၁၁ နှစ်သားကိုကို

Sunday, April 3, 2011

ဆယ့်တစ်နှစ်သား ကိုကို

၁၁နှစ်သား ကိုကို

၂၀၁၁ ..

ဘာလိုလိုနဲ့ ကိုကိုတောင် ဒီနေ့ ၁၁ နှစ်ပြည့်ခဲ့ပါပြီ။ ခရီးရောက်မဆိုက် ခရီးပမ်း လူပမ်း စိတ်ပမ်း ဖြစ်နေတာနဲ့ ပို့စ်ရေးဖို့တောင် သတိရပေမယ့် စိတ်က မလိုက်နိုင်ပါဘူး။ ဒါပေမယ့် သူ့အကိုတော် Z က သူ့အတွက် ပို့စ်လေး တစ်ခုရေးပေးပါတယ်။ အဲဒီမှာကို ကိုကို့အကြောင်းက တော်တော်ပြည့်ပြည့်စုံစုံကို ပါနေပါပြီ။

မွေးနေ့လက်ဆောင်

မနက်အစောကြီး အဘွားလုပ်တဲ့သူက မွေးနေ့ကဒ်လေး လာတင်ပေးထားပါတယ်။ ဒါပေမယ့် ကိုကို အိပ်ရာက ထတဲ့အချိန်က ကိုးနာရီခွဲနေပြီ။ မွေးနေ့ကဒ်ကို အိပ်မှုန်စုန်မွှားနဲ့ အတင်းဖောက်ခိုင်းပြီး ကြည့်ပါတယ်။ ပြီး ပြန်အိပ်ပါတယ်။ နောက် ရေဖြည့်ပေးထားတယ်။ ရေထချိုး .. အဒေါ်တွေ လာရင် birthday boy က ဒီလိုပုံနဲ့ ကြိုမလို့လား ဆိုမှ အိပ်ရာက ထပါတယ်။ ရေချိုးအဝတ်အစားလဲပြီး လန်းလာမှ သူ့မွေးနေ့ကဒ်ကို သူ သေချာကြည့်ပြီး သဘောကျသွားပါတယ်။ သူ့အဘွားကိုတောင် သူက ပြန်ချီးကျူးလိုက်သေးတယ်။ တော်တယ်တဲ့။ ခဏနေကျ သူ့အဒေါ်က မွေးနေ့ကိတ်တစ်လုံးနဲ့ ရောက်လာပါတယ်။ မှာပေးထားတာကတော့ အဘွားက မှာပေးတာပါ။ အဒေါ်က ဝင်ယူပေးတာ။ Donald Duck ပုံနဲ့ မွေးနေ့ကိတ်ကလေးက ချစ်စရာကောင်းတယ်။

မွေးနေ့ကိတ်
Koala Park

နေ့လည်မှာတော့ သူ့ကို အမှတ်တရအနေနဲ့ Koala Park ကို လိုက်ပို့ပါတယ်။ Koala Park ဆိုပေမယ့် Koala တွေချည်းပဲ ရှိတာ မဟုတ်ပါဘူး။ Kangaroos တွေ၊ Wallabies တွေ၊ Emu နဲ့ Casawari တွေလည်း ရှိပါတယ်။ သူ Shawn ဆိုတဲ့ Koala လေးနဲ့ ကပ်ပြီး ဓာတ်ပုံရိုက်လာသလို သားပိုက်ကောင်လေး တွေကိုလည်း အစာကျွေးချင်တယ်ဆိုလို့ အစာဝယ်ကျွေးပါတယ်။ အစာက တစ်ထုတ်ကို ၁ကျပ်ပြား၇၀တဲ့။ ဘာပါလိမ့်လို့ ကြည့်လိုက်တော့ အခြောက်ခံထားတဲ့မြက်တွေ။ ဖြစ်ပုံများ .. လက်တစ်ဆုပ်စာသာသာ အခြေက်ခံထားတဲ့ မြက်သုံးထုတ်ကို ၅ကျပ်ကျော်ပေးပြီး ကျွေးရတဲ့ဘဝ ..။ အလှူလို့ပဲ သဘောထားပြီး တန်တာ မတန်တာတွေ မတွေးလိုက်တော့ပါဘူး။ သူပျော်ရင်ပြီးတာပဲပေါ့။


အစာကျွေးနေတဲ့ ကိုကို
အိပ်ငိုက်ပြီး လူတွေက သိပ်ရှုပ်တာပဲ အိပ်ရေးပျက်လိုက်တာလို့ တွေးနေတဲ့ Shawn နဲ့ သားအမိနှစ်ယောက်
သားပိုက်ကောင်နဲ့ ကိုကို

ပြန်လာတော့ နောက်တစ်နေ့အတွက် အစီအစဉ်တွေ ဆွဲနေပါပြီ။ သူသွားချင်တဲ့ နေရာတွေက အများသားပဲ။ နောက် သူလိုချင်တဲ့ Emily Rodda ရဲ့ Deltora Quest စာအုပ်တွေကိုလည်း ရတော့မှာမို့ ပျော်နေပါတယ်။ ဘယ်မှာရှာရှာ မရတဲ့ စာအုပ်တွေ၊ ဒီက Borders မှာသွားဝယ်ရင် တစ်အုပ်ကို ၁၅ကျပ် ကျမှာမို့ ၈အုပ်တွဲကို ၁၂၀လောက်ကုန်မှာပါ။ ဒါပေမယ့် ခု ၈အုပ်လုံးယူရင် ၃၅ကျပ်ပဲ ကုန်မယ့် နေရာတစ်ခု တွေ့ထားပါပြီ။ အမေရိကားကနေ လှမ်းမှာရတာပါ။ သူ့အဒေါ်က မှာပေးပါတယ်။ နောက် နှစ်ပတ်ဆို ရပါပြီ။ သူက အဲဒီ စာအုပ်တွေအပြင် Anthony Horowitz ရဲ့ Alex Rider စီးရီးတွေကိုလည်း ကြိုက်ပါတယ်။ ကျွန်မ သူ့အရွယ်က စာအုပ်တွေကို အဲလို လိုက်ရှာမဖတ်တတ်သေးပါဘူး။ ခု သူက ရအောင် လိုက်ရှာပြီး ပူဆာ တတ်ပါတယ်။ ကျွန်မကလည်း စာအုပ်ဆိုရင် ဘယ်လောက်ဖြစ်ဖြစ် ဝယ်ပေးတတ်တာ သူသိတာကိုး။ အဓိကက စာဖတ်စေချင်တာမို့ပါ။ စာဖတ်နေတယ်ဆိုရင်ကို ကျေနပ်နေတာမို့ သူ့ကို စာအုပ်ဖိုး ဘယ်လောက်ကုန်ကုန် ဝယ်ပေးတတ်ပါတယ်။ ခက်တာက သူက စာအုပ်တိုင်း စာတိုင်းကို စိတ်မဝင်စားပါဘူး။ အထူးသဖြင့် ဗမာလိုရေးထားတာများ အဖေနဲ့အမေစာအုပ်တောင် အဖက်လုပ် ကိုင်မကြည့်ပါဘူး။ Anthony Horowitz စာအုပ်တွေလည်း သူလိုက်ရှာနေတာ တစ်အုပ်နှစ်အုပ်ပဲ ရပါသေးတယ်။ လောလောဆယ်တော့ သူလိုချင်တဲ့ အရာမှန်သမျှက ပြည့်စုံနေတာမို့ မနက်ကပဲ အမေနဲ့တောင် ပြောဖြစ်သေးတယ်။ သူ့ကုသိုလ်နဲ့ သူလာတာလို့။ သူ့အဖွား မနက်က သူ့ကို မုန့်ဖိုးပေးတဲ့ ပမာဏက ကျွန်မတို့ ငယ်ငယ်က တစ်ခါမှ အိပ်မက်တောင် မမက်ဘူးတဲ့ ပမာဏမို့ ပြောမိကြတာပါ။ လူဆိုတာ သူ့ကုသိုလ်နဲ့ သူလာတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ သူ့ကံပါမလာရင် ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အရာထင်လာမယ် မထင်ပါဘူး။

အမှန်က ပို့စ်က ဒီလောက်နဲ့တင် ပြီးပါပြီ။ ဒါပေမယ့် သူ့အကြောင်းရေးပါလို့ တောင်းဆို ထားကြတဲ့ သူတွေအတွက် အမှတ်ရစရာတချို့ကိုပါ အပိုဆောင်းပေးလိုက်ပါတယ်။

ကပ်သီးကပ်သပ် ကိုကို

သူ့အကို ရေးခဲ့သလိုပဲ မြန်မာစာကို အတော်လေး အဆင်မပြေပေမယ့် ပေါက်ကရတော့ အတော်ပြောပါတယ်။ သူ့ကို ILBC ကစာတွေအပြင် မြန်မာကျောင်းက မြန်မာစာနဲ့သချာင်္ကိုလည်း သပ်သပ် သင်ပါတယ်။ အဲဒီမှာ မေးခွန်းတစ်ခုက ကျောင်းသူကျောင်းသား ၄၀ အနက်မှ … ဆိုတဲ့ စာကြောင်း ပါလာပါတယ်။ ဒါကို ကိုကိုက သူ့ဆရာမကိုမေးတယ်။ ကျောင်းသူနဲ့ကျောင်းသား ဘာကွာလဲ တဲ့။ သူ့ဆရာမက ကျွန်မ သူငယ်ချင်းအရင်းကြီးဆိုတော့ လုပ်ပါဦး နင့်သားက ဘာကွာလဲ မေးနေတယ်တဲ့။ အဲဒါနဲ့ လာခဲ့ မေ ရှင်းပြမယ်ဆိုတော့ မလာရဲပါဘူး။ နောက်တော့မှ သိရတာက ကျောင်းသား ဆိုရင် ဘာလို့ ကျောင်းသမီးလို့ မပြောတာလဲတဲ့။ သူ့မြန်မာစာအဆရာမ ပက်လက်လန်ပါတော့တယ်။ ဒီတော့မှ ပြန်ပြီး မြို့သူ မြို့သား၊ သားနဲ့သမီး စတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ပြန်ရှင်းရပါတော့တယ်။ ကျောင်းသား ကျောင်းသမီး ကိစ္စ ပြေလည်သွားတော့ နောက်ထပ်မပြေလည်တာက အနက်မှ ဆိုတဲ့စကားလုံးပါ။ အနက်ရောင်ထဲက ဘာလို့ ကျောင်းသူကျောင်းသား ၄၀ … ဆိုပြီး သူစဉ်းစားပြန်ပါတယ်။ among 40 students ဆိုတော့မှ သူပြေလည်သွားပါတယ်။

ကပ်စေးနည်းကိုကို

သူတို့ ညီအစ်ကို ကပ်စေးနည်းတာတော့ သိပြီးလောက်ပါပြီ။ ခုလည်း လကုန်ခါနီး ဆရာမကို လခပေးရမယ့် အချိန်မှာ ကျွန်မက မေ့သွားပါတယ်။ နောက်တော့မှ သူသင်တန်းရှိလို့ မလာတော့ဘူးဆိုတာ သိရတယ်။ ကျွန်မတို့ကလည်း ခရီးထွက်မှာဆိုတော့ ဖုန်းဆက်ပြီး အဆင်ပြေတဲ့အချိန် လာယူခိုင်းမှ ဆိုတော့ နေပါစေ မပေးပါနဲ့တော့တဲ့။ ဟယ် ..ဆရာမက ဒီလခနဲ့စားနေတာလေ။ ဘာလို့ မပေးရမှာလဲ ဆိုတော့ ဆရာမက သူ့တစ်ယောက်တည်း သင်နေတာမှမဟုတ်တာ။ ဒီလ သူ့ဆိက မရလည်း တခြားသူတွေဆီက ရမှာပဲ တဲ့။ သူ့ဆရာမကို ရင်ကွဲပက်လက်ဖြစ်မှာစိုးလို့ မပြောရသေးပါဘူး။

၇.၅

တလောက သူကပြောတယ်။ သူတို့သူငယ်ချင်း၇ယောက်ကို forever 7 လို့ သူတို့ဘာသာ သူတို့ နာမည်ပေးထားတယ်တဲ့။ အဲဒါ ယောကျာ်းလေး ဘယ်နှစ်ယောက် မိန်းကလေး ဘယ်နှစ်ယောက်လဲ ဆိုတော့ ယောကျာ်းလေးချည်းပဲတဲ့။ no girls allow ဆိုပဲ။ ဒါနဲ့ သားတို့အခန်းထဲမှာ ယောကျာ်းလေးက ၇ယောက်လား ဆိုတော့ ဟင့်အင်း တဲ့။ 7.5 တဲ့။ ဘယ်လို ဘယ်လို လို့ ပြန်မေးတော့လည်း 7.5 လို့ပဲ ဖြေပါတယ်။ ဟဲ့ ဘယ်က ၀.၅ ကပါလာတာလဲ ဆိုတော့ သူရှင်းပါတော့တယ်။ သူတို့အခန်းထဲမှာ ယောကျာ်းလေး စစ်စစ်က ၇ယောက်ပဲရှိတယ်တဲ့။ ကျန်တဲ့ နှစ်ယောက်က ယောကျာ်းလို့ ပြောလို့မရဘူးတဲ့။ တစ်ယောက်ကို ၀.၂၅ စီပဲ ပါဝင်မှုနှုန်းရှိတဲ့အတွက် နှစ်ယောက်မှ ၀.၅ မို့ ၇.၅ တဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ၁၁ နှစ်တာကာလတော့ ကျွန်မ ဖြတ်သန်းခဲ့ပြီးပါပြီ။ တစ်ယောက်တည်း ထမ်းနေရပေမယ့် လေးတယ်လို့ မထင်တာက မေတ္တာတရားကြောင့်လို့ မြင်ပါတယ်။ မေတ္တာတရား ရှိရင် တာဝန်ယူချင်စိတ်က အလိုလို ဖြစ်လာတာပါပဲ။ ကျွန်မ သားကလေးကိုလည်း မေတ္တာစိတ်ပြည့်ဝပြီး ဘယ်အရာမဆို တာဝန်ယူတတ်တဲ့ သူလေးတစ်ယောက်ဖြစ်စေချင်နေမိတာကတော့ ဒီနေ့သူ့မွေးနေ့မှာ ဖြစ်နေမိတဲ့ စိတ်ဆန္ဒပါပဲ လို့ …

မနော်ဟရီ