တစ်ရံခါဆီ ဖေဖော်ဝါရီဟု

Tuesday, February 12, 2013



တစ်ရံခါဆီ ဖေဖော်ဝါရီ ဟု …


အရှိန်ပြင်းကားတစ်စင်း ကိုယ့်ရှေ့က ဖြတ်မောင်းသွားတုန်း အဆက်မပြတ်မြည်လာတဲ့ ဖုန်းသံတွေလို
ကျွန်မ … လတ်တလော ဘဝကို အရေးတကြီး ဖြတ်ကူးနေပါတယ်  …. လို့    ဖြေပစ်လိုက်ရမလား  …
အဲလို အရောင်တွေနဲ့  မကြာခဏ လာလာကြည့်တတ်တဲ့ ဖေဖော်ဝါရီကို ကျွန်မမုန်းတယ် ….

စိတ်တွေ ပျံသန်းခွင့် မရတဲ့ ဇုံဆိုတာ မရှိလေတော့ ကိုယ့်စိတ်ကိုယ် နားချရတာပဲ လက်ဝင်တာပါ ..
သူတို့ အသေမသတ်နိုင်တိုင်း မာကျောခွင့် ရသွားရှာတဲ့ နှလုံးသားကလည်း နည်းနည်းခေါင်းမာတယ်
တကယ်ဆို ကျွန်မ  … အဲဒီကြိုးကို အစဆွဲ ဖြည်ပြလိုက်သင့်တာပေါ့  …ခုတော့ ..

အသိတရားမဲ့သူတွေရဲ့ ဇာတ်ဝင်ခန်းမှာ ဇာတ်ပို့ဝင်လုပ်ပေးရတာလည်း ဝဋ်နာကံနာတစ်ခုပါပဲ
ခင်းကျင်းထားတဲ့ ဇာတ်က သိပ်လှလွန်းတော့ ဇာတ်ပို့ကနေ ဗီလိန်ဖြစ်မှန်းမသိဖြစ်သွား ..
ခင်ဗျား အရေးအသားတွေ တစ်နေ့တခြား ညံ့ညံ့လာတယ်  ဇာတ်ဆရာ …

နေဝင်ချိန်တွေကို ဖန်ခွက်ထဲ လောင်းထည့်လိုက်မိတော့ ဖေဖော်ဝါရီညတွေက အေးစက်လို့
ဘာမှန်ကန်ချက်မှ ဘာသက်သေမှ မပါပဲ တွက်ထုတ်လိုက်ပြီးကာမှ ကူးထည့်ပစ်လိုက်တဲ့ အဖြေလို ..
တချို့ လူတွေရဲ့  ထုံအအ အကြည့်အောက်မှာ ချိုနေပုံက စိတ်ပျက်စရာ ..

ဘဝအဆက်ဆက် အစွန်းအထင်းလွယ်တဲ့ အရောင်တစ်ရောင် မဖြစ်ချင်ပါဘူးတဲ့(ကျွန်မရူးနေပြီထင်တယ်) ..
စိတ်ကူးရတိုင်း တောင်းမိတဲ့ တစ်ခုတည်းသော ဆုလို မျက်ရည်တွေစိုလို့ …(ကျွန်မ ငိုနေမိသေးသလား)
ကျေးဇူးပြုပြီး သံသရာဆီ သွားရာလမ်းတွေအားလုံး ကို ပိတ်ပေးထားကြပါ ..

ခရမ်းရောင် ဗျိုင်းအုပ်တွေ ဖြတ်သန်းခွင့် မပြု ဆိုတဲ့ သတိပေးစာတမ်းတွေ ပြည့်နေတဲ့
ကျွန်မ အခန်းနံရံကို ကြည့်လိုက်မိတိုင်း မေမေက တဖွဖွ ရယ်တတ်တယ် ..
တကယ်ဆို ဒီလို စာတမ်းတွေကို ကောင်းကင် တက်ချိတ်လို့ မရမှန်း မေမေလည်း သိတာပဲ …

ပြတင်းပေါက်တွေကို ဖွင့်ကြည့်လိုက်တဲ့အခါ ဖေဖော်ဝါရီကောင်းကင်မှာ ကြယ်တွေစုံနေတယ်
နက္ခတ်အမှားတွေနဲ့  ကျီစယ်တတ်တဲ့  သူ့ ထုံးစံအတိုင်း ကုမ်ရာသီဟာ အရောင်အဝါတွေမဲ့လို့
အချို့သော စကားလုံးတွေနဲ့ နာကျင်ကိုက်ခဲနေတာကလွဲရင် သစ်ရွက်တွေက ဝါနေဆဲ…
မလွဲတော့တဲ့ အနာဂတ် နေ့တွေမှာတော့ အဲဒီကြိုးစကို ငါဆွဲပစ်လိုက်မိတော့မယ် ….. ထင်တယ် …. ။      ။

မနော်ဟရီ
၁၂.၂.၂၀၁၃





တစ်ရံခါဆီ ဖေဖော်ဝါရီဟု ….

ညနေခင်းကောင်းကင်ဆီမှာ ခရမ်းရောင်ဗျိုင်းတစ်အုပ်ပျံသန်းသွားကြတဲ့အခါ
ဒါဟာ ဖေဖော်ဝါရီ ဆိုတာပဲလို့ မေမေက ဆိုတယ်။
မေမေ့ ဒိုင်ယာရီထဲမှာတော့ ဖေဖော်ဝါရီ ဆိုတာ နတ်ဆိုးတစ်ကောင်လိုပဲ မင်နီတွေခပ်များများနဲ့
အဲဒီ နီကျင်ကျင်စာမျက်နှာတွေကို မီးရှို့သုတ်သင်ပစ်လိုက်တုန်းက
ကျွန်မက အဝါရောင်အငေးတွေနဲ့ ခပ်လေးလေးတွေးလို့ .. ဘာကိုမှန်းတော့မသိဘူး ..
မီးခိုးငွေ့တွေကလွင့်ပါးပြီး တိမ်တိုက်တွေဖြစ်သွားတဲ့အခါ ..
မေမေ့မျက်ဝန်းတွေက ပြာလွင်လာပြီး တိမ်တွေကိုယ်စား ရှိုက်ကြီးတငင်ငိုတယ်
သူတို့တွေကို သနားလို့ ဆိုပဲ … ကျွန်မနားလည်ချင်ယောင်ဆောင်ပြီးခေါင်းညိမ့်ပြခဲ့ဖူးတယ်..

အသံတိတ်သင်ကြားမှုတွေကိုနာယူဖို့ ကျွန်မတို့ နှလုံးသားနံရံတွေက အထူးအပါးညီဖို့လိုတယ်
ဒီစာသားကို ခဏခဏ ချချရေးနေခဲ့ဖူးပြီး ဘယ်တုန်းကမှ မလိုက်နာခဲ့ဖူးတဲ့ကျွန်မက
ဆေးစပ်အသစ် အရောင်တွဲအသစ်တွေနဲ့ ဖေဖော်ဝါရီကိုချစ်ကြည့်ဖို့ ကြိုးစားတော့ မေမေကရယ်တယ်..
မေမေ့ရယ်သံတွေက  ဖန်တံတံ အငွေ့အသက်တွေနဲ့  ..ဓာတ်ခွဲစူးစမ်းကြည့်ဖို့တော့ အချိန်မရခဲ့လိုက်ဘူး
အဲဒီအချိန်မှာ ကျွန်မက မှော်ဆရာရဲ့ ကျမ်းတစ်အုပ်နဲ့ မန္တာန်ကြိုးရှုပ်တွေကြားမှာ အရုပ်ဖြစ်နေတဲ့အချိန်
သိဟ်ရာသီရဲ့ နက္ခတ်ရုပ်နဲ့ ကောင်းကင်ကိုမေ့ပြီး ဟန်လုပ်ပျော်မောနေမိတဲ့ အချိန် …
စိုးရိမ်ထိတ်လန့်သံတွေကို မသိကျိုးကျွံပြု ဟားတိုက်ရယ်မောပစ်နေမိတဲ့အချိန် ..
အငြိမ်မနေတတ်တဲ့ ရော်ရွက်ကြွေတွေကိုတောင်မှ ချစ်မြတ်ရိုကျိုးနေမိတဲ့ အချိန် …
တိမ်တွေလိုပဲ ယောက်ယက်တွေခတ်လို့ … အရောင်ပြောင်းဖို့မေ့နေခဲ့တာလေး တစ်ခုပါပဲ …

Fast ခလုတ်ကို နှိပ်လိုက်ပစ်လိုက်တော့ အရုပ်တွေ ခုန်ပျံကျော်လွှားပြီး သက္ကရာဇ်တစ်ခုဆီ ရပ်တံ့သွားတဲ့ခါ
ဖေဖော်ဝါရီဟာ ဟန်ကျပန်ကျနဲ့  ပြန်ပေါ်လာတယ် .. မယုံနိုင်စရာ ပန်းသွေးရောင် တလက်လက်ထ လို့ …
အရင့်အရင် ဝိုင်ခွက်တွေအတိုင်း မာရ်နတ်တစ်ပိုင်း ဘုရားတစ်ပိုင်း ပုံရိပ်တွေ လှိုင်းထလို့ ..
မေမေ .. လို့ ကျွန်မအော်ခေါ်လိုက်မိတဲ့အခါ … ခရမ်းရောင်ဗျိုင်းတစ်အုပ် ထပျံသွားရဲ့..
အနက်ရောင်ကျောက်တုံးနှစ်တုံးကို ပွတ်တိုက်ပစ်လိုက်တဲ့အခါ မီးတောက်တွေဖြာကျလာတယ် .
ကိုယ့်ကိုယ်ကို သီချင်းတအေးအေးနဲ့ မီးတင်ရှို့ပစ်လိုက်ပြီး ထိုင်ကြည့်နေတော့ .. 
သားကြီးက ငြိမ်းချမ်းခြင်း တရားတော်ထဲက စကားလုံးတွေကို မီးခိုးငွေ့တွေဆီပစ်တင်ပေးတယ်
သားကလေးကတော့ ကျွန်မငယ်ငယ်ကလိုပဲ ခေါင်းတညိမ့်ညိမ့်နဲ့ သွေးအေးဟန်ဆောင်လို့ ..
မီးတောက်တွေရဲ့ ပေါ့ဆမှုကြောင့် မျက်ရည်တွေပြာကျမသွားခဲ့တာကိုတော့ …
ကျွန်မကိုယ်တိုင်တောင် သတိမထားလိုက်မိပေမယ့် မေမေကတော့ သိသွားခဲ့ပုံပါပဲ …

အဲဒီနေ့ကစလို့  .. မေမေနဲ့ ကျွန်မတို့သားအမိတွေ ..လမ်းလျှောက် မထွက်ဖြစ်ကြတော့ဘူး …
မနော်ဟရီ




1 Comment:

rose of sharon said...

အမှတ်တရတွေများတဲ့ဖေဖော်ဝါရီကိုမှ ကိုယ်ကတော့မေ့ပစ်ခဲ့လေတယ်...