ရာစုသစ်မြစ်ကျဉ်း (၁) - နောက်ဆုံး ပို့စ်

Sunday, October 12, 2008

လူကနေပေမယ့် ကံကမနေဘူးဆိုတာသိပ်မှန်တာပဲ.....း)
ဘာလို့လဲဆိုတော့ ပို့စ်လေးတင်ပြီးသနားစဖွယ်ပြောနေတုန်းရှိသေးတယ်
သူငယ်ချင်းတစ်ယောက်ရောက်လာပြီး “အော်..ရာစုသစ်ကဗျာတွေဆို ရိုက်ပေး
ချင်တာပေါ့” ဆိုပြီးရိုက်ပေးသွားတာ...အကုန်ပြီးသွားရော..
နာရီပိုင်းလေးပဲကြာတယ်..သူက ဒီတီပီ သမားကိုး ....
သူ့ကိုသာဝိုင်းဝန်းကျေးဇူးတင်ကြပါကုန်.........

ခပ်တည်တည်လမ်းကြား
ကြည့်စမ်း ..
သွေးပျက်ဖွယ်ရာဇ၀င်တဲ့
စာတင်ချင်သူတွေကမရှား။
အမှန်တရားကတော့
အုတ်ပုံကြားကအိမ်မြောင်တစ်ကောင်
ခြေလက်တွေပိပြား
သနားမယ်ဆိုရင်တော့သနားလောက်ရဲ့ ။
ဒါပေမယ့်
အသေအချာနားစိုက်ကြည့်
ဟားမတိုက်ဘူးဆိုရင်ပေါ့
ကာယကံရှင်ရဲ့ ညည်းတွားသံ
ခံစားချက်ဗလာ
စုတ်သပ်သနားတတ်ကြသူတွေကြား
သိက္ခာကျဆင်းသွားမှာစိုးလို့ပါတဲ့
ငြိမ်းချမ်းတဲ့အုတ်ကြား
မလှုပ်ရှားရပေမယ့်
သရုပ်မမှားရင်တော်ပါပြီဆိုတဲ့
ကျုပ်တို့ရဲ့ မော်ဒန်အိမ်မြောင်ကို
တိမ်တောင်ပေါ်မှာတောင်ထားလိုက်ချင်ရဲ့ ။ ။
စောသက်



ခရမ်းရောင်ည
အေးမြတဲ့လ၀န်းကများ
ကိုယ့်ကိုမုန်းတီးသွားပြီလားမသိ။
မြတ်နိုးစွာအိပ်စက်ခဲ့ဖူးတဲ့
အနက်ရောင်ခြုံထည်ကလည်း
စိန်ပွင့်တွေတလက်လက်နဲ့
သွေးပျက်လောက်အောင်ဖြားယောင်းနေကြလေရဲ့ ။
လေပြည်နဲ့သစ်ရွက်
ပေါင်းဖက်တဲ့သံစဉ်မှာ
မလိုက်ပါနိုင်တာကိုတော့
နားလည်နိုင်ကြမှာပါ။
ဂစ်တာသံသဲ့သဲ့နဲ့
လိုက်ဖက်စွာကခုန်နေတဲ့
နှင်းမှုန်တို့ကစုစည်းလို့ဟားတိုက်နေကြ။
ရှင်သန်ခြင်းရဲ့ လိပ်ပြာလေးကတော့
ဟိုး …. အဝေးဆီမှာ..။ ။
စောသက်



ရာစုသစ်မြစ်ကျဉ်းတွေအားလုံးရဲ့ ဒီဇိုင်းတွေသာမက
ကျွန်မရဲ့ ပန်းလှေလမ်းခွဲ နဲ့ မိကောက်ရဲ့  ကဗျာစာအုပ်တွေ
ရဲ့ ဒီဇိုင်းတွေကိုတာဝန်ယူရေးဆွဲခဲ့တဲ့ ကိုယ်မောင်မြင့်ရဲ့ ကဗျာတွေဖြစ်ပါတယ်..။


ကန္တာရနာရီ
နေ့အဟောင်းရဲ့ 
နာရီလက်တံတွေဟာ
အရှက်တရားနဲ့ပျက်သုဉ်း
လုံးဝသေဆုံးခဲ့။
အမိဝမ်းကကျွတ်တဲ့
ကလေးတစ်ယောက်ရဲ့ ငိုသံကို
ရှာဖွေပိုင်းခြားနိုင်စွမ်းခဲ့ရင်
အင်အားရှိတဲ့ကဗျာတစ်ပုဒ်
ကျုပ်တို့လက်ကမ်းသင့်တယ်။
လမ်းလျှောက်တတ်စမှာ
ဒူးခေါင်းကအမာရွတ်
လွတ်မြောက်မှုဆုတံဆိပ်
တဆိတ်လောက်မျက်နှာလွှဲ
လျှောက်ရဲခြင်းသာမရှိခဲ့ရင်
ဘာမီတွန်သောက်ထားတဲ့အနာဂါတ်
ပတ်ကြားအက်ထဲငိုက်မြည်း
ခရီးဆိုတာဘာလဲ။
ခြေဖ၀ါးနဲ့
လက်အဖျားမှာ
အင်အားဆိုတဲ့အစိုင်အခဲ
ဖြတ်သန်းရဲတဲ့အသည်းနှလုံး
မျက်လုံးတွေရဲ့ မာကျောမှု
သမိုင်းတစ်ခုကိုချန်ထားဖို့
သမိုင်းတစ်ခုကိုမွေးဖွားဖို့
(ကဲ…ရှင်မရေ)
အားစိုက်လိုက်စို့။ ။
ကိုယ်မောင်မြင့်



ကန္တာရသစ်ခွပြာ
သမိုင်းသစ်မြစ်ထဲ
ဝုန်းကနဲခုန်ဆင်း
ယုံကြည်ခြင်းအသက်နဲ့
ကဗျာရေးဖော်
ရဲဘော်တစ်ယောက်
မကြောက်နဲ့နော်….ခင်။ ။
ကိုယ်မောင်မြင့်



ကွဲအက်မှုပုံရိပ်
ငါ့လက်ထဲမှာ…
ယုံကြည်ချက်များစွာနဲ့
မျှော်လင့်ရက်တွေဆီရှေ့ရှု
အားပြုထောက်ကန်ထားတဲ့
ချိနဲ့နဲ့ဆန္ဒဇောတိုင်က
မောလျလျမျက်မှောက်ဘ၀မှာ
ကမ္မ၀ဋ်ထောင်ချောက်မိလို့
ရိဆွေးပျက်ကျိုးခဲ့ရပေါ့။

အတွေးနုသစ်တွေနဲ့
ပျိုမြစ်တဲ့နာရီတွေ
ရာသီစက်ဝိုင်းထဲစီးမျော
သောကဆူးခက်မီးတွေရဲ့ ကြား
စီးကျလုလုသွေးမျက်ရည်ဟာ
နာကျင်မှုသက်သေခံသက်သက်ပဲ
ဘ၀အိပ်မက်ထဲက
ကွဲအက်ထိရှမာနတွေကို
ငါ…..ဘယ်လိုသိမ်းဆည်းထားရမလဲ။

အခု….လက်တွေ့မှာ
အလင်္ကာမဲ့တဲ့ဘဝ
ကြွေကျတဲ့ရွက်သေတွေနာဖျား
နှလုံးသားထဲကအတ္တပုံရိပ်ကိုတောင်
ဟန်ဆောင်ဖုံးကွယ်ခွင့်မလိုချင်တော့။

သည်မှာ..
မြက်ခင်းပြင်ဆိုတာ
တိမ်လွှာတွေရဲ့ ဖ၀ါးတဲ့လား
ခံစားချက်များစွာနဲ့
ခါးကျိုးလုမြေဇာမြက်ပင်က
တက်…တစ်ချက်ပြင်းပြင်းခေါက်
(ဒါပေမယ့်)
မင်းမကြောက်ပါနဲ့လေ
ငါဟာအောက်ဆုံးမှာရှုံးနိမ့်နေတဲ့သူပဲ။ ။
မှိုင်းညို့ ဖြူ




ခေါင်မိုးများ
ကျောက်ပေါက်မ နဲ့ပင်လယ်ဟာ
နက်ရှိုင်းစွာပြုံးတယ်
သူတို့ကြွေကြ
သူတို့ကြွေခဲ့ကြ။
သူတို့ရဲ့ ကတ္တရာကျောပြင်ပေါ်
သူတို့ရဲ့ လမ်းဓါတ်မီးတိုင်တွေပေါ်
သူတို့ရဲ့  မြက်ခင်းစိမ်းတွေပေါ်…
ဘောင်မတပ်ရသေးတဲ့
ပန်းချီကားချပ်တွေလို
ဘ၀တွေဖွာလံကျဲ
သပ်ရပ်မှုမဲ့နေဆဲ…
အမွေခွဲခဲ့ကြ
အမေ့ရဲ့ သောကတွေကို
ဒီမှာတော့
နှင်းတွေကိုခေါင်းပေါင်းပေါင်းထားတဲ့
ကမ္ဘာမြေလူအိုကြီးဟာ
သူ့ရဲ့ ခေါင်မိုးတွေကို
ရှာဖွေလို့ကောင်းတုန်းပ..။ ။
မိန်






မှန်တစ်ချပ်ရဲ့ သွေးခုန်နှုန်း

ကဲ…
အသစ်စက်စက်နံနက်ခင်းနဲ့အတူ
မျှော်လင့်ခြင်းတံခါးတွေဖွင့်လိုက်ပြီ
နာကျည်းပုံဆောင်ခွက်ထဲက
မကျေနပ်ခြင်းအရည်တွေကြား
နစ်မွန်းနှလုံးသားကို
ဓါတ်စာအသစ်ကျွေးပြီး ကုစားလိုက်စမ်းပါ..
သင့်စိတ်ဓါတ်ကျန်းမာဖို့နဲ့
အချစ်နဲ့အလှအပတရားကို
မြတ်နိုးမှုအတွက်သာထားပြီး
မကိုးကွယ်ပဲနေလိုက်ပါ
(သင့်မှာ)အရေပြားရဲ့ လှည့်ကွက်အဖြစ်
ပြုံးနိုင်ခွင့်ရှိရဲ့ 
(ဒါပေမယ့်) သင့်ကိုယ်သင်ပြုံးမိရင်
သင်အရှုံးပဲ
(စိတ်ဆာမှု)မျိုသိပ်ထားရတဲ့အသံတွေ
ရင်ထဲမှာပဲ ပဲ့တင်ထပ်
ဒီတစ်ခါ (သင့်ရဲ့ ) ပါးစပ်ဟာ
သဲကြိုးပြတ်ဖိနပ်တစ်ရံသာဖြစ်တယ်
(ဖြစ်ရမှာက)
မြင်းဘ၀ဆို ခွာသားကျအောင်ပြေး
ကြက်တူရွေးဆိုစကားတတ်အောင်သင်
ခြင်္သေ့ဆိုသားတကာတို့ရဲ့ ဘုရင်
အစဉ်ထာဝရ အထင်ကရမဖြစ်တောင်
ဒေါင်ဒေါင်ပြားပြားအသားကျနေရမယ်
(ပြီးတော့)
ကွယ်ထားလိုက်စမ်းပါ
နာတာရှည်ညတွေကို
အလင်းရောင်မှန်တစ်ချပ်
ဖက်ထားရင်းနဲ့ လေ..။ ။
ဇုံနီ



ဘုတ်သိုက်ည
ဝတ်ရုံသုံးထည်နဲ့ဆတ္တာသည်ဟာ
ညရဲ့ ပါးပြိုင်းမွေးရှည်တွေကိုရိပ်ချ
ကြွက်သားတွေကိုရုန်းထစေခဲ့တယ်..။
ဟန်ဆောင်သန်းဝေမှုရဲ့ 
မေးရိုးချွန်တစ်စုံကြား
လေစိမ်းတွေသာတိုက်တတ်တဲ့
အာခေါင်ဝင်ရိုးစွန်းတွေ
အလင်္ကာချောချောအတွက်
လေ့ကျင့်ထားတဲ့လျှာတွေ
အရေပြားယောင်ဆောင်ထားတဲ့
(မာယာ)အမီးဘားကောင်တွေ
ဝိ၀ါဒကွဲ
ပျစ်ချွဲအရည်တွေ
ကျက်စားနေထိုင်ကြတယ်။
သင်းတို့
လေထုရဲ့ သူငယ်အိမ်ကို
စကားလုံးတွေနဲ့ဆုပ်ပက်ကြရဲ့ 
တဏှာရေနွေးအိုးထဲ
အချစ်နုကိုခပ်သောက်ကြရဲ့ 
အာရုံငါးပါးကို ၀ါးစားနိုင်သူအဖြစ်
ဆုတံဆိပ်တွေဆွဲချိတ်ကြရဲ့ 
ကြားခံနယ်မရှိတော့တဲ့အစာအိမ်အတွက်
ကိုယ်ကြပ်အကျီ င်္တစ်ထည်ကိုဆုတ်ဖြဲပစ်ကြရဲ့ 
ဒီလိုနဲ့
ပျိုမြစ်မှုဟာသူငယ်ပြန်ခြင်းနဲ့
ရောထွေးသွားတဲ့အခါ
ညဟာ..
ပါးမြိုင်းမွေးရှည်တွေပြန်ပေါက်လာတော့တယ်..။
ဇုံနီ




အကျီ င်္ရင်ဘတ်ကြယ်သီးပြုတ်နေတဲ့….ကောင်

ရင်ဘတ်ကို
သံဘရပ်(ရှ)ကြမ်းကြမ်းနဲ့
ဗြန်းကနဲ တိုက်ဆွဲလိုက်သလိုပ။
ဥတ္တရဆောင်းရဲ့ လက်သည်းချွန်တွေကုတ်ခြစ်
အသားစတွေအတစ်အတစ်နဲ့ ….
ဦးခေါင်းခွံထဲ
ဒိန်ချဉ်ပျော့ပြဲပြဲတွေထည့်ထားတဲ့ကောင်
သူ့ရင်ဘတ်ကိုကာဖို့ဆိုပြီး
ချစ်သူကိုပွေ့ဖက်ခဲ့
(နွေးသတဲ့)
ရယ်လိုက်ကြဟေ့…ရယ်ကြဟေ့
အဲဒီကောင်ငတုံး
ခုတော့..သူ့ရင်ဘတ်တစ်ခုလုံးမှာ
မီးလောင်ရာ ဗလပွနဲ့……
မင်းခိုက်စိုးစန်


ဟာကျုလိပုံတူ
ငါ့ အိမ်မိုး တံစက်မြိတ်စွန်းမှာ
မသိတသိတွဲလောင်းချိတ်နေတဲ့ဆောင်း
ပုဆိန်ထက်ထက်နဲ့ တစ်ချက်တည်းခုတ်ချ
ခြွမ်းကနဲ
ကောင်းကင်ကို နှစ်ခြမ်းခွဲပစ်လိုက်သလို
မိုးစိုငှက်တွေနဲ့လမ်းခွဲဖြစ်ခဲ့တဲ့ဆောင်း
နူးညံ့ ၊ပန်းပွင့်၊၀တ်ဆံဖျားတွေပေါ်
ခြေသံမကြားအောင်တွားသွားတက်ခဲ့တဲ့ဆောင်း
မေ့လျော့ ၊ပြတင်းဟဟဘောင်တွေပေါ်
စက်တင်ဘာယောင်ဆောင်ပြီးကြေကွဲပြခဲ့တဲ့ဆောင်း
ဘီယာခွက်ဖန်သားပေါ်
လျှာမျက်နှာပြင်အဖုထသလို
ရေခဲငွေ့စတွေစီဥ
လက်မှတ်တုထိုးသွားတဲ့ ဆောင်း
ဥတ္တရနတ်သမီးမွေးနေ့ပ
ရေခဲသေတ္တာထဲကငါးလို မာစိုစိုကိုယ်ထည်
ထုံကျင်နစ်ခဲသွားမတတ် အကျပ်စာနမ်းစို့မှုများ။
အပြားလိုက်အလျားလိုက်
ကပ်လွှတ်လိုက်ရက်တဲ့
အပြာနုသက်သက်ဆောင်း
မြက်ရိုင်းစိမ်းရှည်တွေကို လှုပ်နှိုး
ဘိလိယက်ထိုးတဲ့ဆောင်း
နှင်းတွေ….နှင်းတွေ…
(မက်စဖက်တာ)တင်းကြမ်းရိုက်သလိုပ
ကမ္ဘာမြေနဲ့နှစ်ပေအကွာမှာပွထခဲ့
ဘရစ်ဘားဒေါ့ရဲ့ ပါးပြင်ပေါ်ကဆောင်း
လည်ဆံဖွားမြင်းဖြူကြီးစီးလို့
ကြယ်တွေကြားဒုန်းစိုင်းသွားခဲ့
တမာန်တော်ရဲ့ 
အထူးညစာစားပွဲဖိတ်စာနဲ့ဆောင်း
အမေ ၊၁၉၇၇
မရမ်းရောင်တိမ်တွေထ၊ပန်းနုရောင်ကောင်းကင်ထဲ
အဲဒီဆောင်းကို၊အတုံးလိုက်အခဲလိုက်
ကြပ်ညပ်နေအောင်
စိတ်ရှိလက်ရှိရိုက်သွင်းခဲ့…….
မင်းခိုက်စိုးစန်


ဤတွင် ရာစုသစ်မြစ်ကျဉ်း (၁) ပြီး၏ ။


5 Comments:

Anonymous said...

တီချယ်မေငြိမ်းပေးတဲ့ မေးလ်ပါပဲ။ မသိပါဘူး စီဘောက် က တောင်းကြတာကိုး :)
ရာစုသစ်ကို ပြန်ရိုက်မယ် ဆိုရင်တော့ ပို့စ်အနေနဲ့လဲ တင်ပေါ့၊ စကင်ဆွဲပြီး စာအုပ်အတိုင်းပြန်လုပ်လိုက်ရင်လဲ ရတာပဲ။ အရင် စာအုပ်လေးအတိုင်းမြင်ရတာပေါ့။

ပြန်ရိုက်ဖြစ်လို့ ပီဒီအက်ဖ် စာအုပ်အသစ်လုပ်ချင်ရင် လုပ်ပေးမယ်လေ။ ဒီမှာ နမူနာကြည့်လိုက်ပါ၊

http://sharebee.com/c0c7a6bc

MANORHARY said...

အင်း..မသိစေချင်ပါဘူးဆိုမှစီဘောက်စ် ကနေကြော်ငြာပေးသလိုဖြစ်နေတယ်..ဆောရီးပါ..ကျွန်မ
ကခုတလောစိတ်နဲ့ကိုယ် မကပ်ဘူးဖြစ်နေလို့ ဘာမှသိပ်မ
တွေးမိလို့ပါ..တောင်းပန်ပါတယ်
ဟုတ်တယ်နော် ..စကင်ဆွဲပြီးတင်ဖို့လည်းစဉ်းစားမိပါ
တယ်...ဒါပေမယ့်စာအုပ်တွေကတော်တော်လေးကိုဟောင်း
နေပြီမို့ လို့ပါ...
ပီဒီအက်ဖ် နမူနာကြည့်တာ အဆင်မပြေဘူး ..ကလစ်နှိပ်လို့မရလို့လေ..

:P said...

ကဗျာဖတ်ရတာ ၀တ်ထုဖတ်ရတာထက် အချိန်ပိုကြာတယ်...ကောမန့်လည်း ပေးမတတ်ဘူး..
ကဗျာ နေ့တိုင်းလာဖတ်ပါတယ်...(၀တ်ထုစာလုံးပေါင်းကို ခုထိမှန်အောင်ရေးမရဘူး..)

Anonymous said...

ကျွန်တော်ပေးတဲ့ လင့်ခ်ကို ကူးပြီး၊ အင်တာနက် Address Bar မှာ ထည့်လိုက်လေ၊ ဒေါင်းလုပ် လင့်ခ်ပါ။ မောင်သိန်းဇော် ကဗျာတွေကို ပီဒီအက်ဖ် ပြန်လုပ်ထားတာ။ နမူနာကြည့်ရအောင်။

ကျွန်တော်မှာရှိတဲ့ ၂ နဲ့ ၃ ကို စကင်ဖတ်ကြည့်လိုက်ဦးမယ်။ ပြန်စဉ်းစားကြည့်တော့ နဂို စာအုပ်လေးအတိုင်းက ပိုကောင်းမလားလို့။ အရင်က ကျောင်းထဲမှာ ထုတ်တဲ့ စာအုပ်လေးတွေ ကဘယ်လိုဆိုတာ၊ အမှတ်တရ ဖြစ်တာပေါ့။ မေးလ်ပို့လိုက်ဦးလေ။ မနော်မေးလ် သိရအောင်။

တင်မင်းထက်

Kaung Kin Ko said...

ရာစုသစ်မြစ်ကျဉ်း ထဲက ကဗျာတွေကို တစ်စုတစ်စည်းထဲဖတ်ရလို့ ကျေးဇူးပါဗျာ။