အပျင်းပြေဆိုပြီးဇော်ကြီးကဗျာကိုဖတ်မိတာ..

Friday, February 20, 2009

အပျင်းပြေဆိုပြီးဇော်ကြီးကဗျာကိုဖတ်မိတာ...

အပျင်းပြေဆိုပြီး
ဘ၀ကိုအရောင်လှလှချယ်ပေးကြည့်တာ
ကာလာသီအိုရီတွေမသိတော့
စိတ်ပျက်စရာပန်းချီကားတစ်ချပ်
ကိုယ့်ကိုရပ်ကြည့်နေတာတွေ့ရတယ်

အပျင်းပြေဆိုပြီး
ခရီးရှည်ကြီးတွေထွက်လာခဲ့မိတာ
မောတော့မှ
ပြန်စရာလမ်းကပျောက်နေခဲ့
ဝင်္ကဘာထဲဝဲလည်လှည့်လို့ပေါ့။

အပျင်းပြေဆိုပြီး..
သီချင်းလေးတစ်ပုဒ်ညည်းမိတာ
မျက်ရည်တွေဖြာကျလာတယ်
နှလုံးသားရဲ့အလွမ်းခန်းတံခါး
အရံအတားမလုံတော့ဘူး။

တကယ်ပါ
နောက်တစ်ခါထပ်မပျင်းမိဖို့
အပျင်းပြေကစားနည်းတစ်ခုရှာကြည့်ရဦးမယ်။ ။
မနော်ဟရီ


ကိုယ့်ကိုယ်ကိုဒါဏ်ရာရကြောင်တစ်ကောင်ရဲ့နာမကျန်းမှုမျိုးနဲ့ချောင်တစ်ချောင်မှာခွေခေါက်နေချင်စိတ်
တွေများနေတာကြာပြီ။စိတ်ရောလူရောမကျန်းမာဘူးဆိုပြီး၊လိုင်းပေါ်လည်းမတက်ဖြစ်ဘူး။တက်မိတာနဲ့
တစ်ပြိုင်နက်တည်းလူလည်းစိတ်ကပိုညစ်ရတာများတယ်။ဒါနဲ့..စာတွေပဲလိုက်ဖတ်နေလိုက်တာ၊တော်
တော်တော့အဆင်ပြေသား။နေရထိုင်ရလည်းကောင်းတယ်။စာရေးချင်စိတ်ကလည်းမရှိဘူးကိုး။ခပ်တည်
တည်နဲ့အဟောင်းတွေရိုက်ရိုက်တင်နေတာ။ရာသီစာကလည်းလုပ်မစားတတ်လေတော့၊အံကိုက်ပဲ...
ဒီနေ့တော့သစ်ကောင်းအိမ်..ကဗျာတစ်ပုဒ်ကိုဖတ်ပြီး.ကွန်မင့်ရေးမယ်အလုပ်မှာ.စာကြောင်းတစ်ချို့.
ခုန်ပေါက်ထွက်လာတယ်။အပေါ်ကစာကြောင်းတွေပဲ။ဇော်ကြီးကဗျာကိုအားနာသောအားဖြင့်တော့ကိုယ့်
ဟာကိုယ်ကဗျာလို့မတတ်ပါဘူး။သူ့ကဗျာကပိုကောင်းနေတာကိုး။
အပျင်းပြေဆိုပြီးမောင်လွမ်းနီကိုသတိရ..တဲ့..ဖတ်ကြည့်ပါဦး။


13 Comments:

ဆောင်းယွန်းလ said...

အပျင်းပြေလာဖတ်ခဲ့တာတော့မဟုတ်ပါဘူး
ကဗျာတစ်ပုဒ်နဲ့ ရင်ဘတ်ကိုတည့်တည့်တိုးတယ်...

kay said...

ကြောင်တွေ နေမကောင်းရင်..ကြောင်ဆေးပင် ရှိတယ်။

အပျင်းပြေကစားနည်းတခု တွေ့ရင်..တအိမ်လိုရင် ခေါ်လိုက်နော်။ နီးတယ်လေ။း)

စိုင်းလောဝ်ပိန်း said...

အပျင်းပြေဆိုပြီး
ခရီးရှည်ကြီးတွေထွက်လာခဲ့မိတာ
မောတော့မှ
ပြန်စရာလမ်းကပျောက်နေခဲ့
ဝင်္ကဘာထဲဝဲလည်လှည့်လို့ပေါ့။

ဖတ်ပြီး အတော့ကို မောသွားတယ်ဗျာ

Anonymous said...

ပေါ့စေလိုလို့  ကြောင်ရုပ်ထိုးမှ ဆေးကြောင့်လေး ဆိုလားမသိဘူး စကားရှိတယ်လေ။
အမ ကဗျာလေးက အဲဒီလိုပဲထင်တယ်နော်...။
အပျင်းပြေလာလာ လည်တာတော့မဟုတ်ပါဘူး။
တခုခုရလိုရငြား လာလာရှာတာ။
း)

Anonymous said...

cool! this girl is so honest and escapes from what it said and what it ruled! will she ever?

Sein Lyan Tun said...

ကဗျာမရေးတတ်တဲ့ကျွန်တော်..
အဲလိုရင်ထဲထိတဲ့ကဗျာလေးတွေကို သိပ်ကြိုက်..
မနော် ကျမ်းမာရေးကောင်းပါစေဗျာ...

tg.nwai said...

အပျင်းပြေကို လာဖတ်သွားပါတယ် မနော်..။

နေမကောင်းဘူးလားဟင်...။ စာတွေပဲ ဖတ်နေတာပေါ့..။ ဒါလည်း ကောင်းတာပဲ..။ :)
အမြန်ဆုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ပဲ ....

လင်းဒီပ said...

အပျင်းပြေဆိုပြီး ဘလောဂ့်လေးတစ်ခု စလုပ်မိတယ်..
ပြန်ထွက်လို့ မရတော့ဘူး..:P

မီယာ said...

အသစ်တွေ့လို့ လာတာ မနော်... နေကောင်းရင် စိတ်ကြည်ရင် ရေးချင်တာသာရေးပါ.. therapy တစ်ခုပဲလေ။

phoe thu taw said...

အပျင်းပြေဖတ်တာ မပျင်းပြေနဲ့ တိုးနေတယ် ..

အိုင်လွယ်ပန် said...

အစ်မ လင့်ခ်ပေးလိုက်လို့
ကိုသစ်ကောင်းအိမ်ဆီကိုပါ
သွားကြည့်လိုက်တယ်...
ကဗျာကောင်းတွေတစ်လှေချည်းပဲ...
ကျေးဇူးပါအစ်မရေ .....

pandora said...

မပျင်းတဲ့အချိန်မှာ လာဖတ်သွားတယ်.


ဒါနဲ့ စာကြောင်းတွေက တဆက်တည်း မဖြစ်ပဲ အောက်ကို ကျကျနေတယ်။ ပို့စ်ထဲမှာ နည်းနည်း ပြန်ညှိကြည့်ပါလား.. မ

Anonymous said...

အပျင်းပြေဆိုပြီး
ခရီးရှည်ကြီးတွေထွက်လာခဲ့မိတာ
မောတော့မှ
ပြန်စရာလမ်းကပျောက်နေခဲ့
ဝင်္ကဘာထဲဝဲလည်လှည့်လို့ပေါ့။

အင်း ......... ခရီးရှည်ထွက်ရင်း ပိုပျင်းလာခဲ့တာကို ကိုယ်တိုင်ခံစားခဲ့ရတယ်၊ တကယ်တော့ကိုယ်တို့တွေက ဘာကိုမှအလိုမကျနိုင်တာလဲဖြစ်မယ် ၊ တကယ်ကိုဘဲ ၀င်္ကဘာထဲမှာ ပြန်စရာလမ်းမရှိတာလား ၊ အစကတည်းကိုက ၀င်္ကဘာထဲရောက်နေခဲ့တာလား ၊ တကယ်တော့ မအားတဲ့ကြားက ပျင်းရိငြီးငွေ့ခြောက်သွေ့နေခဲ့တာ ဘယ်အချိန်ကတည်းကပါလိမ့်..............

ဂျူ