ဂျွန်လ၏မိုးရေများ

Thursday, October 23, 2008

ဂျွန်လ၏မိုးရေများဆိုတာ ဆရာသုခမိန်လှိုင် ရဲ့ မှတ်တိုင်တစ်ခုလို့ဆိုရင်မမှားပါဘူး..။ ကျွန်မတို့မမွေးခင်ကထုတ်ထားတဲ့စာအုပ်မို့မီလိုက်
စရာအကြောင်းမရှိပေမယ့် ကဗျာတွေစာတွေစရေးနေကတည်းက ဒီစာအုပ်ကို ဖတ်ချင်နေမိတာ..။နောက်တော့ ဟိုတစ်စ ဒီတစ်စဖတ်
ရပေမယ့် အကုန်မဟုတ်လို့အားမရခဲ့ပါဘူး..သူများတွေပြန်ညွှန်းတာ ကိုးကားတာတွေကိုဖတ်ရတာဆိုတော့လေ...။နောက်ဆုံးကျအဲဒီ
စာအုပ်လေးကိုကျွန်မရလိုက်ပါတယ်..သစ်ရွက်သေများပေါ်ကရက်စက်သောဂီတ လိုတောင်လက်ရေးမူကိုရတာမဟုတ်ပါဘူး..တကယ့်
မူရင်းစာအုပ်ကလေးကိုရတာပါ..အဲဒီစာအုပ်လေးကို မတွန့်မတိုလက်ဆောင်ပေးခဲ့တဲ့ ကိုဇော်မိုးလွင် (ကဗျာရောစာရော အရေးကောင်း
သူပါ..ခုတော့ သာသနာ့ဘောင်မှာမွေ့ပျော်ရင်းစာတွေရေးနေလေရဲ့ .) ကိုကျွန်မတကယ်ကျေးဇူးတင်ပါတယ်...
သိဒ္ဓတ္ထလှိုင် ဆိုတဲ့အမည်နဲ့ရေးခဲ့တာဖြစ်ပါတယ်...။
စာအုပ်လေးကတော်တော်လေးဟောင်းနေပါပြီ..အဖုံးမရှိတော့ဘူး ..ဆရာစံတိုးလက်ရာအဖုံးမရှိတော့ပေမယ့် အတွင်းက ဆရာပေါ်ဦး
သက်ရဲ့ ရေခံတော့ရှိသေးတယ်...ပြီးတော့ အတွင်းပုံတွေရောပေါ့...
ပုံတွေကိုနောက်မှ စကင်ဖတ်ပြီးတင်ပေးပါ့မယ်...
လောလောဆယ်တော့ အမြည်းပေးချင်သေးတာမို့ ရိုက်ထားပြီးသမျှတင်ပေးလိုက်ပါတယ်..။
သူ့မူလစာအုပ်ထဲက စာသားတွေတစ်လုံးမကျန်တင်ပေးလိုက်ပါတယ်..ပုံနှိပ်မှတ်တမ်းကအစပေါ့... ။


ဂျွန်လ၏မိုးရေများ

အနုပညာကိုလိုနီလေးတခု
ထူထောင်ချင်ကြတဲ့
လူငယ်တစ်စုရဲ့ 
ကြိုးပမ်းမှု….။

ပုံနှိပ်ခြင်း
ပထမ

စောင်ရေ
၃၀၀၀

အဖုံး
စံတိုး

အတွင်း
ပေါ်ဦးသက်

ဘလောက်များ
အမျိုးသား

အဖုံးရိုက်
ရွှေစင်

စာအုပ်ချုပ်
တင်မေလွင်

မောင်စိုးမြင့် (ပုသိမ်မောင်စိမ်းသူ)၊ခရမ်းရောင်စာစဉ် (၀၁၁၀၀)၊၂၂၊စကားဝါလမ်း၊
နှင်းဆီကုန်း၊သင်္ဃန်းကျွန်း၊ရန်ကုန်ကထုတ်ဝေ၍၊မောင်ကိုဦး(၀၇၃၆)၊၁၂၃၊မြန်မာ့ဂုဏ်ရည်လမ်း
ကန်တော်ကလေး၊ရန်ကုန် က “ကုမာရစက်”ဖြင့်ပုံနှိပ်ဖြန့်ချိသည်..။

ဂျွန်လ၏မိုးရေများ
သိဒ္ဓတ္ထလှိုင်


အသံသစ်များသည်လူငယ်များအားဘာသာစကားတမျိုးဖြင့်ပြော၏။ယင်းဘာသာစကားသည်လူကြီးများကိုဦးနှောက်ခြောက်စေသည်..။
( Life -- ၆၉ ၊ဒီဇင်ဘာ)


အိုင်ယာလန်ပြည်အား
ဆိုရှယ်လစ်အလုပ်သမားသမ္မတနိုင်ငံထူထောင်ရန်
ကြံစည်နေသော
အသက် ၂၃ နှစ်ရှိ
ဒူးပေါ်ဂါဝန်ဝတ်
အိုင်ယာလန်လုံမပျို
အမတ် “မစ္စ ဘားနားဒဲ့ ဒက်ဗလင်”သို့


ရာဇ၀င်
မနက်ခင်းစောစောလေးမှာ“ဂျွန်လ၏မိုးရေများ”စာအုပ်ကိုထုတ်မလို့ဆိုပြီးလာခေါ်သူနဲ့အတူ ပြည် - ရန်ကုန် အမြန်ရထားလေးပေါ်မှာ ထိုင်လိုက်ခဲ့တော့နှင်းဆီနေက ဂျွန်လရဲ့ မိုးသားမိုး
ရိပ်တွေကြားမှာပျောက်လို့ပေါ့..။ရထားပြတင်းပေါက်ကကြည့်လိုက်တော့ သစ်ပင်၊လယ်ကွင်း
မြက်ခင်းပြင်။ အဲဒီစိမ်းအေးမှုလေးတွေကြောင့်ကြည်နူးရတော့မှာလား..။

(၁)
ကမ္ဘာထဲမှာတော့ ဘုရားစင်လေးတွေ၊ပျော်ပွဲစားရုံလေးတွေ၊စာအုပ်ဆိုင်လေးတွေ၊ပန်းချီပြခန်း
လေးတွေ၊ တေးဂီတဖျော်ဖြေပွဲလေးတွေနဲ့ ပြည့်လို့ပေါ့လေ။ဒါပေမယ့် အဲဒီအေးချမ်းမှုလေးတွေ
ကြားမှာပဲလူတွေမပြေလည်နိုင်ကြဘူးနော်။လူတွေရဲ့ ငိုကြွေးသံတွေ၊မကျေနပ်သံတွေ၊အံကြိတ်
သံတွေ၊၀မ်းနည်းပူဆွေးသံတွေကမ္ဘာထဲမှာပြည့်လို့မဟုတ်လား..။ဘုရားကိုးကွယ်ကြတဲ့သူတွေ
မပြေလည်ကြဘူးတဲ့။
ငြိမ်းချမ်းရေးမရနိုင်ကြတဲ့လူတွေအတွက်ပါပဲ.၊ဗုဒ္ဓဘုရား၊ကားလ်မတ်အတွေးအခေါ်၊
လီနင်ဝါဒ စလို့ပေါ့လေ။ဘုရားဖြစ်သွားကြသူတွေ၊နိုင်ငံခေါင်းဆောင်အကြီးအကဲဖြစ်သွားကြ
သူကြီးတွေဟာလဲ သူတို့ရဲ့ အရိုးသားဆုံးခံစားရာက ရခဲ့တဲ့ဒဿနတွေနဲ့လူတွေကိုဟောပြော
ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်.။
ကျွန်တော်တော့ ဒီကမ္ဘာထဲမှာနားလည်ခဲ့ပါပြီလေ..။လူတွေဟာကမ္ဘာထဲမှာအစဉ်
အလာတွေကို လုပ်ကိုင်လည်ပတ်လှုပ်ရှားရင်းနဲ့ပဲ မွေးဖွား၊ကြီးပြင်း၊သေဆုံးဆိုတာတွေ
ကိုကျော်ဖြတ်ခဲ့ကြရပါတယ်။အမှန်ဆိုတာမျိုးကိုလူတွေဟာ လုပ်ခွင့်မရကြရှာပါဘူး။အ
မှန်တရားကိုတွေ့သွားသူဆိုတာလည်းမရှိသလောက်ရှားပါတယ်.။
အမှန်ဆိုတဲ့အဲဒီ အမှန်တရားဟာဘာများပါလဲ..။


5 Comments:

Moe Cho Thinn said...

ဦးလှိုင်ရဲ့ ဂျွန်လရဲ့ မိုးရေများကို ပြန်ဖော်ပြမယ်ဆိုလို့ ၀မ်းသာလိုက်တာ။
တို့ သင့်ဘ၀မှာတုန်းက အဲဒီထဲက ကဗျာတွေကိုပဲ ဖန်တီးသူ အကြိုက် အခန်းအတွက် ပေးခဲ့တာပါ။
ဦးလှိုင်တို့ ဦးအောင်ချိမ့်တို့ကို သတိရလိုက်တာ။
ကျေးဇူးတင်တယ်နော်။

ကိုအောင် said...

ကျနော်လည်း ဖတ်ခွင့်ရတော့မှာ သိရလို့ ကျေးဇူးပါ
မနော်။

Anonymous said...

i love this

အမှန်ဆိုတာမျိုးကိုလူတွေဟာ လုပ်ခွင့်မရကြရှာပါဘူး။
အမှန်တရားကိုတွေ့သွားသူဆိုတာလည်းမရှိ
သလောက်ရှားပါတယ်.။

Anonymous said...

Archiveလုပ်ဖို့ စောင့်နေပါတယ် ခညာ။

Anonymous said...

ဂျွန်မိုးရေ PDF ကို ဒီမှာ ဆွဲလို့ ရပါပြီ။ တကယ်လို့ အဲ့ရေခံဒီဇိုင်း scan လေးသာ ရမယ်ဆိုရင် မိုက်မယ်ဗျာ။