တစ်ယောက်တည်းသွားတဲ့ခရီး

Thursday, October 16, 2008



တစ်ယောက်တည်းသွားတဲ့ခရီး

ခံနိုင်ရည်ဘယ်လောက်ကျန်သေးလဲ
စိတ်စစ်ပွဲများစွာကိုအရူးအမူးတိုက်ရင်း
ကိုယ့်ကိုကိုယ်သွေးအေးအေးနဲ့ပြန်မေးတတ်လာပြီ။

အနာဂါတ်ကိုကျက်ပြီလားလို့လှမ်းလှမ်းကြည့်ရင်း
အစိမ်းလိုက်မျိုချခဲ့ရတဲ့ပစ္စုပ္ပန်တွေနဲ့လည်းတရင်းတနှီး
အတိတ်မျှော်အခိုးအငွေ့တွေကလည်းတလူလူနဲ့
ဘယ်သူကမှလည်းငါ့ကိုစစ်ကူမပို့ကြဘူး။

သံသရာဆိုတာလည်နေတဲ့အရာတဲ့လား
သံသယဖြစ်ချင်စရာကောင်းကောင်းလာတယ်
ကံကြမ္မာဆိုးတွေကလည်း
ကိုယ့်စင်္ကြံပေါ်ကျကာမှ
လမ်းသလားနေလိုက်တာခေါက်တုံ့ခေါက်ပြန်..။

တော်လဲသံ
မီးတောင်ပြိုကွဲသံ
လှိုင်းတံပိုးသံ
မစ္ဆရိယသံတွေ
ကြာတော့….ထုံပေပေဖြစ်လာတယ်
ဘာတဲ့…ကမ္ဘာပျက်တေးသွားဆိုလား
ဟာသအပြင်းစားနဲ့တောင်ခပ်ဆင်ဆင်တူနေတယ်..။

အဲဒီဆေးတွေက
ခါးသတဲ့လား…ဇာတ်ဆရာ
ပုတ်ချခဲ့တဲ့လက်လောက်တော့
မခါးသက်ခဲ့မှာသေချာပါတယ်..။ ။
မနော်ဟရီ


10 Comments:

Kaung Kin Ko said...

ကဗျာလေး ကြိုက်တယ်ဗျာ။ အထူးသဖြင့် ဒုတိယ အပိုဒ်နဲ့ တတိယ အပိုဒ်ကို ကြိုက်တယ်။

ဆောင်းယွန်းလ said...

သံသရာဆိုတာလည်နေတဲ့အရာတဲ့လား
သံသယဖြစ်ချင်စရာကောင်းကောင်းလာတယ်
ကံကြမ္မာဆိုးတွေကလည်း
ကိုယ့်စင်္ကြံပေါ်ကျကာမှ
လမ်းသလားနေလိုက်တာခေါက်တုံ့ခေါက်ပြန်..။
တော်တော်အဓိပ္ပာယ်ရှိတဲ့စာသားဘဲ..ဖတိပြီးတွေးစရာ
တွေအများကြီးဖြစ်သွားတယ်...အစစအရာရာအဆင်
ပြေပါစေဗျာ...

Anonymous said...

Ma Naw,
I like this poem with my heart. I can guess how much it is tired and lonely to go alone. But when lonely people meet, we can be a group. Lets walk alone in parallel with our lonely friends.
Good luck and keep going.

Moe Cho Thinn said...

တို့ကတော့ သူငယ်ချင်းဆိုတဲ့ ချစ်ခင်မှု သံယောဇဉ်ကို စစ်ကူပို့လိုက်တယ်။
တို့သိတဲ့ မနော်ကတော့ ခံနိုင်ရည်အပြည့်ပါပဲ။
ဒီကဗျာကို သိပ်ကြိုက်တယ်။

MANORHARY said...

ကဗျာလေးကိုရင်နဲ့အမျှလိုက်ခံစားပေးတဲ့..သူအားလုံးကိုကျေးဇူးတင်ပါတယ်..
စစ်ကူပို့ပေးတဲ့ ချိုသင်း..ဆုတောင်းပေးတဲ့ ဆောင်းယွန်လ...ကောင်းကင်ကို..နောက်..အမည်မသိလို့ဆိုပေမယ့်
ကိုယ်ကဘယ်သူဆိုတာသိနေသလိုဖြစ်နေတဲ့ anonymous ..အားလုံးကိုကျေးဇူးတင်ပါတယ်..
that's why I love sharing ...

Nay Nay Naing said...

ဒီကဗျာကိုကြိုက်တယ်...

ATN said...

ထပ်တူတပ်မျှ ခံစားမိပါကြောင်း

စစ်ကူ ဟုလည်း ယူဆနိုင်ပါကြောင်း သတင်းပို့။

Anonymous said...

ဘာရေးခဲ့ရရင်ကောင်းမလဲဟင်
အဲလိုတွေရေးရေးနေတော့
အဲလိုတွေရေးရေးနေတော့ ( မဲ့ချင်လာပြီ )
ငိုလို့မှမရတာ ။
ကိုယ်လဲတစ်ယောက်တည်းဘဲလေ
ဘယ်လိုလဲ ၊ ကိုယ့်လက်ကိုတွဲထားမလား
အဆင်သင့်ဘဲ ။ ဟဲဟဲ
( ယုံကြည်တယ်ဆိုရင်ပေါ့ )

sait phay yar said...

မနော် ရေ..ကောင်းလိုက်တဲ့ကဗျာလေး.. တိုက်ဆိုင်မူလည်းရှိ.. အင်းစာသားတွေကထိတယ်..

Anonymous said...

:)