တစ်နှစ်ပြီးတစ်နှစ် တစ်ရက်ပြီးတစ်ရက် တစ်ညပြီးတစ်ည

Friday, June 25, 2010

တစ်နှစ်ပြီးတစ်နှစ် တစ်ရက်ပြီးတစ်ရက် တစ်ညပြီးတစ်ည

ငါ ဘာတွေ လုပ်နေမိတာလဲ တစ်နေ့ပြီးတစ်နေ့
မနက်လင်းပြီဆို … ဘုရားရှိခိုးဖို့တော့ မေ့မေ့နေတတ်
ခလုတ်ကိုအရင်စမ်း ..ကမ္ဘာကြီးကိုပဲ ချောက် ကနဲ လှမ်းလှမ်းဖွင့်မိ
ကော်ဖီတစ်ခွက်ကိုဘေးချ နှပ်သားမကျတဲ့ နာရီတွေကိုချည်း မေ့သောက်နေမိ တမေ့ တမော ….
ရယ်စရာမောစရာတွေကို စကာနဲ့တိုက်ချရင်း မောစရာတွေချည်း စစ်ယူလိုက်မိတဲ့သူလို
သက်ပြင်းတွေရင့်အိုပြိုကျလာပြီ ဆိုရင်တော့ ငါ .. အဲဒီခလုတ်ကို အသာပိတ်
ငါ့အပြင်ဖက်ကို ငါ တိတ်တဆိတ် ထွက်ခဲ့လိုက်တတ်တယ်။

ငါ ဘယ်တွေ သွားနေမိတာလဲ တစ်နေ့ပြီးတစ်နေ့
ခြေထောက်က တစ်နေရာ စိတ်က တစ်နေရာ ဦးနှောက်က တစ်နေရာ နှလုံးသားက တစ်နေရာ
တစ်ခါတစ်ခါဆို .. သေပစ်လိုက်ဖို့ကိုပဲ သူတို့ ခဲရာခဲစစ် စစ်ဖြစ်နေကြပြန်တယ်
ဒါပေမယ့် … နေကွယ်ပြီဆိုပြန်တော့လည်း ..ခြေထောက်က ဦးလှည့်တဲ့အိမ်ဆီ
ရည်ရွယ်ချက်မပါ ဦးတည်ချက်မပါ မညီမညာ လိုက်ပြန်ခဲ့ကြပြန်ရော …

ငါ ဘာတွေ လုပ်နေမိတာလဲ တစ်ညပြီးတစ်ည
သတိရတတ်မှုတွေကို ထထပိတ်နေရလို့ မအိပ်ဖြစ်သေးတာ ဆိုရင်
ခင်ဗျားတို့ ရယ်ချင်ရယ်ကြလိမ့်မယ် …
ပရောက်စီတွေနဲ့ ကျော်ရလွှားရတာခက်ခဲတော့ အဲဒီ button က ပျောက်ပျောက်နေတတ်တယ်
ဒါကိုတော့ ချွင်းချက်အဖြစ် လျို့ဝှက်ထားလိုက်ကြတာပေါ့
ရွတ်ဆိုနေကျ အဖွင့်ဂါထာတွေကိုလည်းမေ့လျော့ အမှောင်ထုက ကြိုးလျော့လျော့လာတယ်
တစ်မိုင်တိုင်ပြီး တစ်မိုင်တိုင် …………

ငါ ဘယ်တွေ သွားနေမိတာလဲ တစ်နှစ်ပြီးတစ်နှစ်
ကိုယ့်လှေကိုယ်အလွဲလွဲအမှားမှားစိုင်းမိရင်း .. ကိုယ့်မြင်းကိုယ် အမှားမှားအလွဲလွဲထိုးမိရင်း
ဟိုလည်းမရောက် ဒီလည်းမရောက် ကမ်းပျောက် မြေပျောက် ရင်ခွင်ပျောက်နေသူလို
နေတွေဝင်လာလိုက် နေတွေထွက်သွားလိုက် အမှောင်+အလင်း
လရောင်လင်းလာလိုက် လရောင်မှောင်သွားလိုက် အမှောင်+အလင်း
ကြယ်တွေပွင့်လာလိုက် ကြယ်တွေမိုက်သွားလိုက် အမှောင်+သီချင်း
အမှိုက်တွေလှဲရင်း …………လှဲရင်း ………… ခရီးက မတွင်…………..

ငါ ဘာတွေလုပ်နေမိတာလဲ တစ်နှစ်ပြီးတစ်နှစ်
မချစ်လိုက်ဖို့ကြိုးစားစရာမလိုပဲ မချစ်ကို မချစ်ဖြစ်တော့တဲ့ အချစ်စစ်စစ်တွေအကြောင်း
စွန့်ပစ်ဖို့ကြိုးစားစရာမလိုလိုက်ပါပဲ မပစ်ကိုမပစ်ဖြစ်လိုက်တော့တဲ့ စွန့်ပစ်ခံစစ်စစ်တွေအကြောင်း
အစစ်ဖြစ်ဖို့ကြိုးစားစရာမလိုလိုက်ပါပဲ မစစ်ကိုမစစ်ချင်ကြတော့တဲ့ အစစ်တရားစစ်စစ်တွေအကြောင်း
အဟောင်းတွေချည်း ထပ်တလဲလဲ ကျင်လည်ရစ်ဝဲနေခဲ့ တစ်သက္ကရာဇ်ပြီး တစ်သက္ကရာဇ်
တစ်နှစ်ပြီး ……………တစ်နှစ်…………………

ငါ ဘာလို့ ရပ်နေမိပြန်တာလဲ တစ်နှစ်ပြီးတစ်နှစ် …………..

မနော်ဟရီ (၉၊၅၊၂၀၀၉)


11 Comments:

Zephyr said...

အိမ်ပြန်လာတော့မယ် ...


တစ်နှစ်ပြီးတစ်နှစ် ...

ငါဘာလို့ရပ်နေမိပြန်တာလဲ ....
တစ်နှစ်ပြီးတစ်နှစ် ....

တစ်နှစ်နှစ် ..
တစ်လလ
တစ်ရက်ရက် ...

emayarKhin said...

ကဗျာလေးမှာခံစားချက်
တွေရဲပလောင်းထနေတယ်..
ထပ်တူခံစားသွားပါတယ်..
ချစ်မရေ...။။။
ချမ်းမြေ့ပျော်ရွှင်ပါစေနော်..။။။

tin min htet said...

ကဗျာ အသစ်တက်တာတွေ့လို့ ပေါက်ကရပြောမယ် ဆိုပြီး ဝင်လာတာပဲ။ ကဗျာကိုဖတ်ပြီးတော့ မပြောရဲတော့ပါ။

"ငါဘာလို့ရပ်နေမိပြန်တာလဲ တနှစ်ပြီးတနှစ်" လို့ ငါလည်း ပြန်စဉ်းစားရတော့မယ်။ ငါလည်း အသက်က မငယ်တော့ဘူး ;P

tg.nwai said...

မနော်ရေ.. စ စချင်းပဲ ထိ သွားတာ..

“ ငါ ဘာတွေ လုပ်နေမိတာလဲ တစ်နေ့ပြီးတစ်နေ့
မနက်လင်းပြီဆို … ဘုရားရှိခိုးဖို့တော့ မေ့မေ့နေတတ်..”

အော်.. ဒါကြောင့် မနော်ဟရီ မည်ပေသတည်းပေါ့...
တပုဒ်လုံး ကူးယူသွားပါတယ်.. ပြန်ဖတ်ဖို့..

FB မှာ မန့်မရလို့ ဘလော့ဂ်ရောက်လာ..:)

မယ့်ကိုး said...

အစစ်ဖြစ်ဖို့ကြိုးစားစရာမလိုလိုက်ပါပဲ မစစ်ကိုမစစ်ချင်ကြတော့တဲ့ အစစ်တရားစစ်စစ်တွေအကြောင်း
အဟောင်းတွေချည်း ထပ်တလဲလဲ ကျင်လည်ရစ်ဝဲနေခဲ့ တစ်သက္ကရာဇ်ပြီး တစ်သက္ကရာဇ်
တစ်နှစ်ပြီး ……………တစ်နှစ်…………………

...
...
ငိုချင်တယ် မမ... =(

Cameron said...

တစ်ရက်ပြီးတစ်ရက် ....
တစ်ညပြီးတစ်ည....
တစ်နှစ်ပြီးတစ်နှစ်...
ပြီးပြီးသွားတိုင်း.....
ဘာတွေကျန်ရစ်ခဲ့သလဲ...
အစစ်ဖြစ်ဖို့ကြိုးစားရင်းနဲ့ပဲ..
အဟောင်းထဲ တ၀ဲလည်လည်ရင်း..
သက္ကရာဇ်တွေတစ်ခုတစ်ခုပြောင်းလို့...
ရပ်နေမိတာကလဲ အဲဒီနေရာမှာပါ...

ခင်မင်စွာဖြင့်
မိုးငွေ့

သဒ္ဓါလှိုင်း said...

ကဗျာလေးရဲ့စကားလုံးတိုင်းစကားလုံးတိုင်း
အဓိပ္ပါယ်ပြည့်ဝနေလို့အထပ်ထပ်ဖတ်နေမိတယ်မနော်.။
ဒီလိုနဲ့ပဲ ကုန်ဆုံးသွားတော့မှာလားလို့ တွေးရင်းနဲ့......

ခင်တဲ့
ညီမသဒ္ဓါလှိုင်း

လင်းဒီပ said...

ဒီကဗျာလေးကို မနေ့က PDF နဲ့ ဖတ်တယ် ။
အခု ဘလောဂ့်မှာ ထပ်ဖတ်ပါတယ် ။

အဲသလိုတွေးလိုက်မိတော့ ဘာဆက်လုပ်နေ ဘာဆက်ဖြစ်နေမှန်းကိုမသိတော့ ။
အစ်မကဗျာက အမှန်တွေကို တဝကြီး ရေးပြလိုက်တာပါပဲ....။

ကျွန်တော်တို့တွေ မေ့နေ မောနေ ကန်းနေပေါ့
နေ့တွေ ညတွေ နှစ်တွေထဲမှာ.....။

Unknown said...

ဘာတွေလုပ်နေရဦးမှာလည်း ဘာတွေဆက်ဖြစ်ဦးမှာတဲ့လည်း
နောင်လာမယ့် ရက် လ နှစ် သက္ကရာဇ်တွေထဲ...

little brook said...

အမပို့စ်ဖတ်ပီး ကိုယ့်ကိုယ်ကိုတောင် ချက်ချင်းပြန်မေးမိသွားတယ်
ငါဘာတွေလုပ်နေတာလဲလို့ ..
ပြီးတော့ ချက်ချင်းပဲ အမေ့အိမ်ပြန်ရတော့မလိုလို ဖြစ်လာတယ် .. ဟူးးး

အိန္ဒြာ said...

သတိရတတ်မှုတွေကို ထထပိတ်နေရလို့ မအိပ်ဖြစ်သေးတာ ဆိုရင်
ခင်ဗျားတို့ ရယ်ချင်ရယ်ကြလိမ့်မယ်

သတိရမှုတွေကို ထထ ပိတ်နေရလို့

သတိရမှုတွေကို ထထ ပိတ်နေရလို့

ဟုတ်တယ် သတိရမှုတွေ လင်းနေသရွေ့ သံသရာ မပြတ်နိုင်ဘူးပေါ့ မမရယ်

မနေ့ကထွန်းလင်းခဲ့တဲ့ နေရောင်မှာ
တစ်ရက်စာရင့်ရော်သွားတဲ့ အရေပြားတွေ....
အိုမင်းသွားတဲ့ စိတ်ဓါတ်တွေ
ဟောင်းနွမ်း သွားတဲ့ မျှော်လင့်ချက်တွေ

ဒီနေ့ ကုန်သွားတဲ့ နေရောင်မှာ
တစ်ရက်စာရင့်ရော်သွားတဲ့ အရေပြားတွေ....
အိုမင်းသွားတဲ့ စိတ်ဓါတ်တွေ
ဟောင်းနွမ်း သွားတဲ့ မျှော်လင့်ချက်တွေ

နောက်နေ့ထွန်းလင်းလာမယ့် နေရောင်အောက်မှာ
တစ်ရက်စာရင့်ရော်သွားတဲ့ အရေပြားတွေ....
အိုမင်းသွားတဲ့ စိတ်ဓါတ်တွေ
ဟောင်းနွမ်း သွားတဲ့ မျှော်လင့်ချက်တွေ

နောက်တစ်နေ့..........
ဟိုးးးးးးးနောင်တစ်နေ့........