ငါမသိသောပိုးဖလံများ…...........

Friday, October 17, 2008




ငါမသိသောပိုးဖလံများ…ပိုးဖလံများကမသိခဲ့သောငါ

၁၉၉၆
ဒါ..ငါတောက်လျှောက်မှားခဲ့တဲ့သက္ကရာဇ်ပေါ့
နတ်ဆိုးတွေဆော့ကစားတဲ့ပွဲမှာ
ငါက..ဘုမသိဘမသိ..အ၀ါကဒ်ပြခံခဲ့ရတယ်..။

အဲဒီကတည်းက
ငါ့ကံဇာတာကိုတွက်ကြည့်ခဲ့ဖို့ကောင်းတာ
ခုနေခါမှာတော့
ကြော့ကွင်းအထပ်ထပ်နဲ့ဝင်္ကဘာ
ငါကိုယ်တိုင်ဟာ..ပဟေဠိပုစ္ဆာဖြစ်ခဲ့
ဘယ်သူဟာငါ့ကိုဖြည်ထုတ်နိုင်မှာတဲ့လဲ..။

တကယ်တော့
ကံကြမ္မာဆိုတာ “အကျင့်ပျက်ရာသီဥတု”တစ်ခုမှန်း
ကြောင်တောင်ကန်းခဲ့တဲ့ငါက …ခုမှသိရတယ်
နေကွယ်လို့ကွယ်မှန်းမသိ
လရောင်မဲ့လို့မဲ့မှန်းမသိ
ပိရိသေသပ်လိုက်တဲ့ပဉ္စလက်လှည့်ကွက်တွေ
ဘုရားရေ..ငါတကယ်ညံ့ခဲ့တာပါလား..။

အဲဒီတော့မှ
ငါ့ကိုယ်ငါအလန့်တကြားပြန်လွမ်းဆွတ်
မိုးတိမ်ညို့ ညို့ တွေငါ့ဆီညွတ်ကွေးလာတဲ့အထိ..။

ဘယ်သူဟာ…ငါ့ကိုလှည့်စားညံ့သက်စေခဲ့တာလဲ
အောင်ပွဲရတံပိုးမှုတ်သံတွေငါကြားနေရ
အဲဒါ..မာရ်နတ်ရဲ့ ဘယ်ဘက်ရင်အုံဆီကလား
သိင်္ဂါရအမှားများ၏ကြောက်မက်ဖွယ်ရာသောဝိဘစ္ဆ
အတုံးအရုံးအတောင်သေနေသောပိုးဖလံများ
တရားရဖို့ဆိုတာလည်းလွယ်တာမှမဟုတ်တာ..။

မျက်နှာဖုံးစွပ်များကွာကျခဲ့သောညနေ
အသက်ရှုရန်မေ့လျော့နေသောနာရီများ
ဘုရားသခင်…
အေးစက်တောင့်တင်းနေသောခံနိုင်ရည်များပေးပါ
ရှေ့ မှာ..၂၀၀၄
သွေး တအေးအေးနဲ့ မီးဟုန်းဟုန်းတောက်လို့…။ ။
မနော်ဟရီ


6 Comments:

Moe Cho Thinn said...

၂၀၀၃ လောက်က စပ်ထားတဲ့ ကဗျာ ထင်တယ်။
မနော်ရေ.. လူတိုင်းမှာ ဘ၀ရဲ့ တကွေ့ကွေ့မှာ နောင်တတွေနဲ့ ပြည့်နှက်နေတဲ့ hard time တွေ တကယ်ပဲ ရှိကြပါတယ်။
ကိုယ်တယောက်တည်း မဟုတ်ဘူးလို့ အားတင်းပါနော်။

Anonymous said...

အမှားကို မြင်နိုင်စွမ်းတဲ့ အရွယ်မှာ ကျွံခဲ့တဲ့ အမှား သုံးသပ်နိုင်တာ လူတော်ပဲ၊ စာရေးဆရာမို့ စကားလုံး ဝေါဟာရ ဖွဲ့နွဲ့ တင်ပြမှုကတော့ ပြီးပြည့်စုံလို့နေတယ်။

MANORHARY said...

ချိုသင်းရေ..အမြဲတမ်းနားလည်ပေးနေတဲ့တွက်တကယ့်ကို
ကျေးဇူးတင်ဝမ်းသာပါတယ်...
ဟုတ်တယ်..၂၀၀၃ အဆုံးမှာရေးထားခဲ့တာ...

ဒူကဘာရေ..မှားတာတော့မှားပြီးသွားပြီပဲမဟုတ်လား ..း) မိတ်ဆွေတွေလိုနားလည်သုံးသပ်ပေးနေတဲ့တွက်
ဝမ်းသာပါတယ်..

Anonymous said...

တကယ်တော့
ကံကြမ္မာဆိုတာ “အကျင့်ပျက်ရာသီဥတု”တစ်ခုမှန်း
ကြောင်တောင်ကန်းခဲ့တဲ့ငါက …ခုမှသိရတယ်
နေကွယ်လို့ကွယ်မှန်းမသိ
လရောင်မဲ့လို့မဲ့မှန်းမသိ
ပိရိသေသပ်လိုက်တဲ့ပဉ္စလက်လှည့်ကွက်တွေ
ဘုရားရေ..ငါတကယ်ညံ့ခဲ့တာပါလား..။

သေချာတာတော့အဲဒီအဖြစ်မျိုးဘယ်တော့မှ မေ၇ာက်တော့ အောင်နေတတ်သွားမှာနော်....
သင်ခန်းစာဆိုတာပြီးမှရတာနဲ့တူပါရဲ့....

သစ်နက်ဆူး said...

မနော်....
အရင်ကစာလာဖတ်ပေမယ့် ကွန်မန့် မရေးခဲ့ ပါဘူး...
ပိုးဖလံကဗျာကိုဖတ်ပြီးတော့ ...
တစ်ကယ်ကျစ်လစ်တဲ့  သေသပ်တဲ့ 
ကဗျာလေးမို့ ချီးကျူးပါရစေ..။
တော်တယ်ဗျာ...။
လောကမှာ ယဉ်ကျေးသော လှည့်ကွက်တွေက အထိနာစေတယ်ဗျာ...။
နောက်တစ်ကြိမ်ဆို သတိပေါ့..။

MANORHARY said...

နောက်တစ်ကြိမ်ဆိုတာမရှိနိုင်အောင်သတိထားရမှာပေါ့...
တစ်ခါတစ်ခါတော့လည်း သင်ခန်းစာတွေကလေးလံခက်
ခဲပင်ပန်းပေမယ့်...အကျိုးတော့ရှိသား...
နောက်တစ်ကြိမ်အတွက်ကြိုပြီးကာကွယ်တတ်လာတယ်..