အတိမ်အနက်

Saturday, August 22, 2009


အတိမ်အနက်

စိတ်ကိုဖောက်ထွက်သွားတဲ့တရားက
ဓါးထက်စိုက်အားနက်ခဲ့တယ်…
ငယ်ရွယ်စဉ်အခါကမိုက်ရူးရဲ ဆေးမင်အရုပ်တွေကို
တရားကိုစောင့်သောနတ်အရောင်ခြယ်လိုက်တော့
ခပ်တင်းတင်းနဲ့ ပျိုးပြက်ပြက်လင်းလာတယ်။

စစ်ထိုးမှာမဟုတ်ပဲ နောက်ပြန်ဆုတ်ခဲ့တာပါ
သတ်ကွင်းထဲမှာ ငါ့မာနတွေကို ခဝါချခဲတာပေါ့
ထပ်မံငြင်းခုံစရာစကားလုံးတွေလည်းဆိတ်သုဉ်းသွားခဲ့
အဲဒီကန်ရေပြင်က နက်ရှိုင်းအေးစိမ့်နေလိုက်ပုံ။

မနော်ဟရီ



အတိမ်အနက်

အတွင်းထဲကိုတိုးဝင်အေးစိမ့်နေတယ် ...
အဲဒီအော်သံဟစ်သံတွေ
အ၀ီစိနဲ့ဘ၀ဂ်ကြားမှာပြည့်သိပ်နေခဲ့တယ် ....
တကယ်ချစ်ရင် ပန်းတစ်ပွင့်ပေးပါ ...
ခေါင်းရမ်းခတ္တာမရွေးနေပါနဲ့တော့ ခေတ်ပျက်ကြီးရယ် ...၊

သေနင်္ဂဗျူဟာ စကတည်းက
သေနေရတဲ့ အဖွင့်စာမျက်နှာမှာ အက်ရာတွေထည်လဲတွဲခဲ့တဲ့သူ ...
အခုလည်းမီးခိုးတိတ် ကြေကွဲနေပုံက
မီးကုန်ယမ်းကုန် နိုင်လွန်းတယ် ....၊

ခန္ဓာတစ်အိမ်တည်းနဲ့
အိမ်ခြေမဲ့နေတဲ့ဘ၀ ...
စေ့စေ့တွေးမှ ရေးရေးနာတယ် ...
လောကဓံက အဆန်တွေချည်းပဲ ....
ရေစီးတသံသရာ ရေသာချိန်မရှိ
ဒီလိုနဲ့ ...
ကာလနဂါးတွေ တစ်ရေးခဏခဏနိုးတယ် ...
(ဘုရားအဆူဆူလွဲတယ်)
ဒီမောဟက နောက်မောဟကိုမွေးစားတယ် ...
နေ့တာအတိုဆုံး
ဆောင်းတွင်းတစ်ခု ကောက်ရခဲ့တဲ့
အန္ဓတစ်ယောက်ရဲ့အရှုံးမှာ ...
ကြယ်တွေတောင်ကြွေဖို့အားမရှိတော့ဘူး ....။

Zephyr


24 Comments:

Sein Lyan Tun said...

တစ်ပါတယ်...


ဒီတစ်ခါ အသေ အချာ ကိုတစ် တယ်ဆိုတာ


သေချာနေပါတယ်

Sein Lyan Tun said...

အတိမ်အနက်


စိတ်ကိုဖောက်ထွင်းသွားတဲ့တရား...

အော်ဟစ်သံတွေကြား ငါ့ကိုယ်ငါရုန်းကြည့်တယ်...။

ငိုကြွေးခြင်း ၊ မငိုကြွေးခြင်းသည်

မျက်ရည်များနှင့် မသက်ဆိုင်

နှောင်ကြိုးရှိခြင်း ၊ မရှိခြင်းသည်

ချစ်ခြင်းတရားနှင့် မသက်ဆိုင်

ငါ့ဟာ ငါ့ကိုယ် ငါမပိုင်

အလိုဆန္ဒတံခါး ပိတ်ထားတဲ့အခါ

ငါ့မှာ ရှိနေတာတွေ သိလာနေသလို.....

တစ်ခါတရံ ငါကိုယ်တိုင်မသိပဲလွတ်မြောက်သွားခဲ့တယ်..



ချစ်ခြင်း၊ မုန်းခြင်း အလယ်

ဥပေက္ခာပန်းများပွင့်တဲ့အခါ

ပန်းတွေ သီဖို့ သံယောဇဉ်ကြိုးမလိုတော့ပါ...။


မကြီး နဲ့ မကြီးသားအတွက် ပြန်ပေးတဲ့ ကဗျာပါ....



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

pandora said...

တိမ်မယောင်နဲ့ နက်တဲ့ အနက်တွေ

နွေဆူးလင်္ကာ said...

အတိမ်အနက် ကဗျာလေး ကြိုက်ပါတယ်။

အိန္ဒြာ said...

တိမ်တိမ်..နက်နက်..

ငယ်ရွယ်စဉ်အခါကမိုက်ရူးရဲ ဆေးမင်အရုပ်တွေကို
တရားကိုစောင့်သောနတ်အရောင်ခြယ်လိုက်တော့
ခန္ဓာတစ်အိမ်တည်းနဲ့
အခုလည်းမီးခိုးတိတ် ကြေကွဲနေပုံက
မီးကုန်ယမ်းကုန် နိုင်လွန်းတယ် ....၊

စစ်ထိုးမှာမဟုတ်ပဲ နောက်ပြန်ဆုတ်ခဲ့တာပါ
စေ့စေ့တွေးမှ ရေးရေးနာတယ် ...

အဲဒီကန်ရေပြင်က နက်ရှိုင်းအေးစိမ့်နေလိုက်ပုံ
အဲဒီအော်သံဟစ်သံတွေ
အ၀ီစိနဲ့ဘ၀်ကြားမှာပြည့်သိပ်နေခဲ့တယ် ....

ကြယ်တွေတောင်ကြွေဖို့အားမရှိတော့ဘူး
လောကဓံက အဆန်တွေချည်းပဲ ....
သတ်ကွင်းထဲမှာ ငါ့မာနတွေကို ခဝါချခဲ့တာပေါ့

အိန္ဒြာ
(ဟဲ.ဟဲ..)

Anonymous said...

တိမ်တယ်ထင်ရပေမယ့် နက်ရှိုင်းအေးစိမ့်လွန်းလိုက်ပုံ .....

တစ်နေ့တော့ ပျက်လုဆဲမြို့ဟောင်းကြီးတစ်မြို့ နောက်လာမယ့် မျိုးဆက်တစ်ခုခုရဲ့ ရှာဖွေတွေ့ရှိခြင်းကို တခမ်းတနားစားသုံးရပါစေ...

Moe Myint Tane said...

တကယ့်ကိုဘဲ နက်ရှိုင်းအေးစိမ့်လွန်းပါတယ်။
မမြင်နိုင်ခြင်းတွေလည်း အတိုင်းအဆမဲ့ပေါ့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Zephyr said...

အပေါ်က အတိမ်အနက်ကို သဘောကျပါတယ် ...။
အောက်က အတိမ်အနက်ကို မကြိုက်ပါ ....။

Z

ကိုရင်နော်ခင်လေးငယ် said...

ဒီမောင်နှစ်မ နှစ်ယောက်ရဲ့ အတိမ်အနက် နှစ်ခုလုံးက မီးကုန်ယမ်းကုန် နက်ရှိုင်းအေးစိမ့်နေတယ်..

tg.nwai said...

အတိမ်အနက်...နက်ရှိုင်းလိုက်တာ..တိမ်မယောင်နဲ့ နက်..နက်လိုက်တာမှ ဟိုးးးး အနက်ရှိုင်းဆုံးအထိ...။

နှစ်ပုဒ်စလုံး သဘောကျတယ် မနော်ရေ..။ ပုံလေးနဲ့ တွဲခံစားရတော့ မြင်ရတာတောင် ကျောစိမ့်ချင်ချင်ရယ်...

rose of sharon said...

အတိမ်အနက်... ကဗျာနှစ်ပုဒ်စလုံးကလေးနက်မှုတွေနဲ့...

အိုင်လွယ်ပန် said...

ပွဲမစခင်ကတည်းက ...
ရှုံးနှင့်နေပြီးသားတဲ့ ...
မောဟတွေ .. တစ်ခုပြီးတစ်ခုထပ်ထပ်လာ ..
လည်ပတ်နှုန်းကြားထဲက
အော်သံဟစ်သံတွေ ...
သံသရာ အတိမ်အနက်မှာ
စိတ်ကိုဖောက်ထွက်သွားတဲ့တရားက
ဓါးထက်စိုက်အားနက်ခဲ့တယ် ....

Mogok Thar said...

ခန္ဓာတစ်အိမ်တည်းနဲ့
အိမ်ခြေမဲ့နေတဲ့ဘ၀ ...
စေ့စေ့တွေးမှ ရေးရေးနာတယ် ..

ဒီမောဟက နောက်မောဟကိုမွေးစားတယ် ...
နေ့တာအတိုဆုံး
ဆောင်းတွင်းတစ်ခု ကောက်ရခဲ့တဲ့
အန္ဓတစ်ယောက်ရဲ့အရှုံးမှာ ...
ကြယ်တွေတောင်ကြွေဖို့အားမရှိတော့ဘူး ....။
...................

စိတ်ကိုဖောက်ထွက်သွားတဲ့တရားက
ဓါးထက်စိုက်အားနက်ခဲ့တယ်…

စစ်ထိုးမှာမဟုတ်ပဲ နောက်ပြန်ဆုတ်ခဲ့တာပါ
သတ်ကွင်းထဲမှာ ငါ့မာနတွေကို ခဝါချခဲတာပေါ့...

.....................

အတိမ်အနက် တွေက
ငြိမ်သက် အေးစက်လွန်းတဲ့ အမှန်တရားတစ်ခုကို သရုပ်ဖော်လို့နေတယ်။
ဘုရား အဆူဆူလွဲပီး သံသရာထဲ ၀ဲလှည့်မသွားဖို့ ...

ချစ်ခြင်းမေတ္တာကို ဆောင်တဲ့ နှလုံးသားပုံ ကန်ကလေးဆီက ငြိမ်သက်နေတဲ့ အေးချမ်းသိမ်မွေ့မှုတစ်ချို့ ရလိုက်တယ်။

ချစ်ခင်လေးစားစွာဖြင့်

မိုးခါး said...

ကာလနဂါးမဖြစ်အောင် ကြိုးစားမှ
နို့မဟုတ်ရင် ဘုရား အဆူဆူနဲ့ လွဲနေဦးမယ် ..

စစ်မထိုးဘူးဆိုမှတော့ စစ်မြေပြင်ကို မသွားတော့ဘူး မကြီးရယ် .. မာနတွေ ခ၀ါချတာ လူမြင်တယ် ..

emayarKhin said...

အိုးးးးးးးးးကောင်းလိုက်တဲ့
အတိမ်အနက်တွေ.......
တပုဒ်ကိုတမျိုးစီနဲ့လှပသေသပ်နေကြပုံများ
ကြက်သီးတောင်ထတယ်.....

ကိုZephyr..ရဲ့ကဗျာတွေကို
ကြိုက်လွန်းလို့ comment ပေးချင်တာ....
ခုမှပဲပေးလို့ရတော့တယ်.....

(၂)ပုဒ်လုံးကိုအရမ်းကြိုက်တယ်......


ချစ်ခင်လေးစားစွာဖြင့်
အမရာ

ဆောင်းယွန်းလ said...

စိတ်ကိုဖောက်ထွက်သွားတဲ့တရားက
ဓါးထက်စိုက်အားနက်ခဲ့တယ်....
အတိမ်အနက်အကြောင်းကို လေးလေးနက်နက်
တွေးနေမိပါတယ်မနော်

မယ့်ကိုး said...

အတိမ် အနက် နှစ်ပုဒ်လုံးကြိုက်တယ်..မ။ အလယ်က မမအိန္ဒြာရဲ့ တိမ်တိမ်နက်နက်လေးကိုလည်း ကြိုက်တယ်။:)

အဆုံးမဲ့ချစ်တဲ့
:)

လင်းဒီပ said...

အတိမ်အနက်(မနော်)

အတိမ်အနက် ခန့်မှန်းရ ခက်လိုက်တာ...
ကန်ရေပြင်ဟာ (အရွယ်အရ)....
လျှို့ဝှက်ခြင်းနဲ့သာ သိပ်သည်းနေလိုက်ပုံ...

အတိမ်အနက်(ကိုဇက်)

မောဟအထပ်ထပ်နဲ့ ညစ်ထပ်ပေကျံ
အန္ဓကတော့ ခေတ်ပျက်ကြီးထဲ ပြေးနေရဦးမှာ...

အတိမ်အနက်(လင်းဒီပ)

စာလုံးလှ ရေကန်လေးမို့
ခဏလေး ဆင်းလိုက်မိ..
သမုဒယအသစ်နဲ့ တစ်ဘဝလုံး နစ်ခဲ့..ပျော်ရွှင်စွာ

(လင်းဒီပ ထပ် ကွန့်သွားပါသည်..:P)

Julian said...

အော် ဒီနှစ်ယောက် ရေကန်တွေရေတွင်းတွေချောင်းတွေပင်လယ်တွေ နှင့်တူသော သူများ ကိုယ်များ မိန်းမ ယောင်္ကျား သူတပါး ငါ တွေကို အတိမ်အနက် ပေကြိုးတိုင်းတယ်ပေါ့။

တိုင်းသူရဲ့ပေတံစကေး ပေတံပြုလုပ်သောအရာ ချင့်တွယ်သော ထည့်စရာပေါ်မှာမူတည်ပြီး နက်တယ် တိမ်တယ် ပြောကြတာပါဘဲ။

နက်တယ်ထင်ရင် နက်ပြီး တိမ်တယ်ထင်ရင်တိမ်ပါတယ်

ကျွဲအတွက်ခေါင်းဖော်နိုင်တဲ့ချောင်းဟာ ယုန်အတွက်တော့နက်ချင်နက်မှာပါ့လေ (ရေကူးတတ်သောယုန်မပါ )

နက်နက်ရှိုင်းရှိုင်းစာသားလေးတွေထက် ဘာမှမဆိုင်တဲ့

ရိရေကန်ကိုလွမ်းတယ် ဒီလောက်လှတဲ့ကန် ငါတို့တိုင်းပြည်မှာဘဲရှိတယ်

ဒီလိုတည်ငြိမ်နက်ရှိုင်း ခန့်မှန်းရခက်တဲ့ရေကန်ကို ရောက်ဖူးချင်လိုက်တာ

ကဗျာနဲ့ဘာမှမဆိုင်လည်း မန့်ချင်သလိုမန့်နေကျ အကျင့်ပါနေလို့ သွေ့ပုကျိ။

တော်ကြာစာမဖတ်ဘူးလို့ မောင်ဖိုးစိန် တစ်ထစ်ချစွပ်စွဲမှာစိုးလို့ ...........


ဂျူ

စာခြေထောက် ( ခြေထောက်စာမဟုတ်ပါ )

ကဗျာကိုတော့မကွန့်တော့ပါ ကဗျာကကောင်းရက် ကွန့်သူကြောင့်အရသာပျက်မှာစိုးပါတယ်....

ဘုတ်လဲမဟုတ် ကျီးလဲမဟုတ်တဲ့ ကျမ မဂျူ

ဇော် said...

လှလိုက်တာ .. အောက်ဆုံးအပိုဒ်လေး သိပ်ကြိုက်မိတယ်။
သေချာတာကတော့ အတော်ကို လှလွန်းပြီး ပြည့်စုံတဲ့ ဖွဲ့သီမှုကို ခံစားလိုက်ရတယ်။ လှလိုက်တာဗျာ။ =]

Anonymous said...

ကျနော်လည်း ခံစားသွားပါတယ် ခင်များ ။
မှတ်ချက်ကတော့ မပေးတတ်လို့ မပေးခဲ့ပါဘူး ။
နောင်တစ်ချိန် ကြိုကြိုက်အုံးမယ် ဆိုရင် မှတ်ချက်တွေ ပေးခွင့်ရချင်ပါတယ် ။

လေးစားလျှက်ပါ

Unknown said...

ကဗျာလေးက ကောင်းလွန်းလှပါတယ်...
ဘာမှမပြောတက်လို့ ...ဘာမှမပြောတော့ပါဘူး..ဆရာမရေ...နှစ်ခြိုက်အားရစွာ ခံစားသွားပါတယ်...။

Unknown said...

ကဗျာလေးတွေက လေးနက်လိုက်တာ
ဘာမှမပြောတက်လို့...ဒီတိုင်းလေးပဲ ခံစားသွားပါတယ်...
နှစ်နှစ်ခြိုက်ခြိုက်

tin min htet said...

အရင်နေ့ ကတည်းက လာလာဖတ်နေတာ။ ကဗျာ ၂ ပုဒ်လုံး လှလွန်းလို့ ကွန်မန့် လှလှ မရေးတတ်တာနဲ့ ခုထိ မမန့်ဖြစ်သေးကြောင်း မန့်လိုက်ပါသည်။ :P