ဧထက်

Monday, February 2, 2009

ဧထက်နဲ့ကျွန်မကတော့ ရာစုသစ်မြစ်ကျဉ်းကိုစလုပ်မှသိကြတာပါ။
နောက်ပိုင်းမှာမကြာခဏတွေ့ဖြစ်တယ်။သူက city FM မှာကဏ္ဍများစွာကို
ဖန်တီးနေသူဖြစ်လို့ပါ။တစ်ခုခုဆိုကျွန်မတို့ကိုခေါ်ပြီး ဒုက္ခပေး ..အဲ..ဟုတ်
ပါဘူး..စင်တင်ပေးတတ်တယ်။ကျွန်မတို့ကိုအသံနဲ့ပရိသတ်ကိုနှိပ်စက်စေတာ
ပါပဲ။ သီချင်းတွေလည်းအများကြီးရေးခဲ့တာမို့သူ့မှာအနုပညာကတော့ပြောစရာ
မလိုသလိုဝမ်းစာလည်းအတော်ပြည့်ပါတယ်။ တစ်ခါတစ်လေသူအားထည့်ပြီး
လုပ်ထားတဲ့ ပရိုဂရမ်တွေကိုကြည့်ရင်သူ့မှာဘယ်လောက်ဝမ်းစာပြည့်တယ်ဆို
တာသိနိုင်ပါတယ်။အဲဒါတွေနဲ့နပမ်းလုံးနေလို့စာမရေးဖြစ်တာလည်းကြာပေါ့..။
ခုလိုပြန်ရေးတော့လည်း.ဧထက်အစစ်ကိုကျွန်မတို့ပြန်တွေ့နေရဆဲပါ။

အမှာစကား
မရေးဖြစ်တာကြာတဲ့ကဗျာတွေကို
မဆုံဖြစ်တာကြာတဲ့သူငယ်ချင်းတွေနဲ့
ကဗျာမြစ်ကျဉ်းအသစ်မှာ
ပြန်လည်စီးဆင်းဖြစ်ခြင်းက
အမှတ်တရ…
ဧထက်


၁ မညီမျှခြင်း ၂
(၁)အကာအကွယ်
မင်းရှေ့မှာမားမားမတ်မတ်
ငါ..ရပ်နေပေးမယ်။

(၂)အကာအရံ
ကျွန်တော့်ထံလာသောအလင်းတန်းများ
စိတ်မှန်းနဲ့သာခိုးယူလင်းမြရတော့တယ်။ ။
ဧထက်


အင်္ကျီတစ်ထည်လောက်

ငါ့နှလုံးသားကို
ဝတ်မှုန်ကူးယူသွားတဲ့ပန်းတစ်ပွင့်
ဧည့်ခန်းဆောင်မှာကျော့ရရော့  ။
ပွင့်ချပ်အသွယ်သွယ်ကို
ဝယ်မ၀တ်နိုင်တဲ့ငါ့မှာသာ
ကြွတ်ဆတ်ခြောက်ခမ်း..ပန်းမမည်တော့။ ။
ဧထက်


သက်သေ
ပန်းတွေလည်းပန်းတွေအလျောက်
ကြယ်တွေလည်းကြယ်တွေအလျောက်
သူ့နည်းသူ့ဟန်နဲ့ပွင့်ကြ…ဝေကြ။
ပန်းတွေလည်းပန်းတွေအလျောက်
ကြယ်တွေလည်းကြယ်တွေအလျောက်
သူ့နည်းသူ့ဟန်နဲ့လွင့်ကြ..ကြွေကြ..။
မနေ့ကမြေပြင်နဲ့ဒီနေ့မြေပြင်
မနေ့ကကောင်းကင်နဲ့ဒီနေ့ကောင်းကင်
လုံးဝဆင်တူမဟုတ်တဲ့အကြောင်း
သူ့နည်းသူ့ဟန်နဲ့..သက်သေပြ။ ။
ဧထက်



သက်သေ(၂)

သက်သေကပြောတယ်
သူကိုယ်တိုင်မြင်ရတာပါ..တဲ့။
သက်သေကပြောတယ်
သူကိုယ်တိုင်ကြားရတာပါ..တဲ့။
အဲသည်သက်သေကပဲ
သူ့ရဲ့ထွက်ဆိုချက်တွေအတွက်
စစ်ချက်ကောက်ခံသူကို
ဘာဆိုဘာမှမမြင်ရတဲ့စကားနဲ့
နားရွက်တွေကိုဝှက်ထားပေးပါတဲ့။
ကဲ..
ကမ္ဘာကြီးလုံးနေတယ်ဆိုတဲ့အကြောင်း
သက်သေကောင်းကောင်းရှိပါတယ်။ ။
ဧထက်

အခြေအနေအရ
သံဆူးကြိုးခွေထဲငြိနေတဲ့ခွေးတစ်ကောင်လို
ရုန်းလေ ရှလေ ရုန်းလေ ရှလေ
တစ်ခါတစ်လေ ..ငြိမ်နေတာကပိုကောင်းတယ်။

ရေတွင်နက်ထဲကျနေတဲ့လူတစ်ယောက်ခင်ဗျာ
ကြာလေ မွန်းလေ ကြာလေ မွန်းလေ
တစ်ခါတစ်လေ ရုန်းထွက်နိုင်မှလွတ်မြောက်မယ်။

ငြိမ်သက် ရုန်းထွက်
ဆုံးဖြတ်ချက်ဆိုတာက
အခြေအနေအရပါပဲ။ ။
ဧထက်


ဘာသာပြန်ကဗျာ
ကျွန်တော်အရွယ်ရောက်စကတည်းက
အဖေပြောနေကျစကားတွေပါလေ..
ကျွန်တော်ကပြန်ပြီးဖောက်သည်ချပါရစေ..။
သားရေ
ဘယ်မိန်းကလေး(ချစ်သူ)အကြောင်းမှ
ဒိုင်ယာရီထဲထည့်မရေးနဲ့ကွ
ဘယ်မိန်းကလေး(ချစ်သူ)နဲ့မှ
နှစ်ယောက်တည်းတွဲပြီးဓါတ်ပုံမရိုက်နဲ့ကွ..
နောက်ဆုံးပြောမယ်ကွယ့်
မနက်ဖြန်မနက်မင်္ဂလာဧည့်ခံပွဲစီစဉ်ပြီးပြီပဲထား
မယူခင်မမှားစေနဲ့ကွ တဲ့
ဒီအရွယ်အဖေ့စကားကို
အခုလိုဘာသာပြန်နားလည်လိုက်ပါတယ်။
သားရေ
ဘယ်တစ်ယောက်တစ်လေကိုမှမယုံနဲ့…
(ဘယ်လောက်ပဲသေချာသေချာ)
ကံကြမ္မာဆိုတာကိုမယုံနဲ့…လို့
ဒီလိုဆိုချင်ပုံရပါတယ်။
နောက်ဆုံးနားလည်လိုက်တာက
မိန်းကလေးတိုင်းကို
ကျွန်တော့်အမေလိုလေးစားစေချင်တယ်ဆိုတာပါပဲ..။ ။
ဧထက်


Dialogues and Questions

(၂)
စိတ် ပါးပါးလေးပုတ်လိုက်တာပါ
အသိ မင်း…ငါ့ကိုယုတ်မာမယ်မှန်းသိသားပဲ
မှတ်ချက် (ပွဲစားတစ်ယောက်အားပြောခဲ့သည့်စကား)
(၃)
စိတ် အတုံးလိုက်အတစ်လိုက်ကျွေးလိုက်တာပါ
အသိ မင်း ..ငါ့ကိုကိုက်မယ်မှန်းသိသားပဲ…
မှတ်ချက် (ခွေးတစ်ကောင်အတွက်
နေမြင့်မှန်းသိလျက်ကျွေးရက်ခဲ့သည့်စကား)
(၄)
စိတ် တစ်ကယ်ကိုရက်ရက်ရောရောနဲ့ပါ
အသိ ဒီနေ့မနက်စာငါမစားပဲကျွေးပါ့မယ်
မှတ်ချက် (သိက္ခာရှိသောသူဖုန်းစားအား
စွန့်လှူခဲ့သောစကား)

(၁)
အမေး မိတ်ဆွေ
သင်ဘာအလိုရှိပါသလဲ
ကျွန်တော်ဘာပြန်ပေးရမလဲ
ဘယ် လို ပေး ရ မ လဲ…။ ။
ဧထက်


သံသရာ
ကမ္ဘာကြီးနဲ့ကျွန်ုပ်
ဘာအရှုပ်အရှင်းမှပြောစရာမရှိပါ
သင်ကသာကျွန်ုပ်ရဲ့မိတ်ဆွေဖြစ်နေတော့ကာ
ပြောစရာတစ်ခုရှိလာ။

နဂိုတည်းကစောင်းနေတဲ့ကမ္ဘာကြီးပေါ်မှာ
သင်ဘာကြောင့်တည့်တည့်ရပ်တည်နိုင်တာ..။
(သို့မဟုတ်)
နဂိုတည်းကတိမ်းစောင်းနေတဲ့ကမ္ဘာကြီးပေါ်မှာ
သင်ဘာ့ကြောင့်ထပ်ပြီးစောင်းနေတာ။

ထားလိုက်ပါမိတ်ဆွေ
ကျွန်ုပ်ကိုတစ်ခုပြန်ပြီးမေးစေချင်သား
ဒီမေးခွန်းတွေမေးတဲ့ခင်ဗျား
ဘယ်လိုများမွေးဖွားလာသလဲ….လို့ပါ..။

မေးလို့သာမေးခိုင်းရ
တိကျတဲ့အဖြေ
ကိုယ်ကိုယ်တိုင်လည်းမရေရာကြောင်းပါ။ ။
ဧထက်


ချစ်သူကိုဖြောင့်ချက်ပေးဖို့ကိုယ့်အကြောင်းကိုယ်ရေးဖွဲ့ခြင်း

ချစ်သူကိုဖြောင့်ချက်ပေးဖို့
ကိုယ့်အကြောင်းကိုယ်ရေးလိုက်တယ်။
ကိုကို့မှာမွေးစာရင်တစ်ခုရှိတယ်
အဲဒီမွေးစာရင်းထဲမှာ အဖေနာမည်ရှိတယ်
အမေနာမည်ရှိတယ်
အမေ့အပေါ်ကျေးဇူးဆပ်ဖူးတာလည်းရှိတယ်
ကျေးဇူးကန်းဖူးတာလည်းရှိတယ်
အဖေဆုံးမသမျှနာခံခဲ့တာလည်းရှိတယ်
ကာပြန်ခဲ့တာလည်းရှိတယ်။

ကိုကို့မှာမှတ်ပုံတင်တစ်ခုရှိတယ်
အဲသည်မှတ်ပုံတင်ထဲမှာနာမည်တစ်ခုရှိတယ်
နာမည်တက်စရာအကောင်းတချို့လည်းလုပ်ခဲ့တယ်
နာမည်ပျက်စရာအဆိုးတချို့လည်းလုပ်ခဲ့တယ်။

ကိုကို့မှာဘွဲ့လက်မှတ်တစ်ခုရှိတယ်
အဲဒီဘွဲ့လက်မှတ်ထဲမှာ အသိဥာဏ်တွေရှိတယ်
သင်ယူခဲ့တဲ့ပညာတွေရှိတယ်
(ဒီကြားထဲကပဲဘ၀မှာ)
ဆင်ခြင်ခဲ့တာတွေလည်းရှိတယ်
အဆင်ခြင်မဲ့တာတွေလည်းရှိတယ်။

ကိုကို့မှာနှလုံးသားတစ်ခုရှိတယ်
အဲသည်နှလုံးသားနဲ့ပြုံးခဲ့ဖူးတာလည်းရှိတယ်
မုန်းခဲ့ဖူးတာလည်းရှိတယ်

ကိုကို့မှာ ကလေး လို့ခေါ်တဲ့ချစ်သူတစ်ယောက်ရှိတယ်
အဲသည်ကလေးအတွက် အကျိုးတွေကိုပဲပေးချင်တယ်
အဆိုးတွေကိုတော့ဘေးကိုဖယ်
အဲသည်ကလေးအတွက် အပြုံးတွေကိုပဲပေးချင်တယ်
အမုန်းတွေနဲ့ဝေးချင်တယ်။
ဆရာစိုင်းခမ်းလိတ်တေးစာသားပြောင်းပြန်ငှားပြီးပြောရရင်
မင်းအချစ်နဲ့အရာရာကိုအကောင်းအတိုင်းဖြစ်စေမယ်။ ။
ဧထက်


မှန်ကြည့်ပြီးရေးတဲ့ကဗျာ
(၁)
ရာဇဖွားလို့သာဆိုရဲ့
ယိုင်နဲ့ရှင်သန်မှုသက်တမ်းမှာ
ဘယ်သူ့အပေါ်မှလည်းသြဇာမလွှမ်းခဲ့။
(၂)
ကောင်းကင်တည်ရာမှားပုံပေါက်ရဲ့
မီးတောက်ကလင်းချင်းသမျှ
ဖယောင်းတိုင်ကဇောက်ထိုး
(ဒီလိုနဲ့)
ရိုးရိုးလေးပဲငြိမ်းမှောင်နေခဲ့ရ။
(၃)
ရဲရင့်သောလူငယ်စိတ်ကို
ကြိုးတန်းတစ်ခုလိုသွယ်တန်းပေးမိတော့
အတ္တတွေလာလာတင်လှန်းကြ
ပြန်ရသမျှက နောင်တ နဲ့ သံဝေဂ
(၄)
ချစ်သူတွေကို
ရန်သူတွေကို
ကောက်ကျစ်သူတွေကို
ယုတ်မာသူတွေကို
ရက်စက်သူတွေကို
ရိုင်းစိုင်းသူတွေကို
လူလည်လူရှုပ်တွေကို
မလည်ရှုပ်တွေကို
မာန်ထောင်သူတွေကို
ဟန်ဆောင်သူတွေကို…
………………..မုန်းခဲ့ရ။
နောက်ဆုံးကျမှ
ကိုယ့်ကိုကိုယ်မုန်းဖို့သတိရ။
(၅)
လက်ကိုပြန်ကိုက်လည်း
မိုက်သောခွေးကိုအစာကျွေးခဲ့မိ
အခက်ကိုဆိတ်ချိုးလည်း
ဆိုးသောသူအပေါ်အရိပ်မိုးခဲ့မိ
အဲသည်လိုပေးဆပ်တာလည်းရှိ
ပြီးတော့..တေးမှတ်တာလည်းရှိ
ကိုယ့်အမှားတွေကိုယ်ပြန်သိဖို့
ကြည်စရာမော်နီတာတော့ရှိ
ပြစရာ ပရိုဂျက်တာလည်းမရှိ
(၆)
အများသူငါလိုပါပဲ
မွေးကတည်းကမှားခဲ့တယ်။
အသက်အရွယ်အပိုင်းအခြားအလိုက်
ဆက်မိုက် ဆက်တိုက်မှားပြန်တယ်
အလိမ်မပေါ်အောင်ဟန်ဆောင်ရင်း
စာရင်းတိုးလာတဲ့မုသာဝါဒတွေ
ညကများသွားတာနဲ့မနက်မှာပြန်ဖြေ
တစ်စတစ်စပွားများလာတဲ့သူရာမေရိယ
………………………………..
……………………………….
ချစ်သောကလေးရေ
ငါဟာ လောက်လန်းတစ်ကောင်ပါကွယ်
ရွံစရာဒွန္နယာထဲမှာ
မရွံမရှာ ကျွမ်းထိုးနေဆဲပဲ။ ။
ဧထက်


စီးချင်းထိုးတဲ့ည

စည်းချက်ပျက်ဂီတ
ပုလင်ခွံလွတ်ဟောက်ပက်ည
(ငါ့ကိုလား…ငါကလားမကွဲပြားတော့တဲ့)
လွတ်လပ်ကာရံ အကြည့်မြားတံချွန်မြ
ကြယ်နှစ်ပွင့် ငါ့ကိုပြုစားကြ။

ငါ..ရှုံးနိမ့်လုမတတ်ပ
ခြင်္သေံ့အရေခွံခွာငန်းရိုင်းမ
ပျော့ဖတ်ဂွမ်းဆိုင်ဆုပ်ပက်ကျဲချ
ညကိုညကပြန်မျိုချ။

ကောင်မလေးရေ
မင်းကိုသာသတိမရမိခဲ့ရင်
င့ါနာမည်ငါပြန်မေ့လျော့လို့
ငါ့သော့ငါပြန်ဖွင့်မယ့်ည။

အခုမှပဲ
ငန်းရိုင်းပြန်ကြွဆူပုပ်ပွ
ခြင်္သေ့ဂူဝပြန်ထိုင်ချ
ငါ့ကိုငါကပြန်ပိုင်ရ
ကောင်မလေးရေ..ကျေးဇူးပ..။ ။
ဧထက်


ခါကာဘိုရာဇီမှပိတ်စများ
ကောင်းကင်ဆိုတဲ့ဝေါဟာရ
ဘာသာပြန်ပြစရာမလို
ခါကာဘိုရာဇီကိုလည်းသိကြတယ်။
ဦးတည်ရာမဲ့
ကစဥ့်ကလျား
အတွေးအခေါ်ဆုံးပါးတိမ်ညွန့်တွေ
လေချွန်သံတစ်ခုရဲ့လားရာအရပ်ဆီ
ရှပ်တိုက်ပြေးလွှား
အင်္ကျီပါးပါးတွေချုပ်ရိုးမခိုင်ကြရှာ။

ငါ့တစ်ရပ်သာသာအရပ်က
ခြောက်ကပ်ကပ်လှောင်ရယ်သံ
ဖိနပ်တစ်ရံကိုပါးလျကုန်ဆုံးစေခဲ့။

ငါ့ဦးထုတ်ပေါ်မှာ
ငါ့ဖိနပ်အောက်မှာ
နောက်ပြီးတော့..ငါ
ဖွာလန်ကျဲပိတ်စတချို့နဲ့
စက်ချုပ်သမရဲ့ချုပ်ရိုးမသေသပ်မှုအတွက်ကိုတော့
ရယ်မောခြင်းတွေမေ့လျော့နေခဲ့ကြ။

သဘာဝတဲ့
ငါ ဘာမှမပြောတော့ပါ
ဟေမာနေ၀င်းသီချင်းတစ်ပိုင်းတစ်စ
ငါ အလွတ်ရနေ
တိမ်တွေပြန်လာတာ
မော့ကြည့်လို့သီချင်းဆိုတာကောင်းတယ်။ ။
ဧထက်



မြစ်ကျဉ်းထဲခုန်ချခြင်း

ဖြစ်တန်ရာခဲ့
သော့တံပျောက်သော့ခလောက်ကို
ကြောက်အားလန့်အားမဲ့
ဆွဲဖွင့်ရင်းနဲ့ပဲ..ဖွင့်ဆွဲအဆွဲခံလိုက်ရ
ကောင်မလေးရေ
ငါပ…။

အတင်းကာရော
အာရုံပြောင်းခိုင်းပုံကလား
မြစ်အစင်းစင်းကို
နေ့မစေ့ လမစေ့
ဗိုက်ခွဲမွေးပစ်လိုက်တဲ့ထိ။

ယုံစမ်းပါ့ကောင်မလေးရယ်
ငါတစ်ကယ်ခံပြင်းတတ်ပါရဲ့
ငါ့ရဲ့နံရိုးအစင်းစင်းကို
ဇွတ်အတင်းဆုပ်ညှစ်
တတိယမြစ်ကျဉ်းမှာ
ငါ..ငယ်သံပါအောင်အော်မယ်
ဟေ့..! စုန်း ဖုတ် ကဝေ
တစ္ဆေ ..မင်စာတွေ..
ငါ့ကောင်မလေးကိုလွှတ်လိုက်ကြ
ဒါ…ဂမ္ဘီရသိုက်နန်းမြို့တော်မဟုတ်
ကံ့ကော်တင်းကုတ်တစ်ခုသာဖြစ်တယ်…
!!!!!!!!!!!!!!!!!

ကြားရလား..မြင်ကြလား ???
ပြက္ခဒိန်အတုတွေလူစဉ်မမီတဲ့အကြောင်း
ခေါင်းလောင်းတွေခပ်စိပ်စိပ်ထိုးပြ
တံခါးတွေအလျင်စလိုပိတ်ချ
မင်းနဲ့ငါသာဝင်မကဖြစ်ရင်
ဟောဒီယိမ်းအဖွဲ့ကြီးကို
ဝက်သားတုတ်ထိုးလုပ်စားပစ်လိုက်ချင်တော့ရဲ့ ။

အခုတော့
ကောင်မလေးက….ယော
ငါက…………….ဘသား
ကိုယ့်နားရွက်ကိုယ်ပြန်လိမ်ဆွဲရမယ့်ကိန်း
ဆိုက်နေလိုက်ပုံများ။

ရေနည်းမြစ်တွေစီးဆင်းကြ
အတူတကွ လီဆယ်ခံရတဲ့မြစ်မင်းမှာ
နံရိုးအစင်းစင်းဆုပ်ညှစ်
အရှိန်အဟုန်ပြင်းပြင်းစီးဆင်းရစ်ဖို့
(ငါတို့ရဲ့ မြစ်ကိုငါတို့)
မြစ်ကျဉ်းပုံထုဆစ်ကြရုံသာပါပဲ။

ကောင်မလေးရေ
ငါ့ရဲ့ကျောကုန်းကိုတင်းတင်းရစ်ရစ်
ဖက်ထားစမ်းပါလှည့်
ငါကဆွဲအဖွင့်..ငါ့ကိုဖွင့်အဆွဲမှာ
………………………။ ။
ဧထက်
ကျွန်မအကြိုက်ဆုံးကဗျာပါပဲ။အဲဒီကဗျာကို မြစ်ကျဉ်း(၃)မှာပါကတည်းကကြိုက်ခဲ့တာပါ။


9 Comments:

tg.nwai said...

ကိုဧထက် ကဗျာလေးတွေက ကောင်းလိုက်တာနော်..
Dialogues and Questions ရယ်၊ ဘာသာပြန်ကဗျာ နဲ့ မှန်ကြည့်ပြီးရေးတဲ့ကဗျာ တွေကို အရမ်း သဘောကျတယ်။

မနော်လည်း ဒီနေ့ ကဗျာတွေအများကြီး ရိုက်လိုက်ရတော့ လက်ညောင်းရော့မယ်...။

ကဗျာလေးတွေကြောင့် ကဗျာဖတ်သူတွေ ကျေနပ်စိတ်ချမ်းသာရသလို မနော်လည်း ချမ်းမြေ့ပါစေကြောင်း...

Anonymous said...

ဟုတ်ပါ့.. ကဗျာတစ္ဆေ္တများပူးနေသလားထင်ရတယ်..
အံ့ရော.. ဒဿနဆန်တာတွေပါသလို ဟာသလေးတွေလည်း တစ်ပုဒ်တစ်လေမှာတွေ့ရတယ်
တော်တော်ကောင်းတဲ့ကဗျာလေးတွေပါ
မနည်းလိုက်တွေးရတယ်..

"ပြက္ခဒိန်အတုတွေလူစဉ်မမီတဲ့အကြောင်း
ခေါင်းလောင်းတွေခပ်စိပ်စိပ်ထိုးပြ
တံခါးတွေအလျင်စလိုပိတ်ချ
မင်းနဲ့ငါသာဝင်မကဖြစ်ရင်
ဟောဒီယိမ်းအဖွဲ့ကြီးကို
ဝက်သားတုတ်ထိုးလုပ်စားပစ်လိုက်ချင်တော့ရဲ့" ;)

Anonymous said...

ကဗျာတွေ အများကြီး လာရောက်ခံစားသွားပါတယ်..
အကုန်လုံးကြိုက်တယ်ဗျာ... ကျေးဇူးအစ်မရေ...

လင်းဒီပ said...

စိတ်ရှည်လက်ရှည် ရိုက်တင်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်မရေ..
ကူးသွားတယ် ဟီး

kay said...

ကဗျာတွေ ကဗျာတွေ..ကဗျာဆရာတွေ..ကဗျာဆရာမတွေ.. ကဗျာချစ်သူတွေ..ကဗျာဖတ်သူတွေ.. ကဗျာထဲကရင်ဘတ်တွေ..ကဗျာထဲကစာသားတွေ.. ကဗျာကကူးစက်စေတဲ့ ရောဂါပိုးတွေ..

ကဗျာတွေ ဘလော့ထဲ ခင်းချထားတဲ့ အမကြီးရေ.. ဟို ကဗျာလေး ဘယ်လောက်လဲ..
း)

စိုင်းစိုင်းလားရှိုး said...

ဘာသာပြန် ကဗျာကို နှစ်သက်ပါတယ်ဗျာ။ မင်္ဂလာဦးရဲ့ တန်ဖိုးကို ဖော်ကျူးပြတာ ပြက်သားပါတယ်။

ATN said...

အတော် ကောင်းတဲ့ ကဗျာတွေပဲဗျ...
မျှဝေပေးတာ ကျေးဇူး မနော်ရေ့...

ဆောင်းယွန်းလ said...

ကဗျာအားလုံးကောင်းတယ်ဗျာ
ဘယ်အပုဒ်ကို အကြိုက်ဆုံးလို့ ပြောစရာမရှိအောင် အားလုံးကို အကြိုက်ဆုံးဖြစ်နေတာ
မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မနော်ရေ.....
ခင်မင်လျက်

Moe Cho Thinn said...

ကဗျာတွေ ဖတ်လို့ကောင်းလိုက်တာ။ တ၀ကြီးကို တင်တော့တာပဲကိုး။
ချစ်သူကိုဖြောင့်ချက်ပေးဖို့ကိုယ့်အကြောင်းကိုယ်ရေးဖွဲ့ခြင်း ကိုတော့ အကြိုက်ဆုံးပဲ။