အချစ်ဆိုသော လက်တမ်းပုံပြင်များအကြောင်း

Wednesday, September 2, 2009

ဝါဝါက တက်ဂ်ပါတယ်။ အချစ်အကြောင်းတဲ့..။ စည်းကမ်းချက်ကလည်းပါလိုက်သေးတယ်။ အမှန်က ထုံးစံအတိုင်း တက်ဂ်ပို့စ်တွေမှာ ကျွမ်းကျင်စွာညံ့တတ်တဲ့ ကျွန်မက ဝါဝါ့ဆီမှာ အကြွေးက သုံးခုပါ။ ဒီပို့်စ်လေးကိုတော့ထပ်ရှောင်လို့မကောင်းဘူးဆိုပြီး တစ်ခါကရေးဖူးခဲ့တဲ့ကဗျာလေးကို ပြန်တင်ပေး လိုက်ပါတယ်။ ရွှေဖူးစာ မဂ္ဂဇင်း၊ အချစ်ဂျာနယ် မျက်နှာဖုံးနဲ့ နောက်ထပ် စာမျက်နှာသုံးလေးခု လောက်မှာပါထားပြီးသားဖြစ်တဲ့အပြင် ဘလော့ခ်စလုပ်တုန်းကလည်း တင်ထားဖူးတာမို့ အဟောင်း လို့ပဲ ပြောကြရအောင်။ ဒါပေမယ့် မဖတ်ရသေးတဲ့သူတွေနဲ့ တက်ဂ်ထားတဲ့ ဝါဝါ့အတွက် အမှတ်တရပါ။

အစ... ဘုရားသခင်က ကြွေအံမကစားတော့ဘူးဆိုပြီး အံစာတုံးကိုကောက်အသိမ်း အိတ်ဝကနေ ချော်ကျလာတဲ့ အံစာတစ်တုံးဟာ ငါတို့ရဲ့ ကံကြမ္မာဖြစ်တယ်။ ကြည့်လိုက်တော့ မျက်နှာပြင် ခြောက်ခုလုံး နဲ့ မသက်ဆိုင်တဲ့ အံစောင်းတစ်ခုဖြစ်နေခဲ့တယ်။ ဒါပါပဲ ။ နောက်ထပ်လက်တမ်းပုံပြင်အသစ်တစ်ပုဒ် ဘုရားသခင် ကိုယ်တိုင် နားဆင်ခွင့်ရသွားခဲ့တာပေါ့





လက်တမ်းပုံပြင်
ရင်ကိုတောက်စားတတ်တဲ့ဖဲပွင့်တွေအကြောင်းကစ ရအောင်
“ချစ်တယ်”ဆိုတာတကယ်တော့“သေဆုံးခြင်း”တဲ့..
နားလည်သူတွေရဲ့ ခေါင်းတညိတ် ကိုပဲ လက်ခံမှာပါ..
အနာဂါတ်ဟာ ဘာအကြောင်း အရာမှရေးထိုး မထားတဲ့ စာရွက်တစ်ရွက် မှ မဟုတ်ပဲ
ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ...
“မသေချာဘူး”ဆိုတဲ့ လူတွေကို ပြုံးကြည့်ရင်း
မျက်နှာကြော တွေ တောင် တင်းလာ လိုက်တာ
ကမ္ဘာဦးကျမ်းကြီး တောင် မြွေတစ်ကောင်နဲ့  အကြီးအကျယ် ပြဿနာတက်လို့ ..
“ငါတို့ နောက်ဆုတ် ကြပါတော့လား”
ကိုယ့်ကိုကိုယ် ပြောတာတောင် ကြားအောင် မပြောရဲတဲ့ နောက်
ချောက်ကမ်းပါး ဆိုတာလည်း ဂန္ထ၀င် ဂီတတစ်ပါး ပဲပေါ့
တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး။
မနော်ဟရီ
၂၀၀၃


25 Comments:

Sein Lyan Tun said...

ချစ်သူပေးလို့ ရတဲ့တစ်

Sein Lyan Tun said...

မတည်မြဲတဲ့လောက ကြီးက
ပြောင်းလဲတတ်တဲ့ အကြောင်းတရားတွေကြောင့်
ရေပန်းစားနေတဲ့ လက်တမ်းပုံပြင်တွေကို
ဝိုင်တစ်ခွက်လို ယစ်မူးစွာသောက်မိချိန်မှာ
ဆုံးရှုံးခြင်းဆိုတာ ငါမသိတဲ့ သင်ခန်းစာ..။

လွမ်းဆွေးမှု နွံထဲ ငါခြေလှမ်းလှမ်းမိချိန်မှာ
ပေးဆပ်ခြင်းဆိုတာ
ငါမလိုအပ်တဲ့ အဖော်ပါ..။

ကြေကွဲခြင်း ကဗျာတစ်ပုစ်ကို
လွမ်းဆွတ်ခြင်းတွေနဲ့ အဆုံးသတ်
ငါ့နှလုံးသားနဲ့ရေးဖွဲ့မိချိန်မှာ
နာကျင်ခြင်းဆိုတာ
ငါမသိချင်တဲ့ ဝေဒနာ..။

တကယ်တော့
ဝိုင်တစ်ခွက်ရဲ့ အရသာကို
ယစ်မူးရင်း လက်တန်းပုံပြင်တွေကို
ရေးဖို့ ကြိုးစားနေဆဲ….။


ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

ဖိုးစိန်

Eaindra said...

လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး။

အချစ်ဆိုတာ..
ထက်တာထက်လေးနက်နေတတ်သလို
ထင်သလောက်လည်းမဟုတ်ပြန်ဘူး...

ငါ တို့နောက်ဆုတ်ကြပါတော့လား...

အဲလိုပြောတဲ့သူ ရန်သူပေါ့ မမ။

အိန္ဒြာ

ဒီလိုပဲ..
အသက်အရွယ် ရာသီ ရေခံမြေခံမှာ..
စိုးရိမ်ရေမှတ်အထိ တက်ခဲ့တဲ့ ဒီရေ...ပေါ့

မင်းနေဝေး said...

လက်တမ်းပုံပြင်အဲပေါ့နော် ... အချစ်ဆိုတာ
တစ်ခါနဲ့ပဲ အဓိပ္ပါယ်ရှိအောင်ရေးရတာပဲ ... :)

emayarKhin said...

ဟုတ်ပါရဲ့..ချစ်မရယ်....
အချစ်အကြောင်းစစ်စစ်ကို
ဘယ်လိုလူကမှသေသေချာချာမသိလေတော့......
အဲဒီလက်တမ်းပုံပြင်တွေနဲ့ပဲပေါ့...........
ရူးခဲ့ရတာ....ရူးလိုက်ရတာ....ရူးနေရတာ....

အရမ်းကြိုက်တယ်...ကဗျာလေးကို...

tg.nwai said...

လက်တမ်းပုံပြင်လေးတွေကိုပဲ တချိန်က ရင်ခုန်ခဲ့ကြတာပေါ့ မနော်ရယ်..ခုများတော့..:)

အိုင်လွယ်ပန် said...

individual လက်တမ်းပုံပြင်များ
တစ်ယောက်တစ်ပုဒ်ဆီ
ဘဝမှာ :)

Anonymous said...

.............
..................
.............

ဘုရားသခင် လက်တမ်းပုံပြင်မှာ နားလည်ကျင့်သားရသွားခဲ့တယ်..
အင်း..
ကမ္ဘာဦးကျမ်းကြီးနဲ့ ပြဿနာတတ်ရဲတဲ့ ဒီမြွေနှယ်ကွယ်...
ခဲဖျက်ငယ်ငယ်လေးကို အရင်ရှာတွေ့သင့်တယ်
ထောင်ထနေအောင် တင်းနေတဲ့
မျက်နှာကြောတွေလည်း လက်တမ်းပုံပြင်ဆရာတွေဆီ
မည်း.. နက်.. ဦး.. တည်..
ရင်ကိုတောက်စားပြီးတဲ့နောက်
အဲဒီဖဲချပ်တွေအဖွင့်မှာ
“သေဆုံး” ပစ်ခဲ့တဲ့ “အချစ်” တွေ
ခုထိ ရေပန်းစားနေဆဲလား... ။ ။

း)

စိုင်းလောဝ်ပိန်း said...

အချစ်ဆိုတဲ့ လက်တမ်းပုံပြင်
လူတစ်ယောက်စီ ၀ိုး၀၀ါးရေးကြ
တချို့က ချောက်ကမ်းပါးနားမှာ
အချို့က အထီးကျန်းကွင်းပြင်ထဲ
ဘ၀ဆိုတာကို ပုံပြင်ထဲက ပြန်ဆွဲထုတ်တော့
တစ်စစီ

Julian said...

အချစ်နဲ့ပတ်သက်ရင် ဘုရားသခင်တွေတောင်မနေရပါလားနော်

ခက်လိုက်တာ

ဂျူ

လင်းဒီပ said...

မသေချာ မရေရာဘဲ အချစ်လို့ နာမည်တတ် ခံစားပစ်လိုက်တာ လက်တမ်းပုံပြင် ဆန်လွန်းတယ်..
အဲဒီအယူအဆနဲ့ ကျွန်တော် ခဏခဏ ဖျားနာတယ်..။
ဒီဘဝတော့ ဒီအဖျားက ရာသီဆိုးတိုင်း ပြန်ပြန်ဖြစ်နေတော့မယ် ထင်ပါရဲ့..။

ဆူးရင့် said...

ငယ်ငယ်တုန်းကတော့
လက်တမ်း ပုံပြင်တွေ ပြောကြ။
အချစ်ကို ရင်ခုန်ကြ။

rose of sharon said...

ဟုတ်ပနော်... အချစ်ဆိုတာ သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖွင့်ဆိုချက်လဲ မရှိဘူး... ဘာဖြစ်လို့ပါလိမ့်

မယ့်ကိုး said...

အချစ်ဟာ ကောလဟာလ.... နာမည်ကြီးပြီး ဘယ်သူမှလည်း သေချာမပြောနိုင်တဲ့ လက်တန်းပုံပြင်....
ကြေကွဲစရာပဲနော် ...မ။

yangonthar said...

အစ်မရေ
လက်တမ်းပုံပြင်လေး လာဖတ်ပါတယ်
ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင် တာ .... မသေချာဘူး ဆိုတဲ့ လူတွေကို ပြုံး ကြည့်ရင်း ......
ဟုတ်တယ် အစ်မ ဖျက်လို့ မရတာခက်တယ်
အချစ်နဲ့ သေဆုံးနေကြရတယ်
မဟောင်းပါဘူး စာသားတွေက သစ်လွင်နေ
တာပါ .... ဘယ်လောက် လှလဲ အစ်မရယ်
လေးစားခင်မင်လျှက်
ရန်ကုန်သား :D
အေးမြသာယာပါစေ

ဆောင်းယွန်းလ said...

တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး။

မိုက်ပါ့ ထိပါ့ ငြိရှသွားတယ်
လက်တမ်းပုံပြင်ပြောဖို့တောင် တော်တော်သင်ယူရဦးမှာနော်....

NangNyi said...

“ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ...” တဲ့.. ဟုတ်တယ်နော်.. ခု ကြီးလာတော့ Delete Key နဲ့ Backspace Key ပဲ သုံးဖြစ်တော့တယ်

NangNyi said...

“ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ...” တဲ့.. ဟုတ်တယ်နော်.. ခု ကြီးလာတော့ Delete Key နဲ့ Backspace Key ပဲ သုံးဖြစ်တော့တယ်

tin min htet said...

ယုံယုံ မယုံယုံ တစ္ဆေပုံပြင် ပြောအုံးမယ် ..

Unknown said...

အချစ်ဆိုတာ. ..လက်တမ်းပုံပြင်တစ်ပုဒ်လား
ချစ်တယ် ဆိုတာ ဘယ်လိုသေဆုံးခြင်းမျိုးလဲ...
နားလည်ချင်လိုက်တာ.....

အမြဲအားပေးလျက်ပါဆရာမ...

မေ့သမီး said...

လက်တမ်းပုံပြင်တွေအများကြီးဖြစ်လာပေမယ့် အခုထိ ဘယ်သူမှအသေအချာအချစ်ဆိုတာဘာလဲ မပြောနိုင်သေးတာတော့ အမှန်ပဲနော်။

Moe Myint Tane said...

အဲဒီလက်တမ်းပုံပြင်တွေပေါ်မှာဘဲ ဘ၀တွေကုန်ကုန်သွားခဲ့တာပေါ့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

WWKM said...

အဟက်... မီးဘာမှ မပြောတော့ဘူး။ကဗျာလေးက ကောင်းလို့...

ဒါကမော်ဒန်တက်ဂ်ပေါ့လေ။ ဖလူး ဖလူး.း)
ပြောတော့ပါဘူး..း)
ရေးပေးတာပဲ ကျေးဇူးပါရှင်။း)း(

ဇော် said...

ဟာဗျာ ... အီးးး
ကောင်းလိုက်တာ ...

အဖြူရောင်နတ်သမီး said...

မှန်ပါတယ်...
ညီမကိုတောင် ..ချစ်သူက လက်တန်းပုံပြင်တစ်ပုဒ်ပြောပြဖူးတယ်...
“ချစ်သူပြောတဲ့..ချစ်ပုံပြင်”..တဲ့