ဝ + ၇ = ၁

Monday, February 22, 2010

ဝ + ၇ = ၁
ဆောင်းတစ်ညရဲ့အေးခဲမှုမှာ ငြိမ်သက်ခြင်းဟာ အရေပြားတစ်လျှောက် တဟုန်ထိုးစီးနေ
ဖြစ်နိုင်မယ်ဆို ခင်ဗျားလက်နဲ့ သူ့မျက်လုံးကို ပိတ်ပေးပါ
မျက်နှာ ဝှက်ထားဖို့ကြိုးစားရင်း မုတ်သုန်လေအလာကို မျှော်မိရဲ့
ငါ့ရဲ့ ကျဆုံးခန်းကို အပြိုင်အဆိုင် တစ်လက်လက်နဲ့ မှတ်တမ်းတင်ကုန်ကြပြန်ပြီ
အိမ်ပြန်ချိန်တွေ လဲလဲကျတော့ ပြေးပြေးထူမိရ
လောကရဲ့ .. တချို့သော ပြဿနာတွေဟာ ကိုယ့်အရိပ်ကိုယ်နင်းထားရတာမို့
တစ်နေ့သော ... ခပ်စောစောမှာ .. ကျီးပြိုသံတွေကြားရလိမ့်မယ် ...။ ။

မနော်ဟရီ

ဒီကဗျာလေးက ဆရာမြတ်သစ် လုပ်မယ့် မဂ္ဂဇင်းတစ်ခုအတွက် ရေးပေးဖြစ်တာပါ။ ခရောင်း၊ညီမိုင်းလင်း၊မင်းခက်ရဲ၊ ပြည့်နိုင်(ဖိုးပြည့်)၊နန္ဒမင်းနိုင်၊ နှင်းမြို့ရိုး( နိုးဝေ) ၊ထက်ခေါင် တို့ရဲ့ ကဗျာတွေနဲ့ ပြုလုပ် ထားတဲ့ collage ကဗျာတစ်ပုဒ်လည်း ဖြစ်သလို အဲဒီ ခုနှစ်ယောက်ရဲ့ ကဗျာစာအုပ်ဖြစ်တဲ့ ၀+၇=၁ မှာရေးပေးတဲ့ ကိုတာရာမင်းဝေရဲ့ အမှာမှာလည်း ဒီကဗျာကို ပြန်သုံးထားခဲ့ပါတယ်။ (အဲဒီ အမှာလေးကို လည်း အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။)
ဒါလေးကိုပြန်ဖတ်ပြီး နှင်းမြို့ရိုးတို့ ဖိုးပြည့်တို့ ထက်ခေါင်တို့ ကဗျာတွေပိုရေးလာနိုင်ပါစေ။
( ဒီထဲမှာပါတဲ့ မင်းခက်ရဲ ဆိုတာ ခုလက်ရှိ စာကြီးပေကြီးတွေ ရေးနေတဲ့ မင်းခက်ရဲ ပဲလားမသိပါဘူး။
အိအိခင် စာမူခလာထုတ်တဲ့ မင်းခက်ရဲကို ကဗျာတောင်းမိတုန်းက သူ ကဗျာမရေးပါဘူး လို့ အကြောက် အကန်ငြင်းခဲ့တာ အမှတ်ရတယ်။ တစ်ယောက်စီဖြစ်ပြီးနာမည်တူတာ ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။ )

ဝ + ၇ = ၁
------------------------------
--------------- တာရာမင်းဝေ ------------------
ဆောင်းတစ်ညရဲ့အေးခဲမှုမှာ ငြိမ်သက်ခြင်းဟာ အရေပြားတစ်လျှောက် တဟုန်ထိုးစီးနေ
ဖြစ်နိုင်မယ်ဆို ခင်ဗျားလက်နဲ့ သူ့မျက်လုံးကို ပိတ်ပေးပါ
မျက်နှာ ဝှက်ထားဖို့ကြိုးစားရင်း မုတ်သုန်လေအလာကို မျှော်မိရဲ့
ငါ့ရဲ့ ကျဆုံးခန်းကို အပြိုင်အဆိုင် တစ်လက်လက်နဲ့ မှတ်တမ်းတင်ကုန်ကြပြန်ပြီ
အိမ်ပြန်ချိန်တွေ လဲလဲကျတော့ ပြေးပြေးထူမိရ
လောကရဲ့ .. တချို့သော ပြဿနာတွေဟာ ကိုယ့်အရိပ်ကိုယ်နင်းထားရတာမို့
တစ်နေ့သော ... ခပ်စောစောမှာ .. ကျီးပြိုသံတွေကြားရလိမ့်မယ် ...။ ။


တစ်နေ့မှာ ကျွန်တော့်အိမ်ကို မော်ဒန် ဂုရုကြီးတစ်ပါးက ဖုန်းဆက်လာပါတယ်။ ဆရာမြတ်သစ်ပါ။ ကျွန်တော့်ဆီက ဝတ္ထုတိုတစ်ပုဒ်၊ မနော်ဟရီဆီက ကဗျာတစ်ပုဒ် လိုချင်ကြောင်း ပြောပါတယ်။ လူနိုင်တွေမို့ အားအား မအားအား ရေးပေးရတော့မှာပါပဲ။ ကျွန်တော် မရေးရသေးခင်မှာ .. မနော်ဟရီက ရေးပြီးသွားပါပြီ.. ။ အထက်မှာဖော်ပြခဲ့တဲ့ ကဗျာလေးပါပဲ။

ပို့စ်မော်ဒန်အယူအဆ အရ အဲဒီကဗျာအမျိုးအစားကို
collage text လို့ ခေါ်ပါတယ်။ ပို့စ်မော်ဒန် သဘောတရားဆိုင်ရာ ကျမ်းစာအုပ်တွေမှာ collage text အကြောင်းပြောပြီဆိုလို့ရှိရင် ဒေါ်နယ်ဘာသမ်လ် ရဲ့ The Viennese Opera Ball (1964) A Picture History of the War (1968) တို့ကို ကိုးကားပြောဆို လေ့ရှိကြပါတယ်။ စာပေအရာနဲ့ပတ်သက်ပြီး ပန်းချီဝေါဟာရဆန်တဲ့ collage ထက်စာရင် Pastiche စကားလုံးကို တချို့ပညာရှင်တွေက ပိုမို ကြိုက်နှစ်သက်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပို့စ်မော်ဒန် အနုပညာရဲ့ စရိုက်လက္ခဏာဟာ Pastiche နဲ့ Collage ဖြစ်တယ်လို့ ပါမောက္ခ
Steinar Kvale ကဖွင့်ဆို ထားပါတယ်။ သူ့ရဲ့ ပို့စ်မော်ဒန် ခံယူချက်များ ဆိုတဲ့ ဆောင်းပါးမှာ ထည့်သွင်း ရေးသားထားတာဖြစ်ပြီး မူရင်းမှာ Postmodern Art is characterized by pastiche and collage လို့ ရေးထားပါတယ်။
Pastiche ပဲဖြစ်ဖြစ်၊ Collage Text ပဲဖြစ်ဖြစ်၊ သူတစ်ပါးရဲ့ စာသားတွေကို ကိုယ့်ဘာသာပုံစံ ကစဥ့်ကလျား တွဲစပ်ပြီး အနုပညာမြောက်အောင် ပြုလုပ်ဖန်တီးကြတာချည်းပါပဲ။

ဒဂုံတက္ကသိုလ်က ကျောင်းသားတစ်သိုက် ကျွန်တော့်အိမ်ကို ရောက်လာပြီး သူတို့ထုတ်ဝေမယ့် သုည+ခုနှစ်=တစ် ဆိုတဲ့ ကဗျာစာအုပ်လေးအတွက် အမှာတောင်းလာပါတယ်။ ဖတ်ကြည့်မိတော့ သဘောတွေ့ပါတယ်။ သူတို့ရဲ့ ကဗျာ စာကြောင်းတွေကို ကစဥ့်ကလျားဆွဲယူ ပေါင်းစပ်ပြီး မနော်ဟရီ က အထက်ပါ ကဗျာကို ရေးသားပါတယ်။

မနော်ဟရီရဲ့ ကဗျာဟာ ပို့စ်မော်ဒန် ကဗျာလို့ ဆိုကြပါစို့။ ထက်ခေါင် ညီမိုင်းလင်း ၊ပြည့်နိုင် ၊နှင်းမြို့ရိုး၊ မင်းခက်ရဲ၊ NDမင်းနိုင်၊ ခရောင်းတို့ရဲ့ ကဗျာတွေကလည်း ပို့စ်မော်ဒန် ကဗျာတွေပါပဲ။ ပို့စ်မော်ဒန် ကဗျာတွေ ရဲ့ ထုံးစံအတိုင်း ကာရန်နည်းကျ ကဗျာတွေကို သူတို့ ဆန့်ကျင်ထားပါတယ်။ တညီတညွတ် တည်းသော ပေါင်းစုမှုအသံ
( The Unified Voice) ကို သူတို့ မသုံးဘူး။ အသံပေါင်းစုံ ဖြာထွက် စေတဲ့ Multiple Voice ကို သူတို့ သုံးထာတယ်။

အဓိက အားဖြင့် လွတ်လပ်တဲ့ ခင်းကျင်းထားသိုမှု
( Open field composition) ကို သူတို့ ဆောင်ယူ တယ်။ ပိတ်ထားတဲ့ ပုံစံနဲ့ မရေးပဲ .. ဖွင့်လျက်အနေအထားနဲ့ ရေးထားတဲ့ ကဗျာတွေမို့လို့ သူတို့ အုပ်စုရဲ့ ကဗျာတွေဟာ Open Poetry အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ( ပုံစံတစ်ခုထဲမှာ ပိတ်မိနေတဲ့ ကဗျာတွေ ကို Close Poetry/ Othodox Poetry/ Mainstream Poetry လို့သုံးလေ့ရှိပါတယ်။)

ပို့စ်မော်ဒန်ကာလကြီးထဲမှာ မွေးဖွားကြီးပြင်းလာတဲ့ လူငယ်တချို့ဟာ ပို့စ်မော်ဒန် ခံစားမှုတွေကို တစ်စိပ် တစ်ပိုင်းသော်လည်းကောင်း၊ တနင့်တခဲသော်လည်းကောင်း၊ ခံယူရလေ့ရှိပါတယ်။ အဲဒီထဲမှာ သူတို့ ခုနှစ် ယောက် ပါဝင်နေတာကို တွေ့ရပါတယ်။ သူတို့တွေရဲ့ ကဗျာရေးလက်တွေဟာ ရှေ့လျှောက် ပိုပြီး တက်လာ ကြဦးမှာပါပဲ။ မဂ္ဂဇင်း စာမျက်နှာတွေပေါ်ကို အပြိုင်းအရိုင်း ဝင်ရောက်လာမယ့် နေ့တစ်နေ့ဟာ မကြာမီ ရောက်လာတော့မယ် ထင်ပါရဲ့။

မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ ရေးလက်စ ကဗျာဆရာတစ်ယောက်အနေနဲ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ် မှာရေးလာတော့မယ့် သူတို့ ခုနှစ်ယောက်ကို ကျွန်တော့်အနေနဲ့ ကြိုဆိုလိုက်ပါတယ်။
ပန်းဆိုတာ အပင်ရင်းဖက်ကို လှည့်မပွင်ဘူး တဲ့။ ပင်မရေစီးကဗျာတွေကို ကျောခိုင်းပြီးပွင့်လာတဲ့ သူတို့ပို့စ်မော်ဒန် ကဗျာတွေကို ဖတ်ရှုအားပေးလိုက်ကြပါဦး ..။ ။


8 Comments:

လင်းဒီပ said...

ဒီစာအုပ်လေး ကျောင်းမှာ လာရောင်းတဲ့အချိန်မှတ်မိတယ် ။ကိုမင်းခက်ရဲတို့ လိုက်ရောင်းတာပေါ့ ။(ကိုတာရာမင်းဝေ အမှာစာနဲ့ပါ။) ကိုမင်းခက်ရဲက သူကဗျာမရေးပါဘူးလို့ အကြောက် အကန်ငြင်းတယ်ဆိုတော့ ပြုံးမိပါတယ် ။

အိန္ဒြာ said...

ကျောင်းကို သတိရမိသွားတယ် မမ...

ကဗျာစာအုပ်ကလေးတွေ ကွန်ပြူတာတောင်မစီဘူး
လက်ရေးလှတဲ့သူတွေကရေးပြီး
ဖယောင်းနဲ့လှိမ့်ထုတ်တာ..

ဘယ်သူ့အမှာစာမှလည်းမပါ..

ဒါပေမယ့် သိပ်ဂုဏ်ယူတန်ဖိုးထားခဲ့တာ
ဘယ်အချိန်ချိန်ပြန်ပြောပြော ကြည်နူးလို့..

Anonymous said...

ဖတ်ချင်သည်။

tin min htet said...

မနော်က collage ကို တော်တော်သုံးခဲ့ဖူးတာပဲ။ ကဗျာကို ဖတ်လိုက်တုန်းက မသိလိုက်ဖူး။ အမှာစာ ဆက်ဖတ်မှ collage မှန်းသိတယ်။

အဲဒီနည်းကို တခါသုံးကြည့်ဖူးပေမယ့် ကိုယ့်ဖာသာ စိတ်တိုင်းမကျဘူး။ အရမ်း အစီအစဉ်ကျအောင် စီနေမိလို့။

စိုင်းလောဝ်ပိန်း said...

အမရဲ့ collage လေးရော ဆရာ့ အမှာစာရော ဖတ်သွားပါတယ်။ ကျောင်းတုန်းက ကဗျာစာအုပ်တွေ စုစုထုတ်ဖြစ်တာကို ပြန်လွမ်းသွားတယ်။

သဒ္ဓါလှိုင်း said...

မနော်လို့ပဲခေါ်လိုက်မယ်နော်.။
စာလာဖတ်ခဲ့ပါတယ်။ လင့်ချိတ်ခွင့်ပြုပါနော်.

ခင်တဲ့
ညီမသဒ္ဓါ

emayarKhin said...

ချစ်မရေ...Craton ပြောသလိုပဲ..
ဖတ်ချင်လိုက်တာ...:P

NW said...

ဒါလေးကို အခုမှတွေ့တယ်.. ကျနော်ပြန်ကူးသွားမယ် သိမ်းထားဖို့
အဲသည့်

@Craton and အမရာ xxx ဝ+၇ = ၁ ဖတ်ချင်ရင် ကျနော် ရန်ကုန်ပြန်ရောက်ရင်ပဲဖြစ်ဖြစ် လူကြုံရှိရင်ပဲဖြစ်ဖြစ် ပြန်မှာပြီး ..ကျနော့် ဘလော့မှာ တင်ပေးပါ့မယ်..