ထရပ်ကားပေါ်က သစ်သီးတွေ
Posted by MANORHARY at 8:57 PM 12 comments
Labels: နေမျိုး
တိမ်ပြိုရာသီ
Monday, July 27, 2009
အလွမ်းတွေအုပ်ဖွဲ့ ပျံသန်းလာတာကိုမြင်ရရဲ့
လမ်းလွှဲခွင့်မရှိတော့တဲ့ တောင်တန်းဟာ ငါပါ
အနာဂတ်တွေဟာ ငါ့အပေါ် လာရောက်ငြိတွယ်နေတဲ့ တိမ်တစ်စလိုပဲ။
မကြာခင် မျှော်လင့်ခြင်းတွေရွာချပေးခံရမယ်တဲ့လား
ငါ့ကိုအခြေကနေ တွန်းဖဲ့ထိုးကော်ပစ်လိုက်စမ်းပါ
တစ်ခါတစ်ခါ တချို့လူတွေအတွက်
သေခြင်း ဟာ အရသာသိပ်ရှိမှာပါ။
မနော်ဟရီ
Posted by MANORHARY at 6:43 PM 28 comments
Labels: ကဗျာ
က္ကုတ္ထိယတောင်တန်း ကဗျာစု
Saturday, July 25, 2009
ဆရာပိုင်စိုးဝေ ရဲ့ ကဗျာစာအုပ် က္ကုတ္ထိယတောင်တန်း ကို အဝေးရောက်နေတဲ့ ကဗျာချစ်သူများအားလုံး အတွက် ကျွန်မချစ်သောကဗျာများ မှာ တစ်အုပ်လုံးတင်ပေးထားပါတယ်။ ဒီစာအုပ်လေးကို ကျွန်မဆီ ငွေကုန်ကြေးကျခံပြီး ပို့ပေးတဲ့ ညီမငယ် မိုးနေ ကိုလည်းကျေးဇူးအထူးတင်ပါတယ်။ ဒီစာအုပ်လေးကိုပြန်မျှဝေဖြစ်တာကလည်း စာပေ ကုသိုလ်အတူရချင်လို့ပါ။
Posted by MANORHARY at 6:34 PM 11 comments
Labels: ပိုင်စိုးဝေ
Idea Magazine August Issue
Friday, July 24, 2009
Idea Magazine August Issue ကို ဖတ်လို့ရပါပြီ။
မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊နီကိုရဲ၊မောင်ကိုကို(အမရပူရ)၊ဘုန်းနေသွန်း တို့ရဲ့ စာမူတွေနဲ့အတူ
သုခမိန်လှိုင်၊ငုအိမ်ထက်မြက်၊မင်းခိုက်စိုးစန်၊မောင်ခင်သာ(တောင်တွင်း)၊ပုသိမ်မောင်ရွှေမူ၊
မိုသျှန်း၊မြေမှုန်လွင်၊ရိုးရိုး၊သုမင်းညိုနှင့် Zephyr တို့၏ကဗျာများ...........
Posted by MANORHARY at 4:23 PM 13 comments
Labels: ကြော်ငြာ
နှောင်ထုံးမဲ့ကျောက်စာ
Wednesday, July 22, 2009
နှောင်ထုံးမဲ့ကျောက်စာ
ကျွန်မသည် မျှော်လင့်ခြင်းများ၏ သတ်ဖြတ်မှုကြောင့် သေအံဆဲဆဲဖြစ်နေသည့် ပစ္စုပ္ပန်တစ်ခု ဖြစ်သည်။ နှင်းစက်တို့ထိစို အုံ့ဆိုင်းနေသော လောင်းရိပ်တစ်ခု၏ အတွင်းသံ စစ်စစ်ကို သင်ကြားနာလိုပါသလော။ မိုးတိမ်နက်နက်တို့နှင့် အတိပြီးသော သီချင်းများ၏ ဂီတတွင် ကျွန်မတို့ နေထိုင်နေရပါသည်။ ဖယောင်းတိုင်တစ်တိုင်စာမျှပင် လင်းချင်းခွင့် မရသောကံတရားအား ကျွန်မ မည်ကဲ့သို့ စွဲချက်တင်နိုင်ပါမည်နည်း။ အမှန်တော့ လှည့်စား ခံရခြင်းသည် လှည့်စားသူက တော် ခြင်းကြောင့်သက်သက်မဟုတ်ပါ။ ကန့်လန့်ကာ သို့မဟုတ် ပြည်ဖုံးကားတစ်ခုခြားထားသော ကိန်းဂဏန်းအရေအတွက် တစ်ခုကြောင့် ဖြစ်သည်။ သူ့တွင် မျက်နှာဖုံးပြောင် နှစ်ခုပါ၏။ 00 ..။
မိတ်ဆွေ……..သင့်၏မသိမှုများထဲတွင် လေးလံကြပ်ခဲနေသော ကျွန်မ၏ ဒုက္ခနှင်းကြွင်း များကို ဝေမျှဖိသိပ်ထည့်ပေးနိုင်ပါမည်လား။
မှားယွင်းမှု …ဆိုကတည်းက ဘယ်သောအခါမှ အမှန် ပြန်မဖြစ်နိုင်တော့ပါ။ Better late than never ဆိုသော စကားပုံသည် နေရာတိုင်းနှင့် ဆီလျော်မှု မရှိလှကြောင်း လက်တွေ့ သိခဲ့ရချိန်တွင် မှန်ပြင်စများ ကွဲအက်ကျဆင်းလာခဲ့ပြီ။
တကယ်ဆို ကျွန်မ၏ညံ့ဖျင်းမှုများကို တိတိပပဝေဖန်ပစ်ခဲ့ဖို့ကောင်းသည်။ခုတော့ ညံ့ဖျင်းမှုများက ကျွန်မကို တိတိပပ ဝေဖန်ပြစ်တင်လာသောအခါ …ကျွန်မ၏အာရုံများ တင်းမာကန်းဆွံ့သွားကြတော့၏။
ကျွန်မသည် တယောတစ်လက်မဟုတ်ခဲ့ပါ။ ထို့ကြောင့် ဘိုးတံနှင့်လည်းဝေးဝေးနေစရာ အကြောင်းမရှိ။ တကယ်တော့ ကျွန်မသည် ပက်ထရမ်ပြားသေးသေးလေး၏ လာရောက် ထိခတ်မှုကို သွေးပျက်တတ်သော ဂစ်တာကြိုးတစ်ကြိုးမျှသာ ဖြစ်၏။ အကြောင်းမှာ ကျွန်မ၏ မလှပခဲ့သော ကံကြမ္မာအမှားများ ပေါက်ထွက်လာမည်ကိုစိုးသောကြောင့် ဖြစ်သည်။
နင့်နင့်သီးသီးလိုချင်တပ်မက်ခဲ့၍လားမသိ။ ဘဝတွင် တစ်ခါမှ မကြုံခဲ့ရဖူးသော သစ္စာတရား ဆိုသောအရာကို မျှော်လင့်စောင့်စားရင်း သေအံ့မူးမူး ဖြစ်နေခဲ့ရပြီ။ ကျွန်မ၏ ဂီတသည် ..နင့်သီး၏။နက်မှောင်၏။နက်နဲသိပ်သည်း၏။အဘယ်သူမျှ နားမလည်နိုင်သော ဂီတကို ကျွန်မ ဖော်ကျူးခဲ့မိပြီလား။ ထို့အတွက် ကျွန်မတောင်းပန်စရာဆို၍ ကြယ်ကလေး သုံးလုံးတန်းနေသော မောင်ရင်ဆိုင်းထမ်းကြယ်စုကလေးသာရှိပါသည်။ အချိန် ဟူသော ကြိုးတစ်ချောင်းနှင့် ရှစ်ကြိမ်တိုင်တိုင်ပတ်ချည်ခဲ့သူသည် ကျွန်မ မဟုတ်ခဲ့ရပါ။ သို့သော် မပြေးသော်လည်း ကံရာကရှိခဲ့လေပြီ။
ပန်းတစ်ပွင့်မှမပွင့်သော ဖုန်းဆိုးမြေတလင်းတစ်ခုအား အာရုံမှားယွင်းခဲ့မိသည့်အတွက် ခွင့်လွှတ်ပါ..ဟု ကျွန်မ ..မည်သူ့ကိုမှ အသနားမခံလိုပါ။ထိုအရာအားလုံးသည် ဘုရားသခင်၏ ဗျာဒိတ်တော်ဖြစ်ခဲ့သည်ဆိုလျင်…ကျွန်မကိုလွတ်မြောက်ခွင့်ပေးပါ။ သံခြေ ကျင်းသံများဆူညံနေသော ပြေးလမ်းတစ်ခုရှိခဲ့ကြောင်း ဆယ်နှစ်ခန့်နောက်ကျပြီးမှ ကျွန်မ သိခဲ့ရသည်။ ထွက်ပြေးနေရတာကိုက ထွက်ပြေးမရတာ ..ဟူသော ကဗျာစာသားလေးကို ရွတ်ဆိုမိရင်းပေါ့။ လှမ်းမျှော်ကြည့်လိုက်သောအခါ ..ရှေ့တူရူမှ အနက်ရောင်ကတ္တရာလမ်း သည် ကျွန်မရင်ဝတည့်တည့်သို့ စိုက်ဝင်နေပြီ။ကျွန်မသည်လမ်းနှင့် အသားကျလှသူတစ် ယောက်မဟုတ်ခဲ့ပါ……..။
ကဗျာစာသားတချို့ကို သူရူးတစ်ယောက်လို ဟစ်အော်ပေါက်ကွဲရင်းအဖြူငွေ့ငွေ့တွေကို ကျွန်မ လိုက်လံရှာဖွေနေခဲ့မိသည်။ ရာစုသစ်မြစ်ကျဉ်းများ၊မျှော်လင့်အိပ်မက်များ၊ ကျန်းမာ ခြင်းအသစ်၊တစ်မိုးတည်းအောက်မှာ၊သင်းကွဲပင်လယ်၊ လမ်းနဲ့မဆန့်တဲ့ခရီး၊ကောင်းကင်အ ရိပ်၊တိတ်ဆိတ်ခြင်း၏နာမတော်၊ မီးဘုရင်မ၏ကျိန်စာ…….အားလုံး ကျွန်မထံမှ ပျောက်ဆုံး သွားကြသည်။ တကယ်တော့ တိမ်တွေကို ကျောက်ချရပ်ထားနိုင်စွမ်း ကျွန်မမှာ မရှိခဲ့ပါ။ မည်သူက..ကျွန်မကိုမောင်းနှင်နေပြီး မည်သူ့ကို ကျွန်မက ဆုပ်ကိုင်ထားမှန်းလည်း ကျွန်မ မသိခဲ့ပါ။
ကျွန်မ၏များပြားလှစွာသော မသိခြင်းတွင်းနက်များထဲတွင် မတော်တဆမဟုတ်ဘဲ ပါသွား ခဲ့သည့် တလက်လက်မှိန်ဖျော့နေသော မျှော်လင့်ခြင်းများကို သင်တွေ့ရလိမ့်မည်။ မည်သည့် သမားတော်၏ ဆေးစွမ်းကောင်းနှင့်မှကုသ၍ရတော့မည်မဟုတ်ပါ။
ကျွန်မ၏သေဆုံးခြင်းသည် ဂီတတစ်ခု၏အစသာလျင်ဖြစ်ခဲ့လိမ့်မည်။မည်သို့သောဂီတပါလဲ ဟုမေးစရာမလိုပါ။သင့်တွင် Vasco Popa ၏နှင်းဆီပွင့်များပွင့်လင်းနေမည်ဟု ကျွန်မယုံပါ သည်။ကြက်ခြေခတ်အနီရောင်များ အုပ်ဖွဲ့ပျံသန်းနေသည့် ကောင်းကင်ပြင်သည် ကျွန်မ၏ အနာဂါတ်လား…။အတိတ်လား…။တံမြက်စည်းကောင်းကောင်း တစ်ချောင်းတော့ လိုအပ် လာလိမ့်မည်။
မည်သူသည် ပြင်ဆင်ခွင့် ဟူသော ဆု ကို ကျွန်မအားပေးသနားပါမည်နည်း။ ဝိဘစ္တရသများ ဟားတိုက်ရယ်မောနေသောတိမ်တိုက်သည်လည်း ကျွန်မကို မိုးရွာချရန် ကြိုးစားနေခဲ့သည်။ လွတ်မြောက်ခြင်း ဟူသော ဝေါဟာရသည် အဘိဓာန်ထဲတွင် အမှန် တကယ် ရှင်သန်ခဲ့ဖူးတာသေချာပါသလား။ ကျွန်မ မသိပါ။ တကယ်ဆို ကျွန်မထံတွင် ပုံသဏ္ဍန်ပြောင်းတတ်သော ရယ်စရာမှန်တစ်ချပ် ရှိမနေခဲ့တာကို သင်..သိသင့်ပါသည်။ ကျွန်မ၏ မသိခြင်းသည် ..သူ၏သိခြင်းနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းသာဖြစ်၏။
လှောင်အိမ်ထဲမှ ကျားတစ်ကောင်၏ ပမာမခန့်ရိုကျိုးမှုကို မြွေအလမ္ပာယ်ဆရာက သတိ ထားစရာမလိုပါ။မိန်းမများသည်အေးစိမ့်ခွေခေါက်နေသော အဆိပ်ပြင်းမြွေများဖြစ်သည်ကို သာသတိထားစရလိုသည်။ ဆောက်ချက်များ၏ လွဲချော်မှုသည် အစားပြန်မရနိုင်သကဲ့သို့ ကျွန်မ၏ပဲ့ထွက်သွားခဲ့ရသော သက္ကရာဇ်များကိုလည်း မည်သူကမျှ အစားပြန်မပေးနိုင်ခဲ့ ကြပါ။
တကယ်တော့ ကျွန်မသည် စိတ်ကူးယဉ်သမားမဟုတ်ခဲ့ပါပဲ..လရောင်ထဲလှည့်စားခံနစ်မြုပ် ခြင်းကို မရှုမလှ ခံလိုက်ရသူတစ်ဦးသာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကံကြမ္မာသည် လွဲချော်တတ်သည် ဟု ဘယ်လိုပဲပြောပြော … ထိုလွဲချော်မှုသည် တစ်ဘဝစာ ဖြစ်ကြောင်း ကျွန်မသာ ခံစားနိုင်ပါလိမ့်မည်။
မတော်တဆမဟုတ်ပဲ တိုက်တိုက်ဆိုင်ဆိုင် ပြုတ်ပြုတ်ကျလာသော အမှန်တရားယောင် ဆောင်ထားသည့် ကြိုးကွင်းများသည် ကျွန်မလည်ပင်းကို လာရောက်ထိခတ်နေကြသည်။ ထိုကြိုးကွင်းများသည်ပင် ကျွန်မအတွက် အဆုံးအဖြတ်လား….။စီရင်ချက်လား..။တရားမျှ တမှုတစ်ခုလား…..။လောကပါလတရားလား………..။ ယုတ်မာမှုနောက်ဆက်တွဲလား…..။ သေသပ်ကျနလွန်းသော အကျင့်ပျက်ဝိသေသ တစ်ခုလား……။
ကျွန်မ… မဝေခွဲတတ်ခြင်းမဟုတ်ဘဲ ..မဝေခွဲတတ်ချင်ယောင်ဆောင်နေခဲ့ရသည်။ အဝင်လွယ်၍ အထွက်ခက်သော ဝင်္ကဘာတစ်ခုထဲ ကျွန်မရောက်ရှိနေခဲ့လေပြီ။ စမ်းချောင်းများတစ်စ တစ်စ တိမ်ကောသွားကြသည်။ ကဗျာများ၏အချို့အပိုဒ်များသည် အကြောင်းကြောင်းကြောင့် သေဆုံးသွားခဲ့ရသည်။ မကြားရတော့သော ပင်သက်ရှိုက်သံ များ၏အဆုံးတွင် ရောင်စဉ်ဖြာနေသော သက်တံတစ်ကုံးရှိသည်။ ထိုအရာအားလုံးနှင့် လဲလှယ်ရန် သင့်တွင်စုဆောင်းထားသောအမှိုက်များရှိပါသလား…။ မည်သည့်အရာကိုမှ အလကားမရသော လောကကြီးထဲသို့ ကျွန်မတို့ခြေဗလာလက်ဗလာနှင့် ဝင်ခဲ့ကြသူများ ချည်းဖြစ်၏။သို့သော် တဖြည်းဖြည်းနှင့် မပြေးသောခြေထောက်များ ရွှေသီးလာခဲ့ကြသည်။ မြေဆီ မြေသြဇာ အခံကောင်း၍ဖြစ်မည်ဟု ကျွန်မကဆိုသောအခါ လူအများက ကျွန်မကို ထုံအနေသော အသီနာ (Athena)၏ဇီးကွက်တစ်ကောင်ကို တွေ့ရသည့်နှယ် အထူးအဆန်း ဝိုင်းကြည့်ကြ၏။ မျက်လုံးများသည် အဆိပ်လူးမြားများထက် အရှိန်ပြင်းကြောင်း ကျွန်မသိခဲ့ရချိန်တွင် နာရီတစ်လုံးသည် မထင်မှတ်ပဲရပ်တံ့နေခဲ့လေပြီ။
ကျွန်မ၏ဂီတသည် ရူးသွပ်ရဲရင့်၏။နူးညံ့ညင်သာ၏။ သူရဲကောင်းဆန်ကာနက်ရှိုင်း လင်းပွင့်၏။ သို့သော်..ရာသီဥတုက မျက်နှာသာမပေး၍ ကျွန်မရှုံးခဲ့ရသည်။ ဟိုးဝေးဝေး.. အနာဂါတ်တွေရေးရေးထုတ်နေသော တောင်ကုန်းကလေး၏ နောက်တွင်နေဝင်သွားခဲ့ပြီ။ မည်သူသည် မိမိအတ္တကိုစွန့်လွှတ်ကာ လူတစ်ယောက်ကို ပေးဆပ်ခဲ့ဖူးပါသနည်း။ ကျွန်မ သည် ရာဇဝင်အဆက်ဆက် သက္ကရာဇ် အဆက်ဆက် ၏ ဒဏ္ဍာရီတစ်ခုသာဖြစ်ကြောင်း ကျောက်ထက် အက္ခရာတင်ခဲ့ပါရစေ။ ( ထိုကျောက်စာတွင် ..ကျိန်စာမပါသလို..မည်သည့် ဆုတောင်းမှလည်းမပါဝင်ပါ။)
မနော်ဟရီ
Posted by Moe Z at 5:23 PM 18 comments
Labels: ဝတ္ထုတို
ကမ်းပါးမဲ့မြစ်တစ်စင်း
Saturday, July 18, 2009
သဘာဝတရားရဲ့ အလှအပက သူ့ကိုခံစားမှုအများကြီးပေးထားပေမယ့် နှလုံးသားကို ဖြတ်ပြီး ခံစားစီးဆင်းရတဲ့ ပီတိအစဉ်ကနေ သူ့ဦးနှောက်ထဲအထိ စကားလုံးတစ်လုံး ရောက်လာဖို့ဆိုတာတော့ သိပ်ကိုခဲယဉ်းလှပါတယ်။ သူ့ဦးနှောက်ထဲထိ တိုးဝင်လာတဲ့ စကားလုံးတွေဟာလည်း ခဏငယ်တိုင်း ခဏငယ်တိုင်းမှာ ဖြစ်ပြီးရင်း ပျက်သွားနိုင်တာမို့ သူရရှိလိုက်တဲ့စကားလုံးတချို့တဝက်နဲ့ သဘာဝတရားဆီ အရောက်သွားနိုင်ဖို့ဆိုတဲ့ သူ့ဒုက္ခဟာ ဘယ်လောက်များ ကြီးကျယ်လိုက်မလဲဆိုတာ စဉ်းစားသာကြည့်။
အဲသည်လို အခက်အခဲတိုင်း အခက်အခဲတိုင်းကို ကျော်ဖြတ်ပြီး နောက်ဆုံးကျတော့ ကဗျာဆရာတစ်ယောက်ဟာ ကျယ်ပြန့်ပွင့်လင်းတဲ့ သဘာဝတရားကြီးကို သိမ်းပိုက်နိုင်ရုံ တင်မကပဲ အဲဒီသဘာဝတရားကြိးရဲ့ အပြင်ဖက်ကိုတောင် သူ့ဆန္ဒရှိမယ်ဆိုရင် ခုန်ထွက်ချင် ခုန်ထွက်သွားနိုင်သပေါ့။
စာမျက်နှာသုံးလေးရာစီလောက်နဲ့ အတွဲသုံးတွဲလောက်ခွဲထုတ်နိုင်မယ့် ကြီးကျယ်မြင့်မြတ် တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိဟာလည်း ကျွန်တော့်အဖို့တော့ ပျက်လုံးတစ်ခု လောက်ကောင်းကောင်းရလိုက်တယ်ဆိုရင်ပဲ အမြတ်အစွန်းကြီးမားလှပါပြီ။
ပုံနှိပ်စာလုံးထက် ကဗျာကို အစစ်အမှန်မြတ်နိုးပြီး ကဗျာမရေးရ မနေနိုင်တဲ့ ကဗျာဆရာ တစ်ယောက်ကတော့ သူ့မှတ်စုစာအုပ်ဟာသူ့ကဗျာတွေဖော်ပြဖို့ ကျယ်ပြန့်တဲ့ ကမ္ဘာကြီး တစ်ခုဖြစ်လိမ့်မယ်။
ကဗျာတစ်ပုဒ်ဟာ အယ်ဒီတာတွေကိုဖြတ်သန်းမိပြီးမှ စာဖတ်ပရိသတ်ဆီရောက်ရတယ် ဆိုတဲ့ သဘာဝရဲ့လွဲမှားမှုဟာ ကြည်လင်သန့်ရှင်းပြီးသားသောက်ရေတစ်ခွက်ကို အက်စစ် ပါတဲ့ ရေစစ်တစ်ခုနဲ့စစ်ချပြီးသောက်နေရတာနဲ့လည်းတူတယ်။ အမိအဖဆီက အလိုအလျောက် ရရှိရမယ့် အမွေအနှစ်ကို ရှေ့နေဆီက တဆင့် လက်မှတ်ရေးထိုး စာချုပ်ချုပ်ရတာနဲ့လည်းတူတယ်။လူတိုင်းအတွက် ရည်စူးထားတဲ့သဘာဝတရားရဲ့ စွန့်ကြဲ မှုကို ခိုးယူသိမ်းဆည်းထားခြင်းခံရတာနဲ့လည်းတူတယ်။
ပိုင်စိုးဝေ
၁၉၉၀
(ရုပ်ရှင်တေးကဗျာ)
၂၀၀၉
အဲဒီအင်တာဗျူးထဲက စာကြောင်းတွေကို ကူးယူထားခဲ့တာက ၁၉၉၀။ ကျွန်မ ဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ်။ မှတ်မှတ်ရရ ကဗျာတွေစာတွေပါတာလည်း လက်တစ်ဖက်မပြည့်သေးတဲ့အချိန်ဖြစ်ပါတယ်။
နောက်ဆုံးပုဒ်လေးကို ကျွန်မလည်းငယ်တုန်းက စိတ်နဲ့ကူးယူထားခဲ့တာပဲ။ ဒါပေမယ့် နောင်နှစ်တွေကြာလို့ပြန်ဖတ်ကြည့်တော့ သူက နေမင်းပိုင်စိုး ဖြစ်ခဲ့ဖူးတဲ့ ပိုင်စိုးဝေ ဖြစ်နေခဲ့ ပြီး ကျွန်မ တို့က ဘာမှမဟုတ်တဲ့သူတွေဖြစ်တဲ့အတွက် ဆရာပိုင်စိုးဝေနဲ့ပဲသက်ဆိုင်နိုင်တဲ့ စကားလုံးတွေအဖြစ်နားလည်ခဲ့ရတယ်။ လူတိုင်းဟာ genius အဖြစ်တော့ မွေးဖွားမလာကြ ပါဘူး။ ဒါပေမယ့် သေချာတာက တချို့လူတွေဟာ အနုပညာဆိုတဲ့အမှတ်တံဆိပ်နဲ့ မွေးဖွားလာကြသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ နေမင်းပိုင်စိုး ဆိုတဲ့ လက်ရေးနဲ့ကဗျာစာအုပ် လေးတွေ လက်ဆင့်ကမ်းချိန်မှာတောင် တော်တော်နာမည်သတင်းမွှေးခဲ့တဲ့ ဆရာပိုင်စိုးဝေ ပါတယ်ဆိုတာ ကျွန်မ အကြွင်းမဲ့ယုံပါတယ်။
ကျွန်မ ပထမဆုံးအဖြစ်သူ့စာအုပ်ကိုဝယ်သိမ်းဖြစ်ချိန်ကလည်း ၁၉၉၀ ပဲထင်ပါတယ်။ လူထု ထီးပေါင်းကား စာအုပ်တိုက်ကထုတ်တဲ့ သိမ်းစွန်ငှက်အပြန်လမ်း ကို စာတိုက်ကနေ VPP နဲ့မှာတာမှ ၄ကျပ်ခွဲပဲပေးရပါတယ်။ ဒါတောင် ပထမတစ်အုပ်က ဆရာပိုင်စိုးဝေလက် ရေးနဲ့ လက်မှတ်ထိုးထားတဲ့ ..ရေးဖော်ရေးဖက်..ဆောင်းဝင်းလတ် သို့ ဆိုတဲ့စာအုပ်ဖြစ်နေ လို့ ကျွန်မ ပြန်အကြောင်းကြားတော့ နောက်တစ်အုပ်ထပ်ပို့ပေးခဲ့တာကိုမှတ်မိနေတယ်။ ဒါကြောင့် ကျွန်မလည်းအဲဒီစာအုပ်လေးကို ဆရာဆောင်းလက်ထဲရောက်အောင် ထည့်ပေး ခဲ့လိုကတယ်။ သူ့ရဲ့ နာမည်ကြီးတဲ့ နေရောင်ခြည်နဲ့တွေ့ဆုံခြင်း ကိုတော့ တကယ်စာအုပ် ထွက်လာမှပဲဖတ်ရပါတယ်။ မန္တလေးနဲ့အလှမ်းဝေးတာရော အဲဒီချိန်က ကျွန်မက ဘယ်သူနဲ့ မှလည်းအကျွမ်းတဝင်သိအောင်မနေတာရောကြောင့် ဘယ်လိုမှတခြားက ရပြီး ဖတ်နိုင်ဖို့ဆိုတာလည်းမလွယ်ပါဘူး။
ခုလည်း က္ကုတ္ထိယတောင်တန်း ဆိုတဲ့ ကဗျာစာအုပ်တစ်အုပ်ထွက်ပါတယ်။ မိဝင်းဖတ်ဖို့ ကဗျာတွေပါတယ်။ တခြားကဗျာတွေလည်း အပိုင်း ၆ ပိုင်းနဲ့ပါပါတယ်။ ကဗျာစာအုပ်ကို ကျွန်မဆီရောက်အောင် ငွေကုန်ကြေးကျခံပို့ပေးတဲ့ ညီမ မိုးနေကို ကျေးဇူးတင်ပါတယ်။ ပိုင်စိုးဝေ ရဲ့ ကဗျာတချို့ကို ကျွန်မချစ်သောကဗျာများ မှာတင်ထားပါတယ်။ ဒီမှာ သွားဖတ်နိုင်ပါတယ်။ ဒီကဗျာတွေကတော့ က္ကုတ္ထိယတောင်တန်းထဲကမဟုတ်ပါဘူး။ကျွန်မ ကူးထားတဲ့ထဲကကဗျာတချို့ဖြစ်ပါတယ်။ အဲဒီထဲကလည်း ပါကောင်းပါနိုင်ပါတယ်။
Posted by MANORHARY at 2:58 PM 12 comments
ကျွန်မနှင့်နတ်သမီးမှန်ပြင်များ
Wednesday, July 15, 2009
ကျွန်မနှင့်နတ်သမီးမှန်ပြင်များ
ကျွန်မ...
အလင်းရောင်တွေအကြောင်း မပြောပြရသေးဘူး
ပုံပြင်အဟောင်းတွေနဲ့ နတ်သမီးလှလှလေးများရဲ့မှန်ပြင်
အရင့်အရင်ကော်ဖီခွက်တွေအတိုင်းပဲ... ခါးတယ်... ။
ဘယ်တော့မှ မတွေ့ဆုံချင်တော့တဲ့ ကံကြမ္မာသွား ကံကြမ္မာလာ
ဒါ... ကဗျာသက်သက်မှ မဟုတ်ဘဲ...
အသေင်္ချ အသင်္ချာတွေအကြောင်းပြောမယ်...
အနန္တာအနန္တတွေအကြောင်းပြောမယ်...
ဘယ်တော့မှ လိုက်မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းကိုပုံမှားရိုက်မယ်။
ဒါပါပဲ...
ဒါဟာလည်း အဟောင်းအမြင်းတွေထဲက
နတ်သမီးမှန်ပြင်သက်သက်ပဲ
ကျကွဲမကွဲ မသေချာတာတစ်ခုပဲ ရှိတယ်။
မနော်ဟရီ
Posted by MANORHARY at 8:31 PM 28 comments
Labels: ကဗျာ
ဇာတ်ညွှန်း
Monday, July 13, 2009
ဇာတ်ညွှန်း
တိမ်တွေပြိုကျလာပုံကဆန်းတယ်
ဒီနေ့ဟာ တနင်္လာနေ့တစ်နေ့ပဲ
တနင်္ဂနွေဆီကို တစ်ကွေ့တစ်ပတ်ကြီး ပြန်လျှောက်ရဦးမှာ
တစ်နေ့ချင်း... တစ်နေ့ချင်း... နောက်ကျနေရဦးတော့မယ်။
ကောင်းကင်က... ခြစ်ခြစ်တောက်အုံ့ဆိုင်းနေတယ်
ဧကရာဇ်ပွင့်ကြွေတွေကို သိမ်းထားရရင်ကောင်းမလား
ဖားလျားဆံနွယ်ရှည်တွေက နွေကိုယက်ဖောက်ရင်း
စက်တင်ဘာတေးချင်းကိုဆိုလို့ ။
မာယာပျို့ပျို့တွေကို ပြုံးပြလိုက်ဖို့ မေ့နေတဲ့ညနေ
စာတွေရေးရေးပြီးမထည့်ဖြစ်ခဲ့တာပါ
မနက်ဖြန်ခါဆီသွားမယ့်လူကြုံ
သူက ... နေအစုန်ကို စောင့်နေသေးသတဲ့ ။
နောက်ဆုံးဇာတ်ဝင်ခန်းရောက်ပြီ
ဘ၀ကိုခွဲစိတ်ကုသဖို့ လျှောက်လွှာတင်ထားတဲ့နေ့
ရောင်ခြည်ဟာ... နှင်းကိုမခွဲနိုင်တာလား
ထွက်ကို မထွက်လာသေးတာလား
.... .... .....
အဲ့ဒီနံနက်ခင်းကဖြင့် ခုထိမီးမလာသေးဘူး။
မနော်ဟရီ
Posted by MANORHARY at 7:52 PM 18 comments
ဒဏ္ဍာရီ (၁၃)
Saturday, July 11, 2009
ဒဏ္ဍာရီ (၁၃)
မြေနဲ့လုပ်တဲ့ကောင်းကင်တစ်ခုလို
လင်းညိုပြဖို့ရာ
ကျောက်ဆစ်စကားလုံးတွေ
တစ်ဖူးတလေမှတောင် မကျန်ဘူး။
ဖုန်းဆိုးရင်တလင်းတစ်ခုလုံး
မြူခိုးတွေ တ၀ုန်းဝုန်းတောက်လောင်
အမှောင်ရူးရူးတွေကသာ
သစ္စာရှိစွာတောက်ပနေခဲ့ ။
ဝင်္ကပါကိုမုန်းရင်း
လိပ်စာပျောက်ဆုံးနေတဲ့ ချောက်ကမ်းပါးလေးမှာ
ဇန်န၀ါရီလေတွေထန်လို့...
(ခုန်ချလိုက်ဖို့ကလည်း)
ကြာမြင့်စွာ
အခက်ချိုးရင်း.... အရိပ်နေခဲ့သူများ
အရှေ့မျဉ်းဖြောင့်အတိုင်း သွားနိုင်ပါစေ။
နေခဲ့ရသူပဲကွယ်
အကွဲကွဲအကြေကြေ .... ဖြေသိမ့်တတ်ပါတယ်။
မနော်ဟရီ
ဟန်သစ်မဂ္ဂဇင်း-အမှတ်စဉ်- ၁၀၀၊ချယ်ရီမဂ္ဂဇင်း- ၂၀၀၀ခုနှစ်
Posted by MANORHARY at 7:33 PM 24 comments
Labels: ကဗျာ
အတိတ်
Thursday, July 9, 2009
အတိတ်
ဆောင်းစက်လက်ခိုနေတဲ့နန်းတော်
မကျော်ကြားခဲ့တဲ့သူရဲကောင်းများ
ချောက်ကမ်းပါးခြားနေတဲ့ ညနေရီတွေ
ခုတော့... ကြေကွဲမှုတွေက... ပိုးစိုးပက်စက်။
မိုးဦးပေါက်ရင်...
ကျိန်စာဖတ်မုန်တိုင်းတချို့ ရောက်လာလိမ့်မယ်...
လွယ်လွယ်နဲ့ ကြွေတတ်တဲ့ စံပယ်တွေထဲမှာ သူ မပါဘူးတဲ့
အရုဏ်ဦးကို ဖွဲ့ဆိုရင်း ညဥ့်နက်ခဲ့ရတဲ့အကြောင်း
ထောင်းထောင်းထအောင်ပြောလို့... ။
သွားစို့
နှစ်ချို့ရာဇ၀င်တွေကို မတူးဖော်မိစေနဲ့
စတုတ္ထမြောက်နေ့ရက်တွေကို မုန်းတယ်
သောကြာရထားစီးလာတဲ့ (၁၃) နာရီ
မိန်ရာသီရဲ့နောက်ဆုံးနေ့တစ်နေ့
ခရီးစဉ်မေ့နေတဲ့လက်မှတ်နှစ်စောင်
တောင်စဉ်တွေအထပ်ထပ်ခြားသွားခဲ့ကြပြီ။
ခြေလှမ်း(၉၀)အလွန် ရက်စွဲများ
နှင်းစက်ပိုးမျှင်တွေကြားက၊ ကချေသည်
ကျွန်မ ရှိုက်ရယ်နေမိလေသလားမသိ ။
မနော်ဟရီ
စတိုင်သစ်၊ ဂျူလိုင်၊၂၀၀၂
ပုံကို ဒီနေရာ ကယူပါတယ်။
Posted by MANORHARY at 5:44 PM 17 comments
Labels: ကဗျာ
အရာရာဟာ လင်းသွဲ့ဖြာဝေ
Thursday, July 2, 2009
အရာရာဟာ လင်းသွဲ့ဖြာဝေ
အမှတ်တမဲ့နဲ့လှည့်ကြည့်မိတော့
ချစ်သူ့ခြေလှမ်းများရဲ့ရနံ့
သင်းပျံ့လို့နေဆဲ………….
အလင်းသဲ့သဲ့ကိုကြားတဲ့အခါ
အိပ်မက်ပြာတို့ထပျံသွား
တစ္တေရောင်တံခါးတစ်ချပ်
ဖျတ်ကနဲ ပိတ်
တိတ်ဆိတ်မှုတွေသာ လင်းညိုကျလာခဲ့။
ကြေကွဲလွယ်တာမှန်ခဲ့ပါရဲ့
ဒါပေမယ့်
မေ့ဖို့တော့မလွယ်ခဲ့မိဘူး
သတိရမိတိုင်း ရေးခြယ်နေမိတဲ့ အိပ်မက်တွေ
စနစ်ကျစွာပရမ်းပတာဖြစ်လို့။
ဆက်ဆွဲလို့မရတော့တဲ့ပန်းချီကားတစ်ချပ်လို
ဆေးသားတွေလည်းအက်ကွဲရင့်ရော်
ကမ်းမကပ်နိုင်သေးတဲ့မျှော်လင့်ချက်တွေကလည်းဝေး
ဆုတောင်းသံတွေလည်းအေးစက်
အသက်ရှူရလည်းခက်နေခဲ့ပေါ့။
အရာရာဟာ
သံသရာအထပ်ထပ်
ပြတ်သားစွာ..ဝေးကွာသွားခဲ့ပေမယ့်
အဲဒီခြေသံလေးကတော့
အရောင်တွေတောက်ပနေဆဲ။ ။
မနော်ဟရီ
မနေ့က အလွမ်းတွေနဲ့ဖွဲ့ထားတဲ့ ကဗျာလေးတစ်ပုဒ် ဖတ်ရပါတယ်။အဲဒီကဗျာလေးကိုဖတ်ပြီး
သူ့အတွက်ကဗျာတစ်ပုဒ် ရေးဖြစ်သွားတယ် ။ချစ်သူကိုလွမ်းတဲ့ကလေးတစ်ယောက်ကို
ကူလွမ်းပေးထားတဲ့ကဗျာပါ..
Posted by MANORHARY at 7:17 PM 31 comments
Labels: ကဗျာ