အိမ်ပြေး

Thursday, April 16, 2009

ခုတလော..စိတ်တွေကအတော့်ကိုပင်ပမ်းလေးလံလွန်းတယ်။ကံကြမ္မာရဲ့အသွားအလာကျ
ပြန်တော့လည်း..ကျန်းမာရေးကအစ..ဓားကိုးလက်ကဒ်ကျလိုကျလို့..။တားရော့ကဒ်တွေကို
တော့အားလုံးသိကြမယ်ထင်ပါတယ်။ကံကြမ္မာကိုမယုံလို့မရအောင်ကျွန်မကိုလမ်းညွှန်ပြခဲ့
တတ်တဲ့ကဒ်ကလေးတွေပါ။
လူတစ်ယောက်မှာအားနည်းချက်တစ်မျိုးစီရှိတယ်ဆိုရင်..ကျွန်မရဲ့အားနည်းချက်ကသူတစ်
ပါးကို..အလေးဂရုထားတတ်၊အားနာတတ်၊သူတစ်ပါးထိခိုက်မှာကိုစိုးတတ်တဲ့စိတ်ကလေး
ပါပဲ..။အဲဒီစိတ်နဲ့ပဲ..သူများတွေက..သူတို့ကိုယ်တိုင်ကျူးလွန်ထားတဲ့အပြစ်တွေကိုသူတို့မပါ
သယောင်လုပ်ပြီး..ဥိးအောင်ဆော်ဆော်သွားတတ်တာကိုခံရတာပါ။
အမှန်တကယ်ဆိုရင်..ကျွန်မမှာ..လူတစ်ဖက်သားဘယ်လောက်မကောင်းနေမကောင်းနေ
အကောင်းဖက်ကနေကြည့်ပေးတတ်တဲ့.လက်ခံအားပေးတတ်တဲ့စိတ်ကလေးကဘုရားပေး
ထားလို့ရှိနေခဲ့တယ်။ဒါပေမယ့်..ကျွန်မနဲ့ပတ်သက်တဲ့သူတော်တော်များများကတော့အဲဒီ
စိတ်ကိုခုတုံးလုပ်လို့..ကျွန်မကိုတိုက်ခိုက်တတ်ကြတယ်။ကျွန်မကံတရားကိုက..အဲလိုခံရဖို့
ကျိန်စာတွေနဲ့များလားမှမသိတာလို့တွေးမိတိုင်းကျွန်မ..မတုံ့ပြန်တတ်ခဲ့ပါဘူး။အဲဒီအတွက်
ကျွန်မနာကျင်ခဲ့ရမှုတွေကသိပ်များပါတယ်။
အမြဲတမ်းနာကျင်နေတတ်တဲ့စိတ်တွေကဘယ်လိုပျော်ရွှင်မှုတွေသက်ဝင်တဲ့အနုပညာမျိုး
ကိုဖန်တီးနိုင်မှာတဲ့လဲ။ကော်မာရှယ်ဆိုတဲ့အရာတွေမှာတောင်..တစ်ခါတစ်လေရောပါသွား
တတ်သေးတယ်။
ခု..ဝတ္ထုတိုလေးကလည်းအက်ဆေးတော့ဆန်ပါတယ်။ကျွန်မ..၂၀၀၄အစပိုင်းမှာရေးခဲ့တာ
ပါ။ထပ်ပြောရရင်..အဲဒီအချိန်ဟာ..ကျွန်မအတွက်..မုန်တိုင်းတွေအမျိုးမျိုးကြုံနေရတဲ့အချိန်
ပေါ့..။ဒါပေမယ့်..ကျွန်မကိုတည့်မတ်အောင်ဘုရားသခင်ကထိန်းမတ်ပေးခဲ့တယ်။ဘေးနား
မှာလည်းသိပ်ချစ်စရာကောင်းတဲ့ညီအစ်ကိုမောင်နှမတွေမိတ်ဆွေတွေ..သားသမီးတွေကို
ပေးထားခဲ့သေးတယ်။ကျွန်မတို့အတူနာကျင်ခဲ့ဖူးတယ်။အဲဒီနာကျင်မှုတွေကိုတင်းခံပြီး…
စာမေးပွဲပေါင်းများစွာကိုအတူကျော်ဖြတ်ခဲ့ဖူးတယ်။အဲဒီအချိန်နဲ့တူတဲ့အချိန်တစ်ချိန်ကိုပြပါ
ဆိုရင်..ခုချိန်ပါပဲ။ကျွန်မ..ကျိန်စာသင့်နေ့ရက်တွေကိုထပ်ကြုံနေရပြီ။ဒီတစ်ခါတော့ကျွန်မ
နားမှာသားကလေးကလွဲရင်ဘယ်သူမှရှိမနေတော့ဘူး။ဒါဟာလည်း..ခံနိုင်ရည်တစ်ထစ်
တိုးဖို့ဘုရားသခင်က..ပြင်ဆင်ပေးတာလို့ပဲခံယူရတော့မယ်ထင်ပါရဲ့။
ကျွန်မကိုနည်းမျိုးစုံနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်၊လုပ်ဇာတ်ပေါင်းမြောက်များစွာနဲ့
ပြင်ဆင်တိုက်ခိုက်သူတွေအားလုံး..ဒီနှစ်သစ်ကူးအခါသမယမှာချမ်းသာကိုယ်စိတ်မြဲပါစေ
လို့ဆုတောင်းပေးရုံးကလွဲလို့..ဘာတတ်နိုင်ဦးမှာလဲ။လောကပါလတရားဆိုတာ..တကယ်
ရှိတယ်လို့..ကျွန်မယုံပါတယ်။

အိမ်ပြေး
လောကမှာ…ဘယ်သူမဆို..သပ်ရပ်နွေးထွေးတဲ့အိမ်ကလေးတစ်လုံးတော့ပိုင်ဆိုင်ချင်ကြ
မှာပဲ။အိမ်ကလေးရေ…မင်းကိုငါ..ပိုင်ဆိုင်ခွင့်ရခဲ့ဖူးပါတယ်။ဒါပေမယ့်ကိုယ်ကကံမကောင်း
ခဲ့ပါဘူးအိမ်ကလေးရယ်။ကိုယ်ဟာချစ်သူတွေနဲ့ဝေးဝေးနေရမယ့်ကျိန်စာနဲ့လူတစ်ယောက်
ထင်ပါရဲ့။ကိုယ်အိမ်ကလေးနဲ့ဝေးရာမှာပဲရေကုန်ရေခမ်းနေနေရတယ်။

အိမ်ကလေးရေ…မင်းကို..ကိုယ်..စိတ်ကြိုက်ပြုစုပျိုးထောင်ပေးခဲ့ဖူးပါတယ်။ခုခါကျမှ……
မင်းဟာကိုယ့်ရဲ့အမှားတစ်ခုအတွက်နဲ့မင်းကိုရေလောင်းပေါင်းသင်မပေးနိုင်တဲ့သူလက်ထဲ
ရက်ရက်စက်စက်ထားခဲ့ရတာ..ကိုယ်ဘယ်လိုမှစိတ်မကောင်းနိုင်တော့ပါဘူး။နာတာရှည်အ
လွမ်းတွေနဲ့…ထုံးစံအတိုင်းကိုယ်ဟာ..ဘုံးဘုံးလဲကျဆုံးလို့ပေါ့။

တစ်ချိန်တစ်ခါကတော့မင်းရင်ခွင်ထဲမှာကိုယ်လည်းပျော်ခဲ့ဖူးတာပဲ။မင်းက..ကိုယ်တို့ကိုဝါ
တာတာနဲ့နွေးနွေးထွေးထွေးငုံ့ကြည့်နေတတ်ခဲ့တယ်။မင်းရဲ့အဝါရောင်အကြည့်တွေရယ်၊
ကိုယ့်ရဲ့မျက်ခင်းစိမ်းစိမ်းတွေရယ်ပေါင်းလိုက်တော့ကိုယ်တို့မိသားစုလေးရဲ့..နားခိုရာ…ဆို
တာလေးဖြစ်ခဲ့တာပေါ့။

မိုးစက်မိုးပေါက်ကြမ်းကြမ်းတွေကိုခေါင်ငုံ့ကာကွယ်ပေးတတ်တဲ့၊အေးစိမ့်စူးရဲတဲ့..ဆောင်း
လက်သည်းတွေကနေခုခံတားဆီးပေးတတ်တဲ့၊နေတစ်ရာလိုပူပြင်းတဲ့နွေရဲ့မီးတောက်တွေ
ကနေဖယ်ခွာပေးတတ်တဲ့မင်းရင်ခွင်လေးကိုကိုယ်လွမ်းလှပါပြီ။ခုနေမှာတော့..ကိုယ်ဟာ…
အမိုးအကာမဲ့ခိုက်ခိုက်တုန်အားတင်းလို့ပေါ့။

အိမ်ကလေးရယ်..ကိုယ့်ရဲ့ကံကြမ္မာကိုဘယ်သူကများရေးချယ်ခဲ့တာပါလဲ။စိတ္တဇဆန်စွာညံ့
ဖျင်းလွန်းလှချည့်။ကိုယ့်ကံကြမ္မာကိုဝေဝေဝါးဝါးဖတ်ကြည့်ရင်း..သက်ပြင်းတွေချချနေရတာ
တကယ်တော့..လူညံ့တစ်ယောက်ရဲ့မစွမ်းဆောင်နိုင်မှုတစ်ခုပဲပေါ့။

မင်း..ဘယ်နေရာမှာရှိနေမလဲ..ကိုယ်သိနေလျက်က..ကိုယ်ဘယ်နေရာမှာရှိနေမလဲ..မင်း
သိနေလျက်က..ကိုယ်တို့ဆုံခွင့်ကျဲပါးနေခဲ့ကြတယ်။

အိမ်ပြန်ချင်တယ်ကွယ်။

ဒါဟာအိမ်ပြေးတစ်ယောက်ရဲ့ဆန္ဒဆိုရင်..အိမ်ခေါင်မိုးတံစက်မြိတ်ကကျလာတဲ့မိုးရည်စက်
တွေနဲ့အတူမင်းငိုနေမလားအိမ်ကလေးရေ…။မင်းရင်ထဲမှာအမြဲတမ်းတိုက်ခိုက်နေတတ်တဲ့
သွေးဆိုးမုန်တိုင်းတစ်စင်းကိုရော..မင်းခံနိုင်ရည်ရှိသေးရဲ့လား။

ဒါတွေဟာ..တကယ်တော့..ကိုယ့်ရဲ့အမှားတွေပါ။အမှားတွေကိုအမှားမှန်းမသိလောက်
အောင်ညံ့ဖျင်းခဲ့မိလို့လည်းကိုယ်ဟာ..အိမ်ကလေးနဲ့ဝေးရာရောက်ခဲ့ရတာပေါ့။တကယ်ဆို
ကိုယ့်ကို..မှော်ဆရာတစ်ယောက်ရဲ့မီးခိုးလုံးတွေကလှည့်စားသွားခဲ့တာပါ။တံလျပ်ကို..ရေ
ထင်ထင်တယ်ဆိုတဲ့စကားလုံးက..ရိုးစင်းလွန်းပါတယ်ကွယ်။ကိုယ်က..ကံကြမ္မာကိုမယုံပါပဲ
နဲ့ကို..အတ္တပင်လယ်ထဲရောက်ခဲ့ရတာ..။သတိရလို့လှည့်ကြည့်မိတော့..ကိုယ့်လှေကလေး
ကကယ်သူမဲ့လို့…။

ဘယ်သူမပြုမိမိမှုပါပဲ..အိမ်ကလေးရေ..။အိမ်ပြေးတစ်ယောက်ရဲ့ရင်ထဲကရက်စွဲအကျိုးအ
ပြတ်တွေကို..ဘယ်ပြက္ခဒိန်ကမှသိလိုက်မှာမဟုတ်ပါဘူး။ငယ်ငယ်ကဘာရယ်မဟုတ်ပဲဆို
ညည်းခဲ့ဖူးတဲ့…အိမ်ပြန်ချင်တယ်အလွမ်း..ဆိုတဲ့သီချင်းလေးကိုခုတော့လည်း..နာနာကျင်
ကျင်ဆိုနေဖြစ်ခဲ့ပြီ။သိဟ်ရာသီရဲ့နက္ခတ်ဟာ..ခြင်္သေ့ရိုင်းတစ်ကောင်များလား။

နေ့ခင်းအိပ်မက်ထဲမှာအိမ်ပြန်ဖြစ်တဲ့နေ့တွေဆို..ကိုယ့်မျက်ဝန်းမှာမျက်ရည်တွေမှုန်မှိုင်းအုံ့
ခိုလို့။တလက်လက်နဲ့မှုန်ဝါးသွားတဲ့ကိုယ့်အနာဂါတ်ဟာ..စကားလုံးတွေ…သိပ်မပီပြင်ချင်
တော့ဘူး။ထွက်ပြေးပြီးရင်း..ထွက်ပြေးရင်းနဲ့….ခရီးမပေါက်နိုင်သေးတဲ့ခြေထောက်တွေကို
လည်း..ကိုယ်အပြစ်မတင်ချင်ပါဘူး။ရှည်လျားပြီးရင်းရှည်လျားလာတဲ့..လမ်းမတွေကိုပဲ…
သိမှတ်မှုမဲ့စွာငေးကြည့်နေမိတော့တယ်။

အိမ်ပြန်ချင်တယ်။

နေမျိုး..ရဲ့..သဘောင်္ကြီးတွေလို..ကမ္ဘာပတ်ရွက်လွှင့်နေရင်းကကို…အိမ်ပြန်ချင်လာတယ်။
ကမ်းကပ်ခွင့်ကံကြမ္မာ..ကိုယ့်အနာဂါတ်မှာပါသေးရဲ့လား..အိမ်ကလေးရေ။

လွမ်းတယ်ကွယ်။

နွေးထွေးမှုနဲ့..မှားယွင်းခဲ့တဲ့ဆင်ခြင်တုံတရားမဲ့ခဲ့မှုကို။အိမ်ကလေးရဲ့ရင်ခွင်လေးလေးနက်
နက်ကို..။နှလုံးသားထဲစိမ့်ဝင်အေးမြစေတဲ့..မေမေ့စကားလုံးဖြူဖြူတွေကို..သိုးမည်းတစ်
ကောင်လိုထင်ရာစိုင်းတဲ့ကိုယ့်ရင်ထဲမှာလည်း..ဘယ်သူမှမမြင်မသိနိုင်တဲ့..အရှိတရားတွေ
နဲ့ပါ။

ကြည့်စမ်း။

သတိရခြင်း..တွေကကိုယ့်အပေါ်လေးလံစွာပိကျနေလိုက်တာ။အလွမ်းတွေနဲ့တနင့်တမော
ငေးနေမိတဲ့အာရုံမှာ..အိမ်ကလေးရှိနေတယ်။လမ်းရှိလျက်နဲ့ပြန်ခွင့်မရတဲ့နေ့ရက်တွေ..အ
တွက်၊ကိုယ့်ကိုပဲ..နာကျည်းလိုက်ပါတော့အိမ်ကလေးရေ…။

အိမ်ကလေးရေ…
ကိုယ့်ရဲ့ဘယ်ဘက်ရင်အုံကစူးစူးရှရှနာကျင်လာတယ်။ဝိဘစ္ဆရာသီတစ္ဆေကြောင့်ထင်ပါရဲ့။
သမားတော်တွေရဲ့ဘယ်ဆေးစွမ်းကောင်းနဲ့မှ..ကိုယ့်ရဲ့ကံကြမ္မာကိုပြန်လည်တည့်မတ်ပေးနိုင်မှာမဟုတ်ပါဘူး။ကျိန်စာတွေပျက်ပျယ်လို့..လွတ်မြောက်ခွင့်ရချင်လှပါပြီ။ကိုယ်..အိမ်ပြန်
ချင်လှပြီလေ။အလွမ်းနင့်နင့်သီးသီးတွေနဲ့..အဝေးကြီးကိုထွက်ထွက်ပြေးနေရတာ..ပျော်လို့
မှမဟုတ်ပဲ။မုန်တိုင်းနီနီတွေအမြဲတမ်းတိုက်ခတ်နေတတ်တဲ့ကိုယ့်ကံကြမ္မာကိုယ်..ဘယ်လို
မှဆောက်တည်နိုင်စွမ်းမရှိတော့လို့ပါ။

ခြေထောက်တွေနှေးကွေးလေးလံ..အမိန့်ကိုမနာခံချင်ကြတော့ဘူး။နောက်ကြောင်းကို…
ဘယ်တော့မှပြန်လှည့်မကြည့်တတ်ချင်တဲ့သူက..ခုမှ..အလွမ်းတွေရဲ့ပဲ့ကိုင်ရာကို….နာခံ
ကြည့်နေချင်တယ်။

လောကမှာ..ဖြေရှင်းလို့မရတဲ့ပြဿနာတွေ..ဒီလောက်များသလား။
လှည့်စားခံရတဲ့ဒါဏ်ရာဒါဏ်ချက်တွေက..ဒီလောက်နာကျင်သလား။
အမှားတွေကဒီလောက်တောင်ပဲ..အုံနဲ့ကျင်းနဲ့နီမောင်းနေတတ်သလား။

ဆောက်ချက်မှားသွားတဲ့ပန်းပုဆရာတစ်ယောက်လို..အနာဂတ်ကိုပဲနာနာကျင်ကျင်ဖဲ့ထုတ်
ပြုပြင်လိုက်ရတော့မယ်ထင်ပါရဲ့။အိမ်ကလေးရေ..မတရားသောလမ်းတွေအတွက်..စီရင်
ချက်ဆိုတာမရှိတော့ဘူးတဲ့လား။ကံကြမ္မာရဲ့အမှတ်အသားတွေက..တကယ်ဆိုတိကျသင့်
ခဲ့ပါတယ်။

ဘုရားသခင်။
ကျေးဇူးပြုပြီး..အချိန်တွေကိုပြောင်းလဲပစ်ပေးလိုက်ပါ။
နှင်းစက်နှင်းငွေ့တွေနဲ့ဆွတ်ဆွတ်မှောင်ပေးလိုက်ပါ။
တစ်လောကလုံကိုအိပ်မွေ့ချ..ကိုယ်..ခဏတော့အိမ်ပြန်ခွင့်ရချင်ပါသေးတယ်။
မနော်ဟရီ
၂၀၀၄


23 Comments:

ဆောင်းယွန်းလ said...

စိတ်ပိုင်းအရာအရ ကြည့်မယ်ဆိုရင် မနော်ရဲ့အနားမှာ ကျနော်တို့အားလုံးရှိနေကြပါတယ်ဗျာ...
ပင်ပမ်းနွမ်းနယ်နေတဲ့စိတ်တွေပြေပျောက်နိုင်ပါစေမနော်ရေ...လူချင်းဝေးနေကြပေမယ့် စိတ်နဲ့တော့ အားပေးနိုင်ပါသေးတယ်

နိုင်းနိုင်းစနေ said...

ဆရာမ....

သပ်ရပ်နွေးထွေးတဲ့အိမ်ကလေးတစ်လုံးကို အမြန်ပိုင်ဆိုင်နိုင်ပါစေ...

နှစ်သစ်ကူးအခါသမယမှာချမ်းသာကိုယ်စိတ်မြဲပါစေ
လို့

စကားမစပ်... မနေ့ညက ကဗျာဆရာမ စမ်းသီတာနဲ့ ထမင်းအတူ စားခဲ့သေးတယ် ဆရာမ.. (သူ့အမျိုးသားက ကျွန်မခဲအို သူငယ်ချင်း)
မနော်ဟရီနဲ့ ကဗျာစာအုပ်အတူ ထုတ်ကြောင်း သူပြောပြသေးတယ်း)

uio said...

နှစ်သစ်ကူးမှာ ပျော်ရွင်ချမ်းမြေ့ ပါစေ အမ

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ..
စိတ်လက် ကြည်လင်လန်းဆန်းပြီး ကျန်းမာပျော်ရွှင်ပါစေ..
ကိုဆောင်းယွန်း ပြောသလို မနော် အနားမှာ စိတ်ချင်း ရင်းနှီးနေတဲ့ မောင်နှမတွေ အများကြီး ရှိနေတယ်နော်.. စိတ်ညစ်ရင် သံချောင်းသာ ခေါက်လိုက် ချက်ချင်းရောက်လာမယ်..း)

အော်.. စကားမစပ် Little One လေးကို ဦးနော်နဲ့ တီငယ် က ရေလောင်းသွားတယ်လို့နော်.. အရမ်း sweet ဖြစ်လို့ သူ့ကို ချစ်တယ်..း)

လင်းဒီပ said...

ကျွန်တော်လည်း အိမ်လေးတစ်လုံးကို အဝေးက လှမ်းလှမ်းငေးနေမိတယ်။
အိမ်ပြန်ချိန်ဆိုတာ ဆုလက်ဆောင် တစ်ခုလို တန်ဖိုးရှိမှန်း
အခုတော့ နားလည်တတ်လာပြီ..။

ဝေလေး said...

မမ
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ပါစေနော်......
ဆုတောင်းပေးရုံကလွဲလို့ ဘာမှလည်းမတတ်နိုင်ပါဘူး.....

အိမ်နဲ့တူတဲ့အိမ်လေးဆီကိုတော့ ပြန်ခွင့်ကြုံချင်ပါသေးတယ်....

တောင်ပေါ်သား said...

အမရေ မင်္ဂလာပါ ပျော်ရွှင်ဖွယ် နှစ်ကူးလေးဖြစ်ပါစေ လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့ ဆုလာတောင်းပေးပါတယ်

လေးစားလျက်
တောင်ပေါ်သား

မယ့်ကိုး said...

မ နှစ်သစ်မှာ လိုအင်ဆန္ဒများ ပြည့်ဝပြီး ပျော်ရွင်ချမ်းမြေ့ပါစေ...

မီယာ said...

မနော် အားတင်းထားပါ... ဘုရားသခင်က ကိုယ်မခံနိုင်တဲ့ စုံစမ်းမှုမျိုး မပေးဘူးတဲ့... ခွန်အားတွေ အပြည့်နဲ့ နေ့သစ်တခုကို ရင်ဆိုင်နိုင်ဖို့ပဲ ဆုတောင်းပေးမယ်နော်...

ဂျူနို said...

မနော်
ဘယ်သူမှ အနားမှာ မရှိတာ မဟုတ်ပါဘူး။ သတ္တိရှိပါ။
ကျန်းမာအောင် နေပါ။
ဖြစ်နိုင်ရင် ခရီးထွက်လိုက်ပါ။
ခေါင်းအေးအေးထားပါ။

ချမ်းမြေ့ပါစေ
မေတ္တာဖြင့်
အယ်ဇီ

Eaindra said...

အစ်မရေ....

အိမ်ငေးသူတွေရဲ့ အဖြစ်က...
အဲဒီ့အငေးထဲမှာ...
လောင်ကျွမ်းနေခဲ့တာ...

တကယ်က..ကိုယ့်စိတ်နဲ့ကိုယ့်ကို...
အပြေးဝေးချင်ခဲ့ကြတာ...နော်

အိမ်..တဲ့..
အလိုလိုနွေးထွေးသွားစေတဲ့
လုံချုံသွားတဲ့..
လွပ်လပ်ပြီးသက်တောင့်သက်သာရှိတဲ့
ကိုယ့်ကိုကိုယ်ယုံကြည်ချက်..တွေရှိလာတဲ့...
အားကိုးမှီတွယ်ချင်လာတဲ့
သေသပ်နူးညံ့နေတဲ့
စကားလုံးလေးပါ...

မနော်ရေ....
နှစ်သစ်မှာ..စိတ်နဲ့မှာ..စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့....

အိန္ဒြာ

ဒူကဘာ said...

လိုချင်တဲ့ အိမ်လေး တနေ့တော့ ရောက်လာမှာပါ၊ အမြဲတမ်း အိမ်ငေးသူ၊ အိမ်ဝေးသူ ဘယ်ဖြစ်နေပါ့မလဲ...မနော်

Bino said...

အမြဲတမ်းနာကျင်နေတတ်တဲ့စိတ်တွေကဘယ်လိုပျော်ရွှင်မှုတွေသက်ဝင်တဲ့အနုပညာမျိုး
ကိုဖန်တီးနိုင်မှာတဲ့လဲ။ကော်မာရှယ်ဆိုတဲ့အရာတွေမှာတောင်..တစ်ခါတစ်လေရောပါသွား
တတ်သေးတယ်။
I encourage you.
I can write down your feels whenever you get.
I think that mostly are deciding to accept the inevitable.
You can write about your field because your a good author (creator).
You said that some commercial activities lost from you due to your kindness to people. Don't you.
I can't advise that case because I also lost many time.
Thank you.
Bino

Bino said...

Ma Naw,
I'm sorry. some of words and sentences in my comment are total wrong.
Read
"I want to encourage you." instead of
I encourage you.
"You can write down your feels" instead of
I can write down your feels

Bino

RePublic said...

မင်္ဂလာနှစ်သစ်ပါ အစ်မ မနော်၊၊ ပျော်ရွှင်ချမ်းမြေ့ပါစေ၊၊

WWKM said...

မေခရေ...
လိုရာဆန္ဒတွေပြည့်စုံပြီး စိတ်ချမ်းသာပျော်ရွှင်စေချင်ပါ
တယ်... ပို့စ်လေးဖတ်ပြီး ရင်ထဲနင့်တယ်...
ဒီလိုပါပဲ... လှပတဲ့ အိမ်ကလေးတစ်လုံးဆောက်နိုင်ဘို့
နှစ်ဦးနှစ်ဖက်လုံးမှာ နားလည်မှုတွေ ၊ပေးဆပ်ရခြင်းတွေ၊သည်းခံရခြင်းတွေ ၊ မျိုသိပ်ရခြင်း
တွေ အများကြီးရှိနေနိုင်တာပဲနော်... တစ်ခုခုလွဲမှားသွား
ရင် အိမ်ကလေးပြိုသွားနိုင်တာပဲ... အသိလေးတွေ ရ
သွားတယ် ချစ်ညီမရေ. အာဝါးးးးးနော်..
မနိုးနိုင်းပြောသလိုပဲ သပ်ယပ်နွေးထွေးတဲ့ အိမ်ကလေး
တစ်လုံးကို အမြန်ဆုံး တည်ဆောက်နိုင်ပါစေ.
ပျော်အောင်နေ..နော်.

ချစ်တဲ့
ဝါ

Julian said...

မေခ

နှစ်သစ်မှာစိတ်ပျော်ရွှင်ပါစေ။
အိမ်ကလေးဟာ ငါ့ကိုတော်တော်များများဆွဲဆောင်သွားခဲ့တယ်။ ကိုယ့်အမြင်နဲ့ စာရေးသူအတွေးမတူညီနိုင်ပေမယ့် တစ်ချို့စာကြောင်းတွေကိုတော့တော်တော်ကိုသဘောကျသွားတယ် ။

ဒါမျိုးလေးတွေပေါ့ .....
" နောက်ကြောင်းကို…
ဘယ်တော့မှပြန်လှည့်မကြည့်တတ်ချင်တဲ့သူက..ခုမှ.....
လောကမှာ..ဖြေရှင်းလို့မရတဲ့ပြဿနာတွေ..ဒီလောက်များသလား။
လှည့်စားခံရတဲ့ဒါဏ်ရာဒါဏ်ချက်တွေက..ဒီလောက်နာကျင်သလား။
အမှားတွေကဒီလောက်တောင်ပဲ..အုံနဲ့ကျင်းနဲ့နီမောင်းနေတတ်သလား။

ဆောက်ချက်မှားသွားတဲ့ပန်းပုဆရာတစ်ယောက်လို..အနာဂတ်ကိုပဲနာနာကျင်ကျင်ဖဲ့ထုတ်
ပြုပြင်လိုက်ရတော့မယ်ထင်ပါရဲ့။......မတရားသောလမ်းတွေအတွက်..စီရင်
ချက်ဆိုတာမရှိတော့ဘူးတဲ့လား။ကံကြမ္မာရဲ့အမှတ်အသားတွေက..တကယ်ဆိုတိကျသင့်
ခဲ့ပါတယ်။

ကျေးဇူးပြုပြီး..အချိန်တွေကိုပြောင်းလဲပစ်ပေးလိုက်ပါ။"

ဂျူ

Zephyr said...

..
...
...


May U B Peaceful ...sister..

May God Bless U .

Thou shall not bow down ... to them

emayarKhin said...

ကိုယ်ရဲ့ညံ့ဖျင်းမှုကြောင့်ရယ်လဲမဟုတ်ပါဘူး
မ..ရယ်....လောကမှာဖြေရှင်းလို့မရတဲ့ပြသနာ
မရှိဘူးလို့..ဟိုတတယောက်ကတော့ပြောသား...
ပြသနာရှိရင်အဖြေလဲရှိရမယ်တဲ့..............

ATN said...

တခါတလေတော့လည်း လှည့်ပြန်လို့ မရနိုင်တဲ့ လမ်းပေါ် ရောက်သွားတဲ့အခါ ဆက်လျှောက်ရတာပါပဲလေ...
အားတင်းဖို့ တခုပဲ...

tg.nwai said...

မနော်..
နောက်လှည့်လို့ မရတာတွေလည်း ရှိတတ်ပါတယ်..နာကျင်မှုတွေကိုပဲ ရင်ထဲပိုက်ထွေးမထားပဲနဲ့ အိမ်လေးနဲ့ ဝေးနေရင်တောင် အိမ်လေးရဲ့ နွေးထွေးမှုလေးတွေကို ပြန်တမ်းတ သတိရရင်း ဘယ်တော့မှ နှစ်ခုမဖြစ်နိုင်ပေမယ့် အိမ်အသစ်လေးတခုကိုတော့....။

မနော်ရယ်.. စိတ်မညစ်နဲ့လို့ မပြောချင်ပါဘူး.. ဒီအချိန်ကို အရင်က အချိန်လိုမျိုးပဲလို့ပြောထားလို့..မှန်းဆလို့ ရပါတယ်..။ မနော်က ခိုင်မာတဲ့ မိန်းမသားတဦး မိခင်တဦးပဲဟာ..။ နောက်တခါ မုန်တိုင်းကြုံလာရင်တောင် ရှင်သန်ဖို့ ကြိုးစားရမှာ ကျမတို့ လူသားတွေရဲ့တာဝန်ပဲလေ..။

မနော်နဲ့ သားလေး ဟောင်းနွမ်းစိတ်ညစ်စရာတွေနှစ်ဟောင်းမှာ ချန်ထားခဲ့ပြီး မင်္ဂလာရှိတဲ့ နှစ်သစ်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ...။

နေကောင်းအောင်နေပါ မနော်ရယ်..လဲလို့ မဖြစ်ဘူးနော်..။

Moe Cho Thinn said...

မနော်ရေ အားပေးဖို့ အရောက်လာခဲ့တယ်။ နာကျင်ခြင်းအား
မှုမထားဘဲ
ကျော်လွှားနိုင်ကြောင်း
အသည်းကောင်းလိုသည် ဆိုတဲ့ ကဗျာလေးလိုပဲ၊
မနော်ဟာ အသည်းကောင်းတဲ့ မိန်းမတယောက်လို့ တို့ယုံတယ်။

Unknown said...

မနော် ကောင်းသောနေ့ပါ
အကြောင်းတရားနဲ့ အကျိုးတရားတွေမညီညွတ်သေးသမျှ
ကိုယ်စီအိမ်နဲ့ ဝေးနေကြတာပါပဲ
အားလုံးပဲအဆင်ပြေပါစေမနော် :)