညိုမည်း နောက်ကျိ ။ မချိတချိပြုံးမိတာကို တစ်ဘက်ကားကလူက သူ့ ပြုံးပြတယ်ထင်ပြီး       ရေစက်တွေနဲ့ ဝါးနေတဲ့ မှန် ၂ထပ်ကိုကျော်ပြီး  အားပါးတရ  ပြန်ပြုံးပြတယ်။    ရှားပါးပစ္စည်းမို့ သေချာသိမ်းထားလိုက်ပါတယ်။ 
တက္ကဆီသမားကရေဒီယိုကို ပိတ်လိုက်တယ်။ စီဒီပလေယာကို ဖွင့်တယ်။ ဂီတလောကကို ဦးဆောင်ဖျက်ဆီးသူကြီးရဲ့အသံတွေ စကားလုံး အတုတွေ ကို့ရို့ကားယား ထွက်ကျလာတယ်။ စာပေလောကကို ဦးဆောင်ဖျက်ဆီးသူကြီးရဲ့ရုပ်ကို အလိုလိုပြေးမြင်တယ်။ ကားရှေ့ ခုံပေါ် တင်ထားတဲ့ ဂျာနယ်အဖုံးမှာက ဖန်ဆင်းရှင်လို့ကိုယ့်ကိုယ်ကို ထင်နေသူ။ စောစောက ရေမဲမဲတွေ စိတ်ထဲ ဝေါကနဲ ထိုးဆင်းအလာ .. ကားခလို့ယူဆရတဲ့ပိုက်ဆံတချို့ကို စောစောက ဂျာနယ်မျက်နှာဖုံးပေါ် လှမ်းအတင် ပိုက်ဆံတွေက ဖန်ဆင်းရှင်ကြီးပါးစပ်ဝမှာ စိုက်ကုန်တယ်။ မတတ်နိုင်ဘူး။ တဝေါဝေါ ထိုးဆင်းနေတဲ့ မိုးရေထဲက ပိတ်ဆို့ကြပ်ညပ်နေတဲ့ ဘဝကြီးထဲ ဆင်းချလာလိုက်တယ်။ တချို့သောအရာတွေဟာ စိတ်မခံသာတတ်ဘူး။ ဒူးဆစ်ထိမြုပ်နေတဲ့ကံကြမ္မာကိုတောင် အတော်ရုန်းနေရတာဆိုတော့ တစ်ဘက်လူပေးလိုက်တဲ့ ဘောလုံးကို ဂိုးစည်းထဲလှလှပပကန်သွင်းဖို့ အခွင့်ရနေလည်း လက်လျှော့လိုက်ရတော့တာပဲ။ ခြေကုန်စိတ်ပမ်း ကျသွားတဲ့အခါမိုးစဲသွားပါလိမ့်မယ်။ 
(နောက်ဆုံးသတင်းပို့ချက်)
ကိုယ့်ဆီ တည့်တည့် ဆက်သွယ်လာတော့လည်း ဘယ်လိုမှရှောင်လွဲမရ။ ဓားအိမ်ထဲက ထုတ်ထားတဲ့ဓားကိုပြန်ထည့်ရတာ လွယ်တယ်။ ပြောင်းဝကထွက်လာတဲ့ ကျည်ဆံကတော့ ဘယ်လိုပြန်သိမ်းလို့ရမလဲ။ ကိုယ့်ဆီကိုတိုက်ရိုက် ဆက်သွယ်     လာပြီဖြစ်တဲ့ ကျည်ဆံ။ ကမ္ဘာကြီးရဲ့လိုအပ်ချက်ဟာ ရေချို၊ ဂျုံ၊ အာလူး၊သကြား၊ ရေနံနဲ့ အတူ ကျည်ဆံဟာ နေရောင်မှာ တဖိတ်ဖိတ်လက်နေတယ်။ ဈေးကွက်အရ ထုတ်လုပ်ပြီးသွားရင်တော့သုံးစွဲပစ်ဖို့ဆိုတာ ကမ္ဘာကြီးရဲ့သင်ရိုးပဲ။ ကိုယ့်ရင်ဘက်နဲ့လက်ခံမလား၊ ကိုယ့်ကျောသားနဲ့လက်ခံမလား၊ ကိုယ့်ဦးခေါင်းနဲ့လက်ခံမလား၊ ကျည်ဆံဟာ ကိုယ်သိရသလောက်        ခပ်အေးအေးလေး လာနေပြီ။ကိုယ်သေပေး လိုက်ရရင် ကိုယ့်နားကအယောက်တစ်ရာ ရှင်သွားမလား၊ ကိုယ့်ကျောသားရင်သား ဖွင့်ပေးလိုက်ရရင်ကိုယ့်ချစ်တဲ့သူတွေ ပျော်ရွှင်သွားမလား၊ ကိုယ့်ဦးနှောက်တွေ ဖွာလံကြဲပစ်လိုက်ရရင် ကိုယ့်လူမျိုး   တွေငြိမ်းချမ်းသွားမလား။ ဘာမှဖြစ်မလာလည်း ကျည်ဆံကတော့ သွေးအေးအေးနဲ့လာနေပြီ။ မအောင်မြင်တဲ့  အဘိဓမ္မာထက် ရက်လွန်နေတဲ့ကျည်တစ်တောင့်ဟာ အန္တရာယ်ကြီးပါရောလား။ ဘယ်တတ်နိုင်မလဲ ကိုယ့်ဆီတည့်တည့်ဆက်သွယ်လာမှတော့။
နှစ်ပေါင်းများစွာ ဦးခေါင်းထဲ ထည့်သိမ်းထားရမယ့် ကျည်ဆံတစ်တောင့်အကြောင်း     ခင်ဗျားတို့ဆီ သတင်းပို့ဖို့ sms   တစ်စောင် ခပ်သွက်သွက်ကောက်ရိုက်လိုက်တယ်။ ပြင်ဆင်ချက်မရှိတဲ့ကျည်ဆံတစ်တောင့် ကိုယ့်ဆီ ရောက်မလာခင် ……..
ဇော်လူစိမ်း ၊ မနော်ဟရီ 
၂၀၁၅ မတ်လ ၊ အိုင်ဒီယာ မဂ္ဂဇင်း
0 Comments: